မွန်လူထု အကြိုတွေ့ဆုံပွဲ တပ်မတော်ဘက်က ကန့်သတ်ခြင်းခံနေရ မွန်လူထုအကြို တွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ (NMSP) က ကျင်းပရန် ပြင်ဆင်နေသော်လည်း တပ်မတော် ဘက်က ကန့်သတ်မှုများ ပြုလုပ်ခဲ့သဖြင့် ယနေ့အထိ ကျင်းပခွင့် မရနိုင်သေးကြောင်း NMSP ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှက ဧရာဝတီသို့ ပြောသည်။ NMSP သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (မွန်လူမျိုးအလိုက်) ကို ကျင်းပခွင့် ရရှိထားပြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ၎င်းတို့ တပ်နေရာများရှိသော နေရာ ၅ နေရာတွင် လူထုအကြို တွေ့ဆုံပွဲ ကျင်းပရန် လုပ်ဆောင်ရာ၌ တပ်မတော်ဘက်က ကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် ယနေ့အထိ ကျင်းပနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ သို့သော် ငြိမ်းချမ်းရေး ကော်မရှင် (PC ) အတွင်းရေးမှူး ဦးခင်ဇော်ဦးကမူ မွန်လူထုအကြို တွေ့ဆုံပွဲ အပေါ် တပ်မတော်၏ ကန့်သတ်မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်က စေ့စပ်ညှိနှိုင်း ပေးနေရာ ယခုဆိုလျှင် အဆင်ပြေသွားပြီဖြစ် ကြောင်း မတ်လ ၁၂ရက်နေ့ MNTV ၏ သတင်းထုတ် လွှင့်မှုတွင် ပြောဆိုသွားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ(NMSP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဝင်းလှကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ “ဘယ်လိုမှလည်း ထူးမလာသေးဘူး။ ဘာမှ အကြောင်းမကြားဘူး” ဟု ပြောသည်။ NMSP က ယခုရက်ပိုင်းအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) ထံ မွန်လူထု အကြိုတွေ့ဆုံပွဲ ကျင်းပနိုင်ရေး အတည်ပြု ပေးရန်နှင့် တရားဝင် အကြောင်းကြားစာ ပေးပို့ပေးရန် စာပို့၍ အကြောင်းကြားထားသော်လည်း ယနေ့အထိ အကြောင်း ပြန်ကြားလာခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် (PC) မှ အတွင်းရေးမှူး ဦးခင်ဇော်ဦးအား ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသည့်အတွက် တစုံတရာ မသိရပေ။ မွန်ပြည်သစ်ပါတီ (NMSP) သည် မွန်လူထုအကြို တွေ့ဆုံပွဲကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်တို့ အပါအဝင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ၂ နေရာ စုစုပေါင်း ၅ နေရာတွင် ကျင်းပသွားရန် စီစဉ်ထားသည်။ သို့သော်လည်း တပ်မတော်ဘက်က ကရင်ပြည်နယ်အတွင်း ကျင်းပမည့် နေရာ ၃ နေရာတွင် အင်အား ၃၀ ထက် မပိုရန် ကန့်သတ်မှုများ ပြုလုပ်လာခြင်းကြောင့် မတ်လက ကျင်းပရန် စီစဉ်ထားသော လူထုအကြို တွေ့ဆုံပွဲများကို ဖျက်သိမ်းခဲ့ရသည်ဟု NMSP ဘက်က ဆိုသည်။ နိုင်ဝင်းလှက “နေရာတိုင်းတော့ မဟုတ်ဘူး။ ကျနော်တို့ ကရင်ပြည်နယ်ထဲမှာပါတဲ့ ကြာအင်းဆိပ်ကြီးတို့၊ နောက် ကော့ကရိတ်တို့၊ ဘုရားသုံးဆူတို့ဘက်မှာ ကျင်းပမယ့် နေရာမှာကတော့ သူတို့က အင်အား ၃၀ ထက် မကျော်စေချင်ဘူး ပေါ့လေ။ အဲဒီ သဘောပေါ့။ ကျနော်တို့ သဘောကတော့ လူထု တွေ့ဆုံပွဲဆိုတော့ လူထုပါမှ ရမှာပေါ့။ လူထုပါဝင်မှု ရှိရမယ်လေ။ လူထု မပါဝင်ရဘူး ဆိုပြန်ရင်လည်းပဲ ကျနော်တို့ တွေ့ဆုံပွဲဆိုတဲ့ သဘော မရောက်တော့ ဘူးလေ” ဟု ပြောသည်။ ထို့ကြောင့် ဧပြီ ၆ ရက်မှ ၉ ရက်အထိ မွန်ပြည်နယ်၊ရေးမြို့နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (မွန်လူမျိုးအလိုက်) ကျင်းပသွားရန် မွန်ပြည်သစ်ပါတီ (NMSP) မှ စီစဉ်ထားမှု မသေမချာဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ The post မွန်လူထု အကြိုတွေ့ဆုံပွဲ တပ်မတော်ဘက်က ကန့်သတ်ခြင်းခံနေရ appeared first on ဧရာဝတီ.
Source : http://ift.tt/2G4byiJ
via IFTTT
No comments:
Post a Comment