Wednesday, March 7, 2018


နပန်းလောကက ချန်ပီယံခါးပတ် အများဆုံး ရထားသူ ၅ ယောက် နိုင်ငံတကာလက်ခံတဲ့ တရားဝင် အားကစား မဟုတ်ပေမယ့် အမေရိကန် နပန်း WWE ဆိုတာ ကမ္ဘာမှာ လူကြိုက် အများဆုံး တိုက်ခိုက်ရေး ပွဲစဉ်တွေထဲက တခုပါ။ အခုထိ နပန်းသမားပေါင်းရာနဲ့ချီပြီး ပါဝင် ထိုးသတ်ဖူးတယ်၊ ခါးပတ် အမျိုးအစားအစုံနဲ့ ပွဲရလဒ်တွေ မျိုးစုံ ဖြစ်နိုင်လိုု့ လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာပါ။ ဒီလို နပန်းသမားပေါင်း များစွာ ထဲက ဘယ်နပန်းသမားတွေက ကမ္ဘာ့အဆင့်လို့ အမည် သတ်မှတ် ခေါ်ဆိုတဲ့ ခါးပတ်တွေကို အများဆုံးရထားခဲ့ပါသလဲ။ လေ့လာတင်ပြပါမယ်။ (၅) ဟပ်လ်ခ် ဟိုဂန် (Hulk Hogan) ။ ။ WCW ချန်ပီယံခါးပတ် ၆ ကြိမ်နဲ့ WWE ချန်ပီယံ ၆ ကြိမ် ရပြီးစုစုပေါင်း ၁၂ ကြိမ် ခါးပတ် ရထားပါတယ်။သမိုင်းတလျှောက် အကောင်းဆုံး နပန်းသမား စာရင်းမှာလည်း ပါရှိသူပါ။ ၁၉၉၀ ခုနှစ် ဝန်းကျင် ကတည်းက လူကြိုက်များ ကျော်ကြားသူ ဖြစ်ပြီး အသက် အရွယ်အရ အခုနောက်ပိုင်းတော့ နပန်းကစားတာ မတွေ့ရတော့ပါဘူး။ ၂၀၀၂ခုနှစ် အတွင်း Backlash ပွဲစဉ်မှာ WWE Undisputed ခါးပတ်ကို အသက် ၄၈ နှစ် အရွယ်မှာ ရခဲ့သေးလို့ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ နပန်းသမားကောင်း တဦးလို့သတ်မှတ်နိုင်စေခဲ့ပါတယ်။ (၄) ရန်ဒီအော်တွန် (Randy Orton) ။ ။ WWEချန်ပီယံအဖြစ် ၉ ကြိမ်ရဖူးသလို World Heavyweight ချန်ပီယံ အဖြစ် ၄ ကြိမ်၊ စုစုပေါင်း ချန်ပီယံ ၁၃ ကြိမ် ရထားပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာ WWE ရဲ့ ပရိတ်သတ် နှစ်သက်မှု အများဆုံး နပန်းသမား စာရင်းမှာရော ဝင်ငွေ အကောင်းဆုံးစာရင်းမှာပါ ထိပ်ပိုင်းက ရပ်တည်လာနိုင်သူပါ။ အထူးသဖြင့် ခန္ဒာကိုယ် အနေအထားက အထက်၊ အောက် မျှပြီး ဆွဲဆောင်မှု အကောင်းဆုံး နပန်းသမားတဦး ဖြစ်နေလို့ပါ။ နပန်းလောကရဲ့ ဒုတိယမျိုးဆက်ဝင် အဖြစ် သတ်မှတ်ပြီး ၂၀၀၄ ခုနှစ် အတွင်းက သူ့ အသက် ၂၄ နှစ်မှာတင် ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့လို့ အခုထိ အသက်ငယ်ဆုံး ကမ္ဘာ့ချန်ပီယံ အဖြစ် မှတ်တမ်းဝင်နေဆဲပါ။ (၃) ထရစ်ပယ် အိတ်ချ် (Triple H) ။ ။ WWE ချန်ပီယံအဖြစ် ၉ ကြိမ်နဲ့ World Heavyweight ချန်ပီယံအဖြစ် ၅ ကြိမ်၊ စုစုပေါင်း ၁၄ ကြိမ် ရထားပါတယ်။ နပန်းသမားဘဝကနေ အနားယူနေပြီ ဖြစ်ပေမယ့် WWE ရဲ့ တာဝန်ရှိသူ တဦးအနေနဲ့ ရှိနေဆဲပါ။ ၁၉၉၉ ကတည်းက ပထမဆုံး ကမ္ဘာ့ချန်ပီယံ ဖြစ်ထားသူပါ။ ၂၀၀၀ ကနေ ၂၀၁၀ အတွင်းခါးပတ် ၁၂ ကြိမ် ရခဲ့ပြီး နာမည်ကျော် နပန်းသမားတွေ ဖြစ်တဲ့ The Rock, Stone Cold, Chris Jericho, Shawn Michaels တို့ကို အနိုင်ရခဲ့ ဖူးပါတယ်။ NXT, Cruiserweight division နဲ့ United Kingdom Championship Tournament လိုပွဲစဉ်တွေကို ဦးဆောင် စီစဉ်ကျင်းပနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ (၂) ဂျွန်စီနား (John Cena) ။ ။ WWE ခါးပတ် အများဆုံး ရထားသူအဖြစ် မှတ်တမ်းဝင်ထားပြီး ၁၃ ကြိမ်၊ World Heavyweight ချန်ပီယံ ၃ ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ် ထိ ရထားပါတယ်။ ဇွဲရှိရှိနဲ့ ကစားတတ်လို့၊ သန့်သန့်ရှင်းရှင်း ကစားတတ်လို့ သူ့ကို ကလေးတွေကအစ အားပေးကြပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်း WWE ခါးပတ်နဲ့ အတူ မြင်တွေ့ရမှု အများဆုံး နပန်းသမား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနှစ်တွေမှာ ဒဏ်ရာ ပြသနာတွေနဲ့ ရင်ဆိုင်နေရပြီးအရင်လောက် ပွဲများများ ထိုးသတ်မှု မရှိတော့ပါဘူး။ ဒါပေမယ့် အခုနှစ်တွေ အတွင်း အေဂျေစတိုင်းစ် (AJ Styles) နဲ့ ဘရော့်ခ်လီစနာ (Brock Lesnar) လိုကစားသမားတွေကို အနိုင်ရခဲ့လို့ လူကြိုက်များနေဆဲ ဖြစ်သလို The Rock နဲ့ ၂ ပွဲ ကစားထားမှုတွေ အရလည်း ပရိတ်သတ် အခိုင်အမာအားပေးမှု ရနေဆဲ ဖြစ်ပါတယ်။ (၁) ရစ်ခ်ဖလဲယား (Ric Flair) ။ ။ NWA ချန်ပီယံအဖြစ် ၈ ကြိမ်၊ WCW ချန်ပီယံအဖြစ် ၆ ကြိမ်၊ WWE ချန်ပီယံ အဖြစ် ၂ ကြိမ်၊ စုစုပေါင်း ၁၆ ကြိမ် ရဖူးပါတယ်။ နပန်းလောက အစ အကောင်းဆုံးနဲ့ လူကြိုက် အများဆုံး နပန်းသမားတွေထဲက တဦးပါ။ သူက ရှေးနပန်းသမား ဖြစ်လို့ အခုခေတ် ကစားသမားတွေနဲ့ စာရင် ကစားကွက် ရိုးသလိုလို ရှိပေမယ့် သူ့ခေတ် သူ့အခါက ပြောဟန်ဆိုဟန်က အစ ကစားကွက်ပါ အဆန်းဆုံး ကစားနိုင်ခဲ့သူပါ။ Hulk Hogan တို့နဲ့ ခေတ်ပြိုင်လို့ ဆိုနိုင်ပြီး ခြေထောက်ချုပ်ကွက် ကောင်းကောင်းရှိသူ ဖြစ်လို့ ရစ်ခ်ဖလဲယားရဲ့ ချုပ်ကွက်မိရင် အရှုံးပေးရသူအများအပြား ရှိခဲ့တာလည်း ဖြစ်ပါတယ်။ Ref: www.wwe.com The post နပန်းလောကက ချန်ပီယံခါးပတ် အများဆုံး ရထားသူ ၅ ယောက် appeared first on ဧရာဝတီ.
Source : http://ift.tt/2FhLVeS
via IFTTT

No comments:

Post a Comment