တောင်သူများအတွက် စက်မှုလယ်ယာ မိုဘိုင်းလ်အက်ပလီကေးရှင်း ထွက်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၈ တောင်သူလယ်သမားများအတွက် လယ်ယာသုံး စက်ကိရိယာနှင့်ပတ်သက်သည့် အချက်အလက်များကို အွန်လိုင်းမှ အလွယ်တကူ သိရှိနိုင်ရန်အတွက် “စက်မှု လယ်ယာ”Android Mobile Application တစ်ခု ထွက်ရှိပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။ အဆိုပါအက်ပလီကေးရှင်းကို Google Play Store တွင် ဒေါင်းလုဒ်ရယူ အသုံးပြုနိုင်ပြီဖြစ်ပြီး ယင်းအက်ပလီကေးရှင်းတွင် လယ်ယာသုံး စက်ကိရိယာများ၏ စက်အသွားနှုန်း ဆန်းစစ်နိုင်ခြင်း၊ လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူမြှုပ်နှံရငွေအပေါ် တစ်နှစ်စာ အရှုံးအမြတ် တွက်ချက်ခြင်း၊ လယ်ယာမြေ အကျယ်အဝန်းကိုလိုက်၍ လုပ်ငန်းကြာမြင့်ချိန် တွက်ချက်နိုင်ခြင်းတို့ ပါဝင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ ထို့ပြင် သုံးစွဲမည့် ထွန်ယက်ရေး လုပ်ငန်းသုံး ကိရိယာများနှင့် ကိုက်ညီမည့် အင်ဂျင်စွမ်းအားရှိသည့် ထွန်စက်ကြီးများ ရွေးချယ်ရန် တွက်ချက်နိုင်ခြင်း၊ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်သည့် လယ်ယာသုံး စက်ကိရိယာ စာရင်းများ ကြည့်ရှုနိုင်ခြင်းနှင့် ဆက်သွယ် စုံစမ်းနိုင်သည့် ဖုန်းနံပါတ်များ ကြည့်ရှုနိုင်ခြင်း စသည့်အချက်အလက်များ ပါဝင်ကြောင်း စက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်း၍ ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်နှင့် ထွန်စက်တွင် တပ်ဆင်သည့် လယ်ယာလုပ်ငန်းသုံး ကိရိယာများကိုလည်း အရစ်ကျ သုံးနှစ်မှ ခုနစ်နှစ်အထိ ရောင်းချပေးလျက်ရှိသောကြောင့် အဆိုပါ လယ်ယာသုံး စက်ကိရိယာများကိုလည်း အရစ်ကျဖြင့် ဝယ်ယူရန် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
Source : https://goo.gl/qFXo2P
via IFTTT
No comments:
Post a Comment