ကြေးမုံသတင်းစာတိုက် မီးရှို့သူ အလွဲသုံးစားမှု၊ မီးရှို့မှုများဖြင့် အမှုဖွင့်အရေးယူ နိုင်ငံပိုင် ကြေးမုံသတင်းစာတိုက်မှ ငွေများကို အလွဲသုံးစားပြုလုပ်ရန် အကြံအစည်ဖြင့် မီးလောင်စေ ရန် ပြုလုပ်ခဲ့သူ ငွေကိုင်တာဝန်ခံ ဒေါ်မြမြဝင်းအား ပုဇွန်တောင်မြို့မရဲစခန်းမှ အလွဲသုံးစား ပြုမှု ပုဒ်မ ၄၀၉၊ မီးရှို့မှု ပုဒ်မ ၄၃၆ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆နာရီခန့်က ပုဇွန်တောင်မြို့နယ်ရှိ ကြေးမုံသတင်းစာ တိုက် မန်နေဂျာ ရုံးခန်းရှိ မီးခံသေတ္တာထဲရှိ ငွေများကို ငွေကိုင်ဒေါ်ဖြူဖြူဝင်းမှ အလွဲသုံးစားပြုရန် မီးလောင်ဆုံးရှုံးသည့် ပုံစံဖြင့် စက္ကူဖြတ် ပိုင်းများ အပေါ်မှ ငွေစက္ကူတချို့ကို အုပ်ကာ ဓာတ်ဆီ လောင်း မီးရှို့စဉ် ဝန်ထမ်းများမှ သိရှိသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ကြေးမုံသတင်းစာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်စိုးကပြောသည်။ “သူ့ရဲ့ စဉ်စားဉာဏ်မဲ့တဲ့ လုပ်ရပ်မျိုးပါပဲ၊ အရင်ကတော့ နာမည်ကောင်းရှိခဲ့ပေမယ့် သီလ မစောင့်တာ ပေါ့၊ ဒါမျိုးတွေ ထပ်မဖြစ်ဖို့ သင်ခန်းစာယူဖို့လည်း ဝန်ထမ်းတွေကို အခုပဲအစည်းဝေးမှာ ပြောခဲ့ပါ တယ်”ဟု ၎င်းကပြောသည်။ မီးခံသေတ္တာထဲတွင် ကျပ်ငွေ သိန်း ၈၅၀ ကျော်ကို သိမ်းဆည်းထားရာ စစ်ဆေးသည့်အခါ တဝက်တပျက် မီးလောင် ကျွမ်းထားသည့် ၅၀၀ ကျပ်တန် ငွေစက္ကူအဟောင်း ဆယ်အုပ်ခန့်သာ တွေ့ရပြီး၊ ကျန်ငွေများ ပြန်လည်ရရှိခြင်းမရှိသေး၍ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ယခုအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးဥပဒေအရ ရာဇဝတ်မှုမကင်းသော ယုံကြည်အပ်နှံရေးကို ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၄၀၉ ဖြင့် ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး မီးရှို့မှုပုဒ်မ ၄၂၆ အရလည်း တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ လုပ်ကြံမီးရှို့သူ ဒေါ်မြမြဝင်သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ကြာမြှင့်ပြီဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပင်စင်ယူတော့မည့်သူတဦးလည်းဖြစ်သည်။ ယင်း ငွေကျပ်သိန်း ၈၅၀ ကျော်မှာ ကြေးမုံသတင်းစာတိုက်၏နေ့စဉ်ဝင်ငွေဖြစ်ပြီး နိုင်ငံပိုင်သတင်းစာ များအနေဖြင့် နေ့စဉ်ဝင်ငွေများကို စာရင်းချုပ်ပြီးပါက ဘဏ်သို့နေ့ချင်းပင် အပ်လေ့ရှိကြောင်း သိရ သည်။ ပြန်ကြားရေးဝန်ကြီးဌာန အောက်၌ ကြေးမုံ၊ မြန်မာ့အလင်း နှင့် Globel Newslight of Myanmar စသည့် နိုင်ငံပိုင် သတင်းစာ ၃စောင်ကို နေ့စဉ်ထုတ်ဝေနေရာ အဆိုပါ သတင်းစာများမှ ရရှိသည့် ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများကို ပြည်သူများသိရှိရန် ထုတ်ပြန်လေ့မရှိဘဲ နေ့စဉ် စာရင်း ပြုလုပ်ကာ ဘဏ်သို့ အပ်နှံပြီး နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးမှ ၆ လတကြိမ် စစ်ဆေး လျှက်ရှိသည်။ ဤကဲ့သို့ နိုင်ငံပိုင် သတင်းစာတိုက်များ၌ ငွေကြေးအလွဲသုံးစားမှုမျိုး ယခင်ကလည်းရှိခဲ့ဖူးရာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလက ငွေကျပ်သိန်းပေါင်း ၂၅၀၀ခန့်ကို အလွဲသုံးစားပြုမှုဖြင့် မြန်မာ့အလင်း သတင်းစာ တိုက်မှ တာဝန်ရှိသူ ၃ ဦးကို အရေးယူခဲ့ ရသလို ငွေကြေးအလွဲသုံးစားမှုများနှင့် ပတ်သက်နေသည့် နိုင်ငံပိုင် သတင်းစာများ ရပ်ဆိုင်းရန် ၂၀၁၂ခုနှစ်က ပြည်ထောင်စု လွှတ်တော်၌ပင် တောင်းဆိုမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကလည်း နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းသည့် ကြော်ငြာ အချပ်ပို လုပ်ငန်း နှင့် ပတ်သက်၍ ငွေကျပ် သိန်း ၃၀၀ကျော် ကွာဟမှု ဖြစ်ခဲ့ရာ ဌာနတွင်း စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း သတင်းစာလုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။ The post ကြေးမုံသတင်းစာတိုက် မီးရှို့သူ အလွဲသုံးစားမှု၊ မီးရှို့မှုများဖြင့် အမှုဖွင့်အရေးယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2ikBoRY
via IFTTT
No comments:
Post a Comment