ဒီကနေ့ရဲ့နောက်ဆုံးရ နိုင်ငံတကာ သတင်းတွေ ဒီမှာကြည့်ပါ။ မတ် - ၂၂ ၊၂၀၁၈ အချက်အလက်ပေါက်ကြားမှုတွေ ရှိခဲ့တဲ့အပေါ် Facebook ထူထောင်သူ ဇူကာဘက်ဂ်က တောင်းပန် လိုက်တယ်ဆိုတဲ့ သတင်းအပါအဝင် ဒီကနေ့ ရဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို တင်ဆက်လိုက် ပါတယ်။ အချက်အလက် ပေါက်ကြားမှုတွေ ရှိခဲ့တဲ့အပေါ် Facebook ထူထောင်သူ ဇူကာဘက်ဂ် တောင်းပန် သုံးစွဲသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် Facebook ထူထောင်သူ မတ်ခ်ဇူကာဘက်ဂ်က တောင်းပန်စကား ပြောကြားခဲ့ပါတယ်။ ဗြိတိန် အခြေစိုက် နိုင်ငံရေး အကြံပေး ကုမ္ပဏီ တစ်ခုဟာ Facebookရဲ့အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေရဲ့ အချက်အလက်ကို ရယူခဲ့သလို ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ပြန်လည် အသုံးချခဲ့ကြောင်း စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။ ဇူကာဘက်ဂ်က Facebook အနေနဲ့ အမှားတချို့ ရှိခဲ့ကြောင်း၊ ဒီအတွက် သုံးစွဲသူတွေကို အနူးအညွတ် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကာကွယ်ဖို့အတွက် Facebookမှာ တာဝန်အပြည့်ရှိတယ်လို့လည်း သူက ဝန်ခံပါတယ်။ တကယ်လို့ လိုအပ်လာရင် တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီ ထွက်ဆိုဖို့ အသင့်ရှိတယ်လို့လည်း Facebookရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် ဖြစ်သူက ဆိုပါတယ်။ ဒါ့အပြင် အနာဂတ်မှာ Facebook Appတွေနဲ့ ပတ်သက်လို့ လုံခြုံရေး အစီအမံတွေကိုလည်း မြှင့်တင်သွားမယ်လို့ ဇူကာဘက်ဂ်က ကတိပြု ပြောဆိုသွားပါတယ်။ ကဘူးလ်မှာ အသေခံ ဗုံးခွဲမှုကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံး အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ အသေခံ ဗုံးကွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့ပါတယ်။ ကဘူးလ်မြို့ထဲက ဘာသာရေး ဝတ်ပြုရာ နေရာတစ်ခု အနီးမှာ မတ်လ ၂၁ ရက်က ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်ခဲ့တာပါ။ သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ကဘူးလ်မှာ နေထိုင်တဲ့ လူနည်းစု ရှီးဟိုက် မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ ကဘူးလ်မှာ နော်ရုဇ်လို့ခေါ်တဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေတုန်းမှာ အသေခံ ဗုံးသမားက တိုက်ခိုက်ခဲ့တာပါ။ ဒေသခံ သတင်းဌာနတွေက ဒဏ်ရာပြင်းထန်သူတွေ အများအပြား ရှိနေတာကြောင့် အသေအပျောက် အရေအတွက်ဟာ လက်ရှိထက် မြင့်တက်လာနိုင်တယ်လို့လည်း ဖော်ပြကြပါတယ်။ ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အုပ်စုဖြစ်တဲ့ အိုင်အက်စ်က အခုတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲပြီး ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြတဲ့ လူငယ်လူရွယ် အတော်များများ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ အခုဗုံးခွဲခံရတဲ့ ဝတ်ပြု နေရာဟာ အရင်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံခဲ့ဖူးပါတယ်။ ၂၀၁၆ တုန်းက အဲဒီနေရာမှာ စစ်သွေးကြွတွေ ဝင်ရောက် ပစ်ခတ်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သလို ၂၀၁၁ တုန်းကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၅၉ ဦး အသက်ဆုံးရှုံးခဲ့ဖူးကြောင်း သိရပါတယ်။ ကိုဆိုဗို လွှတ်တော်ထဲမှာ မဲမပေးဖြစ်အောင် မျက်ရည်ယိုဗုံး ပစ်ခတ် နှောင့်ယှက်မှု ဖြစ်ပွား ကိုဆိုဗို လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်မယ့် အစီအစဉ် တစ်ရပ်ကို မကျေနပ်တဲ့အတွက် အတိုက်အခံ အမတ်တွေက မျက်ရည်ယိုဗုံး ဖောက်ခွဲပြီး နှောင့်ယှက်ခဲ့ကြပါတယ်။ အိမ်နီးချင်း မွန်တီနီဂရိုး နိုင်ငံနဲ့ နယ်နိမိတ် ညှိနှိုင်း သတ်မှတ်ချက် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရေး မဲခွဲ ဆုံးဖြတ်ဖို့ မတ် ၂၁ ရက်က လွှတ်တော်ကို တင်သွင်းချိန်မှာ မဲမပေးဖြစ်အောင် အတိုက်အခံတွေက ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ အတိုက်အခံ လီဗစ်ဇ်ဂျား ဗတ်ဗန်ဒေါ့ဂျီ ပါတီဘက်က အဲဒီ မျက်ရည်ယိုဗုံးကို လှမ်းပစ်ခဲ့တာ ဖြစ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ဝန်ထမ်းရေးရာဌာန အကြီးအကဲက ပြောပါတယ်။ ကိုဆိုဗိုမှာ အရင်ကလည်း မဲပေးမှုကို နှောင့်ယှက် တားဆီးဖို့အတွက် အခုလို နည်းလမ်းမျိုး သုံးခဲ့တာတွေ ရှိဖူးပါတယ်။ ကိုဆိုဗို အစိုးရက မွန်တီနီဂရိုးနဲ့ နယ်နိမိတ်ရေးရာ သဘောတူညီမှုကို အတည်ပြုလိုက်ခြင်းအားဖြင့် နိုင်ငံသားတွေက ဗီဇာကင်းလွတ်ပြီး ဥရောပဘက်ကို အလွယ်တကူ သွားလာနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အတိုက်အခံ ပါတီကတော့ ၂၀၁၅ မှာ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုအရ ကိုဆိုဗို ပိုင်နက်ထဲက စတုရန်းမိုင် ၃၀ လောက် ကျယ်ဝန်းတဲ့ နယ်မြေကို ဆုံးရှုံးရတယ်လို့ ထောက်ပြပြီး နယ်နိမိတ် စာချုပ်ကို အတည်မပြုဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကြံ့ခိုင်မှု အပြည့် ပြန်မရခင် တင်းနစ် ပြန်မကစားသေးဘူးလို့ ရှရာပိုဗာ အတည်ပြု ကြံ့ခိုင်မှု အကောင်းဆုံး အခြေအနေမျိုး မဖြစ်မချင်း တင်းနစ်ပြိုင်ပွဲတွေမှာ ပြန်လည် ပါဝင်ဦးမှာ မဟုတ်ကြောင်း မာရီယာ ရှရာပိုဗာက အတည်ပြုလိုက်ပါတယ်။ ဒဏ်ရာပြဿနာကြောင့် မီယာမီ တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပရိသတ်တွေက ဝေဖန်ခဲ့တဲ့နောက် အသက် ၃၀ အရွယ် ရုရှား တင်းနစ်မယ်က Twitterကနေ အခုလို ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာ ပြဿနာ ဆိုတာဟာ အားကစားသမားတွေ ကြုံလေ့ရှိတဲ့ ကိစ္စဖြစ်ပြီး ပရိသတ်တွေကို အသေးစိတ် အသိပေးဖို့ ဆန္ဒမရှိခဲ့ကြောင်း၊ ဒါပေမဲ့ အင်ဒီးယန်းဝဲလ်စ် ပြိုင်ပွဲမှာ မိနစ် ၃၀ လောက် ယှဉ်ပြိုင်ပြီးချိန် ကတည်းက လက်မောင်း နာကျင်လာပြီး အခုထိ ရှင်းရှင်းလင်းလင်း မသက်သာသေးကြောင်း၊ ပြီးတော့ အဆုတ်မှာလည်း အနာ ရှိနေတဲ့အတွက် ဆရာဝန်တွေက အနားယူဖို့ ညွှန်ကြားခဲ့တာဖြစ်ကြောင်း ရှရာပိုဗာက ဆိုပါတယ်။ ဒါ့အပြင် သူ့ဘဝမှာ ရာနှုန်းပြည့် အာရုံမစိုက်နိုင်ဘဲ ဘယ်အလုပ်ကိုမှ လုပ်လေ့ မရှိတာကြောင့် အခုလည်း ဒဏ်ရာ လုံးဝပျောက်ကင်းပြီး အပြည့်အဝ ကြံ့ခိုင်မှု မရမချင်း တင်းနစ်ပြန်ကစားဦးမှာ မဟုတ်ကြောင်း ရှရာပိုဗာက ရေးသားထားခဲ့ပါတယ်။ ခွဲစိတ်မှု ခံယူဖို့အတွက် လက်စ်ဗီးဂက်စ် ဖျော်ဖြေပွဲ အစီအစဉ်ကို ဆလင်းဒီယွန် ဖျက်သိမ်း ခွဲစိတ်မှုတစ်ခု ခံယူမယ့်အတွက် လက်စ်ဗီးဂက်စ်မှာ သုံးပတ်ကြာ လှည့်လည်ဖျော်ဖြေမယ့် အစီအစဉ်ကို ဆလင်းဒီယွန်က ဖျက်သိမ်းလိုက်ပါတယ်။ ဒီယွန်ရဲ့နားမှာ ပြဿနာ ရှိနေတဲ့အတွက် ဆရာဝန်တွေရဲ့ ထောက်ခံ အကြံပေးချက်အရ ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သူ့ရဲ့ ပြန်ကြားရေး တာဝန်ခံ အဖွဲ့က Facebookကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နားအတွင်းပိုင်း ပြွန်ထဲမှာ ချွတ်ယွင်းမှုတစ်ခု ရှိနေပြီး အသံကို အာရုံခံ ကြားသိရာမှာ မူမမှန်မှုတွေ ဖြစ်နေတဲ့အတွက် ဒီယွန်အနေနဲ့ ခွဲစိတ်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မတ် ၂၇ ကနေ ဧပြီ ၁၈ ရက်အတွင်း လော့စ်အန်ဂျလိစ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲ အားလုံးကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၄၉ နှစ်အရွယ် အဆိုတော် အနေနဲ့ ခွဲစိတ်မှုနောက်ပိုင်း အနားယူပြီးရင် မေ ၂၂ လောက်စလို့ အနုပညာ လှုပ်ရှားမှုတွေ ပြန်လည် စတင်လာနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
Source : http://ift.tt/2HWQFDz
via IFTTT
No comments:
Post a Comment