မြန်မာစာ ပုံနှိပ်စာလုံးအစ ကက်သလစ် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကိုတို က သိုးထိန်းတဦးသည် သူ၏ သိုးစုများရှိရာ ကြည့်ရှု့ စောင့်ရှောက်ရန် လာသကဲ့သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သည်လည်း လာမည့် နိုဝင်ဘာ ၂၇ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ကက်သလစ် ဘာသာဝင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏ ၄ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်း ဘာသာဝင်၊ ဘာသာတူများသာမက အစိုးရခေါင်းဆောင်များ၊ တခြားသော ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူများနှင့်ပါ ချစ်ကြည် ရင်းနှီးစွာ တွေ့ဆုံမည်ဟု သိရသည်။ မြန်မာအစိုးရကလည်း လူသားများအကြား ငြိမ်းချမ်းခြင်း၊ ချစ်ကြည်ရင်းနှီးစွာဖြင့် သဟဇာတ ဖြစ် ခြင်း စသည့်တို့ တိုးပွားစေရန် လှိုက်လှဲစွာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။ ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မှာ ကက်သလစ်သာသနာ မြန်မာမြေသို့ ချဉ်းနင်းဝင်ရောက် အခြေချခဲ့ သည့် နှစ်ပေါင်း ၅၀၀ ကျော်အတွင်း ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်သည်။ ဗရင်ဂျီ(ဖာရင်ဂီ)ဟု ခေါ်ဆိုကြသည့် ကက်သလစ်ဘာသာဝင်များသည် ၁၆ရာစု အစပိုင်းကတည်းက မြောက်ဦး၊ ပဲခူး၊ တောင်ငူစသည့် တိုင်းရင်းသားမင်းများ အုပ်စိုးရာ မြို့ပြနိုင်ငံများသို့ ရောက်ရှိနေခဲ့ ကြပြီး တချို့သော သမိုင်းမှတ်တမ်းများအရ ၁၅၀၅ ခုနှစ်တွင် ပဲခူးဘုရင်ထံတွင် ကက်သလစ် ဘာသာ ဝင် ပေါ်တူဂီစစ်မှုထမ်း ၁ထောင်ခန့် ရှိကြောင်းပင် ဖော်ပြထားသည်။ နောက်ပိုင်း သံလျင်ကို သိမ်းယူ အုပ်စိုးခဲ့သည့် ဒီဗရစ်တို ခေါ် ငဇင်ကာ လက်ထက်တွင်မူ ပိုမိုရောက်ရှိ လာကာ ထိုစဉ်က တောင်ငူဘုရင် နတ်သျှင်နောင်မှာ မြန်မာများထဲမှ ရှေးဦး ကက်သလစ်ခရစ်ယာန် ဘာသာဝင်တဦးဟုပင် ဆိုနိုင်ပေသည်။ ယင်းအချိန် မြန်မာမြေပေါ်ရှိ ကက်သလစ် ခရစ်ယာန် ဘာသာဝင်တို့ကို ဦးဆောင်လမ်းပြသူများမှာ အိန္ဒိယပြည် မာလီရပို မြို့ ဂိုဏ်းချုပ်ဆရာတော် လက်အောက်ရှိ ဂျေဇွိတ်ဂိုဏ်းဝင် ပေါ်တူဂီ ဘုန်းတော် ကြီးများပင်ဖြစ်ကြပြီး၊ အနောက်ဖက်လွန်မင်း သံလျင်ကို သိမ်းပိုက်ကာ သုံ့ပန်းပေါ်တူဂီ များကို အင်းဝသို့ ခေါ်ဆောင်လာစဉ်ကလည်း ဘာသာဝင်များကို စောင့် ရှောက်ခဲ့သူများမှာ ပေါ်တူဂီ ဘုန်းတော်ကြီး မာနြူရယ် ဒီဖုန်း ဆေးကာ (Fr.Manuel De Fonseca)နှင့် ဘုန်းတော် ကြီး ဒေ အေဂို နူနစ် (Fr.Diego Nunes) တို့ဖြစ်၏။ နောက်ပိုင်း အထက်၊အောက်မြန်မာပြည်ရှိ ဘာသာဝင်များကို ထိန်းကျောင်းရန် ရောမမြို့သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ရုံးတော်မှ မီလန်မြို့ စိန့်ဘားရ်နားဘတ်စ် ကျောင်းတော်ရှိ ဘားရ်းနားဘိုက် ဂိုဏ်းဝင် ဆရာတော်များအား တာဝန်ပေးခဲ့ရာ အီတလီဘုန်တော်ကြီး စီဂျစ်မွန်ဒို မာရီယား ကာလ်ချီ (Fr. Sigismondo Maria Calchi)သည် ပထမဆုံး ရောမသာသနာမှ တိုက်ရိုက် ခန့်အပ်သည့် ဘုန်းတော်ကြီးဟုဆိုနိုင်သည်။ ဘုန်းတော်ကြီး စီဂျစ် မွန်ဒို မာရီယား ကာလ်ချီနှင့် လက်ထောက်ဘုန်းတော်ကြီး ဂျိုးဇက်ပေ ဗီတိုးနီ (Fr. Giuseppe Vittoni) တို့သည် ညောင်ရမ်းခေတ် ၁၇၂၁ ခုနှစ် တနင်္ဂနွေမင်း လက်ထက် အင်းဝ သို့ ရောက်ရှိလာခြင်းဖြစ်ပြီး၊ ၂နှစ်အကြာ အင်းဝဘုရင်မှ ဘုန်းတော်ကြီး ဗီတိုးနီကိုပင် မြန်မာသံတမန် အဖြစ်ခန့် အပ်ကာ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးထံ စေလွှတ်လိုက်ခြင်းက မြန်မာ- ရောမ- ဗာတီကန် တို့၏ ပထမဆုံး သံတမန်ဆက်ဆံရေး စတင်သည်ဟုပင် သမိုင်းမှတ်တမ်း တင်ရပေမည်။ ဘားရ်နားဘိုက် ဂိုဏ်းဝင် ဘုန်းတော်ကြီးများအတွက် ရာသီဥတု၊ ရေမြေတောတောင် သဘာဝ၊ နိုင်ငံရေး စသည့် မတူညီသည့် ပင်လယ်ရပ်ခြား၌ နေထိုင်၍ ဘာသာဝင်များကို ဦးဆောင် ထိန်း ကျောင်းရသည်မှာ လွယ်ကူ သည်မဟုတ်ပေ။ မြန်မာမြေသို့ ရောက်သည်နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာနှင့် မြန်မာစာ၊ မြန်မာစကားကို တတ်နိုင်သမျှ လေ့လာ ကြိုးစားသင်ယူကြရသလို၊ အနေအထိုင်ကအစ ပြောင်းလဲရ၏။ ယင်း ဘုန်းတော်ကြီးများအနက် ကုန်းဘောင်မင်းဆက်အစပိုင်း ၁၇၆၁ခုနှစ် နောင်တော်ကြီးမင်း လက်ထက် ရောက်ရှိလာသည့် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကိုတို(Fr.John Marry Percoto)သည် မြန်မာစာကို ပေစာ လက်ရေးမူမှ ပုံနိုပ် အက္ခရာ အဖြစ် ရောက်ရှိလာအောင် ပထမဆုံး တီထွင်ပေးခဲ့ သည့် ကက်သလစ်ရဟန်း တပါး ဖြစ်သည်။ Baptist ဟု လူသိများသည့် နှစ်ခြင်းခရစ်ယာန် သာသနာပြု ဆရာ ယုဒဿန် ပြုစုသည့် မြန်မာစာပေ တွင် ထင်ရှားသော အင်္ဂလိပ်- မြန်မာ အဘိဓာန်၏ ပုံနှိပ်သက်တမ်းထက် နှစ်ပေါင်း ၅၀ခန့် ပိုမိုရှေးကျ ရာ မြန်မာစာပေအတွက် ပေထက်၊ ကျောက်ထက် အက္ခရာမှ ပုံနှိပ်အက္ခရာသို့ နိဒါန်းအစမှာ ဘုန်းတော်ကြီး ပယ်ရ်ကိုတို က ဟုပင် ဆိုရပေမည်။ မြန်မာစာကို ပုံနှိပ်အက္ခရာအဖြစ် မြင်တွေ့ ဖတ်ရှု့နိုင်အောင် တီထွင်ခဲ့သူ သာသနာပြု ဆရာတော် ပယ်ရ်ကိုတို ကို ၁၇၂၉ ခုနှစ် ဇွန်လ ၂၅ရက်နေ့ အီတလီနိုင်ငံ ဗင်းနစ်မြိုနယ်ရှိ အူဒိုင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ မွန်ဇာမြို့ရှိ စိန့်ပေါလ်ကျောင်းတွင် ပညာသင်ကာ ၁၇၄၆ ခုနှစ်တွင် ဘားရ်နားဘိုက် အသင်း ဂိုဏ်သား ဖြစ်လာပြီး ဘိုလို ညားရဟန်းဖြစ် တက္ကသိုလ်၌ ဓမ္မကျမ်းဂန်နှင့် ဝိနည်းတော်များကို သင်ယူခဲသလို မီလန်တက္ကသိုလ်၌ လည်း သိပ္ပံပညာကို သင်ယူခဲ့သေးသည်။ ၁၇၆၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ တွင် ရောမမြို ကက်သလစ်ဌာနချုပ်က မြန်မာပြည်သို့ သာသနာပြုရန် စေလွှတ်ရာ မြန်မာပြည်၌ ရင်ဆိုင်ရမည့် အခက်အခဲများကို ခံနိုင်စွမ်းရှိရန် ထိုနေ့မှပင် စတင်၍ အစားအသောက် အနေအထိုင်ကို ခြိုးခြံကာ ဆွေမျိုးများ၊ မိတ်ဆွေများနှင့်လည်း အဆက် အသွယ်ဖြတ်တောက်ပြီး မိမိ၏ ဘဝတသက်တာကို ရေမြေခြားတွင် နေထိုင်ရင်း အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့၏။ ပုပ်ရဟန်းမင်းကြီး ကလေးမင်း(၁၃) (Pope Clement XIII)၏ ကောင်းချီးမင်္ဂလာခံယူပြီးနောက် ဘုန်းတော်ကြီး အာဗယ် နတ္တီ(Fr. Avenati) နှင့်အတူ မြန်မာပြည်သို့ ထွက်ခွာလာရာ ၁နှစ်နှင့် ၇လကြာမှ ရောက်၏။ လမ်းခရီးတွင် တူရကီအာဏာပိုင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းခံရသလို အီရတ်နိုင်ငံ ဘာဆာရာ ဆိပ်ကမ်းမှ အိန္ဒိယသို့ သင်္ဘောဖြင့် ထွက်ခွာရာ လမ်းတလျှောက် အင်္ဂလိပ်သင်္ဘောကပ္ပတိန်၏ ညှင်းဆဲမှုကြောင့် အနေအစား ဆင်းရဲသည့် ဒဏ်ကို ခံခဲ့ရသည်။ ၁၇၆၁ ခုနှစ် မြန်မာပြည်အရောက် ချောင်းဦးမြို့၌ အထက်မြန်မာပြည်သာသနာအတွက် တာဝန် ထမ်း ဆောင်နေစဉ် ၂နှစ် အကြာ ခရီးဖော် ဘုန်းတော်ကြီး အာဗယ် နတ္တီမှာ ပဲခူးမြို့ တဝိုက်ရှိ ကျေးရွာများ သို့ တရားဟောထွက်ရင်း အအေးမိကာ ပျံလွန်တော်မူခဲ့ရာ ဘုန်းတော်ကြီး ပယ်ရ်ကိုတို တပါးတည်း သာ မြန်မာပြည်၌ ကျန်ရစ်ခဲ့ပေသည်။ သာသနာပြု ကက်သလစ်ဘုန်းတော်ကြီးများမှာ ဥရောပတိုက်သားများ ဖြစ်သည့်အတွက် အရှေ့တိုင်း ၏ ရာသီဥတုဒဏ်ကို ယဉ်ပါးခြင်းမရှိပဲ ခံနိုင်ရည် နည်းပါးပေသည်။ ဘုန်းတော်ကြီး ပယ်ရ်ကိုတိုသည် ခင်ဦးမြို့နယ် မုံလှရွာကို အခြေပြုပြီး ပတ်ဝန်းကျင်ရှိ ကက်သလစ် ၁၃ရွာကို ထိန်း ကျောင်းရင်း မြန်မာစာပေနှင့် စကားကိုလည်း တဖက်မှ လေ့လာ၏။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသို့ သွားကာ စာအံနေသည့် ကလေးငယ်များအကြား တိုးဝင် ပြီး ကျောင်းသား များနှင့်အတူ မြန်မာစာအက္ခရာ သင်ပုန်းကြီးကို မူရင်းအသံထွက်ကို ရအောင် လေ့လာ ရွတ်ဖတ်သင်ယူရုံမက သတ်ပုံ သတ်ညွှန်းကအစ တိကျမှန်ကန်ရန် သင်ကြားခဲ့ရာ မြန်မာစာပေတတ်မြောက်သူ တဦးအဖြစ် နောင်တော်ကြီး မင်း၏ ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံရသည်။ ၁၇၇၃ ခုနှစ်တွင် မြန်မာစာပေကို ပုံနှိပ်စာဖြစ်လာစေရန် ရန်ကုန်မြို့တွင် ကျောင်းထိုင်ရန် ရောက်လာ သည့် ဘုန်းတော်ကြီး မယ်လ်ခီယို ကာရ်ပါးနီ(Fr Melchior Carpani)နှင့် တိုင်ပင်ကာ ၎င်းအား ရောမမြို့ သာသနာပြန့်ပွားရေးနှင့် စီမံခန့်ခွဲရေး ဌာနချုပ် သို့ အကူအညီ တောင်းခံရန် စေလွှတ်ခဲ့ သည်။ ဆရာတော် ပယ်ရ်ကိုတို ပြုလုပ်လိုသည့် မြန်မာအက္ခရာကို ပုံနှိပ်ခဲစာလုံးသွင်းမှု ဖြစ်မြောက်ရေး အတွက် ရတနာဂျွန်း ဆိုသည့် မြန်မာအမျိုးသား ကျမ်းတတ် ပုဂ္ဂိုလ်ကြီးတဦး၏ အကူအညီကိုယူ ရသေးသည်ဟု သိရသည်။ ၁၇၇၄ ခုနှစ်တွင် ဘုန်းတော်ကြီး ကာရ်ပါးနီသည် ဆရာတော် ပယ်ရ်ကိုတို၏ အကြံအစည်ဖြစ်သည့် မြန်မာစာကို ပုံနှိပ်စက်တင်ရန် အီတလီသို့ စတင်ခရီးထွက်လေသည်။ အီတလီ၌ သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပီဦး(Pope Pius VI)နှင့် တွေ့ဆုံပြီး မြန်မာပြည် သာသနာ ဦးစီးမှူး ဆရာတော် ပယ်ရ်ကိုတို၏ မြန်မာစာ ပုံနှိပ်လုပ်ငန်း အစီအစဉ်ကို အကောင်အထည်ဖော်ပေးရန် တောင်းဆိုသည်။ ပုပ်ရဟန်းမင်းကြီး ပီဦးက မြန်မာစာ ပုံနှိပ်လုပ်ငန်းအတွက် သာသနာပြန့်ပွားရေးဌာနချုပ် အတွင်းရေး မှူး မွန်ဆီညော် စတေဖာနူး ဘောရ်ဂျီးယား(Stephanus Borgia)အား တာဝန်ပေးအပ်ရာ ပိုလီဂလော့ ပုံနှိပ်တိုက် တာဝန်ခံ ခရစ္စတိုဖား အာမာ ဒုုဇီဦး(Christopher Amaduzius) နှင့် အတူ စတင် လုပ်ဆောင်လေသည်။ ဝိုင်းစက်သည် မြန်မာဗျည်း အက္ခရာများကို ယခင်က မမြင်ဖူးသည့်အတွက် ပုံနှိပ်ခဲစာလုံး အဖြစ် ပုံသွန်းရာ၌ လုပ်သား များမှာ အခက်အခဲဖြစ်သော်လည်း ဘုန်းတော်ကြီး ကာရ်ပါးနီး၏ ဖြေရှင်းပေး မှုကြောင့် ၁၇၇၆ ခုနှစ်တွင် အောင်မြင်ခဲ့ လေသည်။ ထို့နောက် Burmese Alphabet ဟု ဆိုရမည့် စာမျက်နှာ ၁၅၅ မျက်နှာပါ “မြန်မာအက္ခရာ သင်ပုန်းကြီး အညွှန်း” စာအုပ်ကို စတင်ရိုက်နှိပ်ရာ ဆဋ္ဌမ မြောက် ပုပ်ရဟန်းမင်းကြီး ပီဦး၏ လက်တင်ဘာသာဖြင့် ရေးသားသည့် ဂုဏ်ပြုကျေးဇူးတင်လွှာကို ထည့်သွင်းဖော်ပြခဲ့ သည်။ “မြန်မာအက္ခရာ သင်ပုန်းကြီး အညွှန်း”စာအုပ်ကို စတေဖာနူး ဘော်ရ်ဂျီးယား၊ ခရစ္စတိုဖား အာမာ ဒုဇီဦး၊ ဘုန်းတော်ကြီး ကာရ်ပါးနီနှင့် ခဲစာလုံးထုတ်လုပ်ရေး တာဝန်ခံ ဂျေ အိတ်က်စ် ပီလီတို့ အမှာစာရေးသားပြီး ဆရာတော် ပယ်ရ်ကိုတို ရေးသား စီရင်သည့် မြန်မာဗျည်းအက္ခရာများ အကြောင်း၊ မြန်မာသတ်ပုံ သတ်ညွှန်းအကြောင်း၊ မြန်မာသဒ္ဒါ အကြောင်း နှင့် မြန်မာနိုင်ငံ၏ သမိုင်း၊ ပထဝီနှင့် ဓလေ့ထုံးစံများအကြောင်းစုံလင်စွာ ရှင်းလင်းရေးသားထားသည်။ နောက်ဆုံးအပိုင်း၌ ကက်သလစ်ဘာသာဝင်တို့၏ ဆုတောင်း ပဌနာများနှင့် ပညတ်တော်(၁၀) ပင် ပါဝင်လေသည်။ ဤသို့ဖြင့် ဆရာတော် ပယ်ရ်ကိုတို၏ ကြံဆချက်၊ ဘုန်းတော်ကြီး ကာရ်ပါနီ၏ လက်တွေ့လုပ်ဆောင် ချက် ကျေးဇူးကြောင့် ကမ္ဘာတွင် ပထမဦးဆုံးသော မြန်မာပုံနှိပ်စာကို ရိုက်နှိပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၂၄၁ ရှိပြီဖြစ်သည်။ ပထဆုံး ပုံနှိပ်သည့် မြန်မာအက္ခရာ သင်ပုန်းကြီး အညွှန်း”စာအုပ်ကို ပြုစုခဲ့သူ ဆရာတော် ပယ်ရ် ကော်တိုမှာ မြန်မာ- လက်တင် – ပေါ်တူဂီ ၃ဘာသာတွဲ အဘိဓာန်ကျမ်းကို ဆက်လက်ပြုစုနေရင်း သွေးအားနည်းခြင်း၊ နှလုံးအားနည်းခြင်း ရောဂါတို့ကြောင့် ၁၇၇၆ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ သက်တော် ၄၇နှစ်တွင် အင်းဝနေပြည်တော်တွင် ပျံလွန်တော်မူခဲ့ သည်။ အင်း၀ ငါးရွာဗျားရွာအနီး မြုပ်နှံထားသည့် ဆရာတော် ပယ်ရ်ကော်တို၏ သင်္ချိုင်းဂူကို ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒွန်ဘော်စကို စလေးရှင်း အသင်း ဂိုဏ်းသား ဘုန်းတော်ကြီး အန်တိုနီယို အာလိုက်ဆီက တူးဖော်ကာ မန္တလေးမြို့ စိန့်ဂျိုးဇက် ဘုရားကျောင်းအတွင်း ပြန်လည် ဂူသွင်းမြုပ်နှံ ခဲ့သည်။ ကိုးကား – ၁။ ၁၆နှင့် ၁၇ ရာစုများအတွင်း ပေါ်တူဂီ မြန်မာဆက်ဆံရေး(ဒေါက်တာ ခင်မောင်ညွှန့် ) ၂။ အင်းဝရောက်ခြေရာများ (ဖာသာ ကိုလေး) ၃။ The Portuguese Descendants in the Mu Valley (Tint Lwin) ဆက်စပ်ဖတ်ရှုရန် – သံလျင်ပေါ်တူဂီဘုရားကျောင်းပရဝုဏ်၌ ကွင်းစလန်တက္ကသိုလ်မှ တူးဖော်သုတေသနပြုလုပ်မည် သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ The post မြန်မာစာ ပုံနှိပ်စာလုံးအစ ကက်သလစ် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကိုတို က appeared first on ဧရာဝတီ.
Source : http://ift.tt/2A3YzL4
via IFTTT
No comments:
Post a Comment