ဘဏ္ဍာငွေ အလေအလွင့် မရှိရန် Third Party စနစ် ကျင့်သုံးရေး လွှတ်တော်တွင် ဆွေးနွေးမည် နိုင်ငံတွင်းမှ တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေးနှင့် ဘဏ္ဍာငွေ အလေအလွင့် မရှိစေရေး အတွက် Third Party (တတိယ အဖွဲ့အစည်း) စနစ်ကို အမြန်ဆုံး ကျင့်သုံးရန် ပြည်ထောင်စုု အစိုးရအား တိုက်တွန်းကြောင်း အဆို ကို လွှတ်တော်က ဆွေးနွေးရန် သဘောတူကြောင်း သိရသည်။ နိုဝင်ဘာလ ၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေး အဌမနေ့တွင် ပို့ဆောင် ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီဝင်နှင့် မြို့ပြအင်ဂျင်နီယာ တဦးဖြစ်သော၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ယင်းအဆိုကို တင်သွင်းခြင်း ဖြစ်သည်။ အဆိုရှင် က “Third Party စနစ် ဆိုတာ လုပ်ငန်းရှင်က အစိုးရဖြစ်စေ၊ ပုဂ္ဂလိက ဖြစ်စေ၊ မိမိရဲ့ လုပ်ငန်း အရည်အသွေး ပြည့်မီစွာ ရရှိရေး၊ ဘဏ္ဍာငွေ ဆုံးရှုံးလေလွင့် မဖြစ်စေရေး အတွက် ပြင်ပ တတိယ အဖွဲ့အစည်း တခုကို တန်ဖိုးငွေ တရပ် နှင့် မိမိကိုယ်စား တာဝန်ယူ၊ တာဝန်ခံခိုင်းပြီး လုပ်ငန်းဆောင်ရွက်သူ ကန်ထရိုက်၏ လုပ်ငန်းများကို ကြပ်မှတ် စစ်ဆေး၍ အာမခံစေတဲ့ စနစ်ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပညာရှင်ပေါင်းစုံ ချိတ်ဆက် တာဝန်ယူရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်” ဟု ဒေါ်ယဉ်မင်းလှိုင်က အဆိုတွင် ထည့်သွင်း ပြောကြားသည်။ ခေတ် အဆက်ဆက် အစိုးရ ဝန်ကြီးဌာနများသည် လမ်း၊ တံတား၊ အဆောက်အအုံ၊ ဆည်မြောင်း တာတမံ တည်ဆောက် ရေး လုပ်ငန်းများကို ကိုယ်တိုင် တွက်ချက်ခြင်း၊ ကိုယ်တိုင် စိစစ်ခြင်း၊ ကိုယ်တိုင် ဘတ်ဂျက် ပြင်ဆင်ရေးဆွဲခြင်း၊ ကိုယ်တိုင် တည်ဆောက်ခြင်း၊ ကိုယ်တိုင် အရည်အသွေး စစ်ခြင်းများကို ပြုလုပ်ခဲ့ကြရာ အကျိုးဆက်အနေဖြင့် အရည်အသွေး မပြည့် မီ မှုများ၊ အဂတိလိုက်စားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က ပြောဆို သည်။ “ရှေ့ကဆောက်၊ နောက်ကပျက်၊ မကြာခဏ ပြုပြင်ဖို့ ဘတ်ဂျက်တွေ ထပ်တောင်းစတဲ့ အဆိုးသံသရာ လည်နေရင်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ အမြောက်အများ လေ့လွင့် ဆုံးရှုံးတာပဲ အဖတ်တင်ခဲ့ပါတယ်။ တိုင်းပြည် ဘဏ္ဍာ အလဟဿ ဆုံးရှုံး လေလွင့်စေတဲ့ ကိစ္စရပ်တွေရဲ့ အဓိက အကြောင်းအရင်းကို အမြန်ဆုံး ကာကွယ်တားဆီးနိုင်ဖို့ ဒီအဆိုကို ကျမ အနေ နဲ့ တင်သွင်းရခြင်း ဖြစ်ပါတယ်”ဟု ဒေါ်ယဉ်မင်းလှိုင်က ပြောပြသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးကျော်လင်းကလည်း “Third Party ဆိုတာက တခြား အဖွဲ့အစည်းကနေ ဝင်ရောက် စိစစ် ပေးတာ။ တတိုင်းပြည်လုံးက အဲဒါကို ကျင့်သုံးပါဆိုတာကို ကြေညာထားခဲ့တယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေနဲ့ ဒါကို ထောက်ခံပါတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ တဝန်းရှိ တည်ဆောက်ရေး နယ်ပယ်အတွင်း Third Party တရပ်၏ လုပ်ငန်း တာဝန်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ (MES) က တာဝန်ယူသင့်ကြောင်း၊ သို့သော် ယင်းသို့ တာဝန်ယူနိုင်ရေး အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေနှင့် အထပ်မြင့် အဆောက်အအုံများအား စစ်ဆေးသည့် CQHP အဖွဲ့အစည်း တို့ကို လို အပ်ချက်နှင့် လျော်ညီစွာ ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ဒေါ်ယဉ်မင်းလှိုင် က ပြည်သူ့လွှတ်တော်သို့ အဆိုကို တင်သွင်းစဉ် အကြံပြု ပြောကြားသွားသည်။ ယင်းအဆိုကို စဉ့်ကိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင်မို့မို့လွင်က ထောက်ခံ ဆွေးနွေး သည်။ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး ကလည်း“ကျနော်တို့ နိုင်ငံအတွက် အရမ်းကောင်းပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည် တည်ဆောက်ရေးအတွက် အခြေခံ အဆောက်အအုံတွေ လိုအပ်လို့ နိုင်ငံတော် ကလည်း ဘတ်ဂျက်တွေ အမြောက်အများ ချပေးတယ်။ ဒါကြောင့် Third Party က အရမ်းကို အရေးကြီးပါတယ်”ဟု ဧရာဝတီ သို့ပြောသည်။ အထက်ပါ အဆိုနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန်သင့်၊ မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က မေးမြန်း ရာ ကန့်ကွက်သူမရှိသည့် အတွက် အဆိုကို လက်ခံ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ The post ဘဏ္ဍာငွေ အလေအလွင့် မရှိရန် Third Party စနစ် ကျင့်သုံးရေး လွှတ်တော်တွင် ဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2zpbrvo
via IFTTT
No comments:
Post a Comment