နှစ်စဉ် စီးပွားရေးအခြေအနေ စစ်ဆေးရန် IMF မြန်မာနိုင်ငံသို့ လာရောက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် နှစ်စဉ် စီးပွားရေးဆိုင်ရာ အခြေအနေများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်ကြောင်း ရိုက်တာ သတင်းတပုဒ်အရ သိရသည်။ IMF ၏ သဘောတူညီချက် အပိုဒ် ၄ အရ စေလွှတ်သည့် ယင်းကိုယ်စားလှယ်အဖွဲ့သည် IMF ဝင် နိုင်ငံတနိုင်ငံချင်းအတွက် နှစ်စဉ် ဆုံးဖြတ်ချက်တရပ် ပေါ်ပေါက်လာရေး စီမံဆောင်ရွက်နိုင်ရန် စေလွှတ်နေကျဖြစ်ပြီး တနင်္လာနေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း IMF မှ ပြောခွင့်ရသူအမျိုးသမီးတဦးကို ကိုးကားပြီး သတင်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်က IMF ၏ သုံးသပ်ချက်အရ ဆယ်စုနှစ်များနှင့်ချီ၍ အထီးကျန်ခဲ့သည့်တိုင်းပြည်အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွင် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုကို IMF က ချီးကျူးပြောဆိုခဲ့သည်။ ထိုအချိန်က ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) တိုးတက်မှုနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိမည်ဟု IMF က ခန့်မှန်းခဲ့သည်။ ယမန်နှစ်က GDP တိုးတက်မှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့သော် အဆုံးမသတ်နိုင်သေးသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ်အခြေခံလျက် ကုန်ထုတ်လုပ်မှုများ ခြုံငုံကြည့်လျှင် နှေးကွေးနေပြီး ဆောက်လုပ်ရေးခွင့်ပြုချက်များ နှောင့်နှေးနေသဖြင့် ယခုနှစ် GDP နှုန်းမှာ ၆ ဒသမ၃ ရာခိုင်နှုန်းရှိတော့မည်ဟု ယခုအခါ IMF က ခန့်မှန်းတော့သည်။ IMF ၏ နောက်ထပ် အာရုံစိုက်နိုင်ချေရှိသည့်ကိစ္စမှာ အရင်းအနှီးသစ်များ မရှိဘဲ ကျပ်တည်းစွာ ရုန်းကန်နေရသည့် မြန်မာနိုင်ငံရှိ ဘဏ်များကိစ္စဟု သတင်းက ဆိုသည်။ စည်းမျဉ်းစည်းကမ်းများ အကောင်အထည်ဖော်ရေးတွင် ပြောင်းလွယ်ပြင်လွယ်ရှိရန် ဘဏ်များက နေပြည်တော်အစိုးရကို မေတ္တာရပ်ခံခဲ့ပြီးဖြစ်သည်။ ယမန်နှစ် အာဏာရလာချိန်မှ စတင်ပြီး စီးပွားရေး နှေးကွေးနေခြင်းကို ဖြေရှင်းရန် စွမ်းအင်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီးသစ်တို့ကိုလည်း အစားထိုးခန့်အပ်ခြင်း၊ ဗဟိုဘဏ် ဒုဥက္ကဌသစ် ၃ ဦး ခန့်အပ်ခြင်းတို့ကို ပြုလုပ်ခဲ့သော်လည်း အားတက်စရာ မမြင်ရသေးပေ။ ၂၀၁၇ ခုနှစ်ထုတ် ကမ္ဘာ့ဘဏ်၏ စီးပွားရေး လုပ်ငန်းလုပ်ဆောင်ရန် လွယ်ကူမှု သုံးသပ်ချက် အစီရင်ခံစာ (Doing Business report) အရ မြန်မာနိုင်ငံ၏ အခြေအနေ သည် အနည်းငယ်မျှသာ တိုးတက်သည်။ ထိုအစီရင်ခံစာတွင် ပါသော စီးပွားရေး ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိပြီး လွန်ခဲ့သော နှစ်က ၁၇၁ တွင် ရှိခဲ့သည်။ အသစ် ခန့်အပ်ခံခဲ့ရသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်စတန်ဆက်အောင်က လိုင်စင်နှင့် ခွင့်ပြုချက် လျှောက်ထားသော လုပ်ငန်းအဆင့်ဆင့်တွင် ကျိုးကြောင်း ဆီလျှော်ပြီး ပွင့်လင်းမြင်သာရန် အရေးကြီးကြောင်းနှင့် “ရိုးရှင်းတဲ့ လုပ်ငန်းစဉ်နဲ့ တကွ ကြိုတင် မှန်းဆနိုင်ပြီး တည်ငြိမ်တဲ့ မူဝါဒ ချမှတ်ဖို့ လိုတယ်” ဟု နေပြည်တော်တွင် ဩဂုတ်လအတွင်း ကျင်းပခဲ့သော မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် အလေးထား ပြောကြားထားသည်။ ဆက်စပ်ဖတ်ရှုရန် – ခြစားနေသော အစိုးရယန္တရားကို ရင်ဆိုင်ခြင်း The post နှစ်စဉ် စီးပွားရေးအခြေအနေ စစ်ဆေးရန် IMF မြန်မာနိုင်ငံသို့ လာရောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2yA3H9W
via IFTTT
No comments:
Post a Comment