ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စတင်ဆွေးနွေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိနေပြီး ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေး ၂ ရက်ကြာ တံခါးပိတ် အစည်းအဝေးကို နိုင်ငံတော် အတိုင်ပင်ခံရုံးတွင် ယနေ့ စတင်သည်။ အာရှ-ဥရောပ အစည်းအဝေး သို့မဟုတ် ASEM အပြီး အင်္ဂါနေ့ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံမှုက ထွက်ပြေးသွားကြသူများ မိမိဆန္ဒ အလျှောက်လုံခြုံစွာ ပြန်လာရေးအတွက် သဘောတူညီချက်တခု ရရှိရေးသို့ ဦးတည်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောသည်။ “နယ်စပ်ကို ဖြတ်ကျော်ထွက်သွားတဲ့ သူတွေ အားလုံး လုံခြုံစိတ်ချစွာနဲ့ မိမိဆန္ဒ အလျှောက် ပြန်လာရေးကို စတင် နိုင်မယ့် နားလည်မှုစာချွန်လွှာတခု မြန်မြန်ဆန်ဆန် လက်မှတ်ထိုးနိုင်မယ့် ရလဒ် ဖြစ်ဖို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ယခင်ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လာရေးအတွက် ၁၉၉၀ နှစ်များအတွင်းက ရရှိခဲ့သောသဘောတူညီချက်တခု၏ မူဘောင်များအတိုင်း ဆောင် ရွက်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ဒါက (ပြန်လည်လက်ခံမှုက) နေထိုင်ခဲ့မှုအပေါ်မှာ အခြေခံပါတယ်။ အရင်ကထဲက အစိုးရ ၂ ခု က အောင်အောင်မြင်မြင် သဘောတူညီခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါက ကျမတို့ ဆက်လုပ်ရမယ့် ပုံသေနည်းတခု ဖြစ်လာပါလိမ့်မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ မြန်မာနိုင်ငံ တာဝန်ရှိသူများက ပြန်လာမည့်သူ အများစုကို သူတို့ ယခင်က ပိုင်ဆိုင်ခဲ့သည့် မြေပေါ်တွင် ပြန်လည်နေရာ ချထားပေးခြင်းအစား “စံပြကျေးရွာသစ်များ” တွင် ပြန်လည်နေရာ ချထားပေးရန် စီစဉ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ ပြီး ဖြစ်သည်။ ထိုသို့ ချဉ်းကပ်မှုက ဒုက္ခသည်များ ပြန်လာစေရန် စွဲဆောင်မှုမဟုတ်ဟု ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပြီး မြန်မာပြည်သို့ လာရောက်လေ့လာသော အမေရိကန် အထက်လွှတ်တော် အမတ် Jeff Merkley က ကောက်ချက်ချခဲ့သည်။ “သူတို့ကို ဆက်လက်ပြီးခွဲခြားခံရမယ့်၊ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းမှာ အပြည့်အဝပါဝင်ခွင့်ကို ကန့်သတ်ချက်တွေရှိ နေမယ့် စခန်းတွေဆီကို လူတွေ ပြန်လာနိုင်ကြမှာ မဟုတ်ပါဘူး” ဟု Jeff Merkley က ပြောသည်။ နိုဝင်ဘာလ အစောပိုင်းတွင် အမေရိကန် လွှတ်တော် အမတ်များက မြန်မာနိုင်ငံ၏ တပ်မတော်မှ တာဝန်ရှိသူများကို ပစ် မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် နှင့် ခရီးသွားလာမှု ကန့်သတ်ချက်များ ပြုလုပ်ရန် အဆိုပြုခဲ့သည်။ အထက်လွှတ်တော်တွင် ဥပဒေကို တင်သွင်းရန် ကြိုးပမ်းခဲ့သူများထဲမှ တဦး ဖြစ်သည့် ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ် တော်အမတ် Jeff Merkley က ကွန်ဂရက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့တခုကို ဦးဆောင်၍ ယခု အပတ်အတွင်းတွင် ရခိုင် ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဒုက္ခသည် စခန်းများသို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းခံခဲ့ရသည်။ အမေရိကန် အထက်လွှတ်တော် အမတ်များက စစ်သွေးကြွတို့၏ တိုက်ခိုက်မှုကို တုန့်ပြန်ရာတွင် ရက်စက်၍ အချိုးအစား မညီမျှသောကြောင့် လူပေါင်း ၆၀၀၀၀၀ ကျော် မြန်မာနိုင်ငံမှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့်အတွက် သူတို့ စိတ်ပျက်ရကြောင်း ပြောကြားခဲ့သည်။ စစ်ဆင်ရေးများက “လူမျိုးဖြုတ် ရှင်းလင်းရေး၏ လက္ခဏာ အားလုံး” ရှိနေကြောင်းလည်း ဆိုသည်။ ရဲတပ်ဖွဲ့ စခန်း ၃၀ နှင့် စစ်စခန်းတခုကို စစ်သွေးကြွများ၏ တိုက်ခိုက်မှုနောက်ပိုင်းတွင် “နိုင်ငံမဲ့ ရိုဟင်ဂျာများ” အပေါ် ပြု လုပ်ခဲ့သည့် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး များအတွင်းတွင် မြန်မာတပ်မတော်က မတရားပြုကျင့်ခြင်းများ အပါအဝင် ရက်စက်စွာ ပြုမူခြင်းများ ရှိခဲ့သည်ဟု လူ့အခွင့် အရေးစောင့်ကြည့်ရေး အဖွဲ့များက စွပ်စွဲခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာ အစိုးရက စွပ်စွဲမှု အများစုကို ပယ်ချခဲ့ပြီး မြန်မာ့တပ်မတော်ကလည်း ကိုယ်ပိုင် စစ်ဆေးမှုပြုလုပ်၍ လုံခြုံရေးတပ်ဖွဲ့များ အမှားအယွင်း ပြုလုပ်ခဲ့သည့် သက်သေ အထောက်အထား မရှိကြောင်း ယခင်အပတ်အတွင်း ပြောကြားခဲ့သည်။ “အခု အချိန်အထိ ဘယ်လို အကြမ်းဖက်မှုကိုမှ ကျမတို့ တိုင်တန်းတာ မကြားရပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် ပြုလုပ်သော အာရှ-ဥရောပ အစည်းအဝေး သို့မဟုတ် ASEM အပြီး၌ လူ့အခွင့်အရေး ချိုးဖောက်မှု နှင့် ပတ်သက်သော မေးခွန်းတခုကို ဖြေကြားရာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒါ ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားဆိုတာ ကျမတို့ မပြောနိုင်ပါဘူး။ အစိုးရဲ့ တာဝန်တခု အနေဲ့ ကျမတို့က အဲဒါမျိုး မဖြစ်ဖို့ သေချာအောင် လုပ်ရပါမယ်။” စွပ်စွဲထားသော ရက်စက်ကြမ်းတမ်းမှုများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်သော စုံစမ်းစစ်ဆေးမှုတခုကို ခွင့်ပြုရန် အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို တောင်းဆိုလိုက်သည်။ “ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ ကျနော်တို့ အလေးအနက်ပြောကြားလိုပါတယ်” ဟု Jeff Merkley က ပြောသည်။ ကွန်ဂရက်လွှတ်တော်တွင် ဥပဒေ တင်သွင်းရေးနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ Jeff Merkley က “ကိုယ်စားလှယ် အဖွဲ့က အမေရိကန် အစိုးရ ဘာလုပ်လိမ့်မယ် ဒါမှမဟုတ် ဘာလုပ်သင့်တယ်ဆိုတာကို ထောက်ခံချက်ပေးဖို့ ဒီမှာ ရှိနေတာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ The post ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စတင်ဆွေးနွေး appeared first on ဧရာဝတီ.
Source : http://ift.tt/2A1WKf6
via IFTTT
No comments:
Post a Comment