ဆရာတော် ဦးပါမောက္ခ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ယနေ့ သတင်းစာရှင်းလင်းမည် ရန်ကုန်၊ နိုဝင်ဘာ ၁၉ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၀ ရက်(ယနေ့) မွန်းလွဲ ၁ နာရီတွင် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံလမ်း၊ မြို့တော်ခန်းမအနီးရှိ City Star ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲကို ဆရာတော် ဖမ်းဆီးခံရပြီး ဖွဲ့စည်းခဲ့သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှု ကူညီဆောင်ရွက်သူများအဖွဲ့က ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ဖမ်းဆီးခံရသည့် ဆရာတော်မှာ တရားဥပဒေ စိုးမိုးရေးကို အစဉ်တစိုက် အလေးအနက် ထားသည့် ဆရာတော်တစ်ပါး ဖြစ်သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှုကို ကျူးလွန်ခြင်း မရှိကြောင်း သိရှိနိုင်စေရန်၊ ဆရာတော်သည် အမျိုး၊ ဘာသာ၊ သာသနာအတွက် ပါတီနိုင်ငံရေး ကင်းရှင်းစွာ တစိုက်မတ်မတ် ဆောင်ရွက်သည့် ဆရာတော်ဖြစ်သည့်အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်တို့ သိရှိနိုင်စေရန် ရည်ရွယ်ပြီး ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ဆရာတော်က တရားဥပဒေနဲ့ မညီညွတ်တဲ့ နစ်နာမှုတွေ၊ တစ်ဖက်သတ် စွပ်စွဲချက်နဲ့ တရားဥပဒေအရ ဆိုပြီး အနိုင်ကျင့်ခံနေရတဲ့သူတွေကို ရဲစခန်း၊ တရားရုံးတွေ သွားရောက်ပြီး အမှုမှန် ပေါ်ပေါက်ရေး အလုပ်လုပ်နေတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်၊ ပြီးတော့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်၊ အဲဒါကြောင့် ပြည်တွင်းပြည်ပ သတင်းဌာနတွေကနေ ဆရာတော်ရဲ့ ဖမ်းဆီးခံရမှုဟာကို ဝိုင်းဝန်း တင်ပြပေးနိုင်မယ်ဆိုရင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု တရားသူကြီးချုပ်တို့ကနေ စဉ်းစားသုံးသပ်စေချင်လို့ပါ”ဟု မကွေးကျောင်းဆရာတော် ဦးပါမောက္ခအမှု ကူညီပေးရေးအဖွဲ့မှ ဦးဆောင်ပါဝင်သူ ဦးအောင်မြိုင်က ရှင်းပြသည်။ အဓိကအားဖြင့် ဆရာတော် ပြန်လည် လွတ်မြောက်လာပြီး သင်္ကန်းပြန်ဝတ်နိုင်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ပေးကြပါရန်၊ ပြည်တွင်းပြည်ပ သတင်းဌာနများအနေနှင့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခမှ နိုင်ငံတော် အကြည်ညိုပျက်စေမှုကို ကျူးလွန်ခြင်းမရှိပါကြောင်း သိရှိစေရန်နှင့် ရဟန်းရှင်လူများကလည်း ဆရာတော်ကို ဝိုင်းဝန်းဖေးမ ကူညီပေးကြပါရန် တိုက်တွန်းပါကြောင်း မကွေးကျောင်းဆရာတော် ဦးပါမောက္ခ အမှုကူညီဆောင်ရွက်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
Source : https://goo.gl/UMn5je
via IFTTT
No comments:
Post a Comment