သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဝတ်စားဆင်ယင်မှု ပုံစံ ၃ မျိုး “တောင်းမှာအကွပ် လူမှာအဝတ်” ဆိုတဲ့ စကားပုံလိုပဲ ဝတ်စားဆင်ယင်မှု ပုံစံဟာ အရေးပါ လှပါတယ်။ ဒါပေမယ့် သက်သောင့်သက်သာရှိမှုဟာ လှပမှုထက် ပိုပြီး အရေးပါတယ် ဆိုတာကို သတိထားသင့်ပါတယ်။ ပြောင်းလဲလာတဲ့ ဖက်ရှင် ရေစီးကြောင်းအတိုင်း ဝတ်ဆင်ကြပေမယ့် အချို့သော ဝတ်စားဆင်ယင်မှုတွေကတော့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်တဲ့ ဝတ်စားဆင်ယင်မှုပုံစံ ၃ မျိုးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) အလွန်မြင့်သော ဒေါက်မြင့်ဖိနပ်များ စီးခြင်း အလွန်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ လမ်းလျှောက်ရ ခက်ခဲပြီး ခါးရှေ့သို့ ကိုင်းပြီး အားပြုလျှောက်ရတာ ဖြစ်တဲ့အတွက် အဆစ်လွဲခြင်း၊ ခြေသလုံး ကြွက်တက်စေခြင်းနဲ့ အခန့် မသင့်ပါက ခြေချောင်းကျိုးခြင်းတို့ ဖြစ်စေတတ်ပါတယ်။ အတန်အသင့် မြင့်တဲ့ ဒေါက်မြင့်ဖိနပ်တွေက ပြဿနာ မရှိပေမယ့် High Heels လို ဖိနပ်တွေကတော့ ခါးနာဝေဒနာနဲ့ ခြေချောင်း အရိုးအဆစ် နာကျင်မှု ဝေဒနာတို့ကို ခံစားရ စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဖိနပ်အမြင့် ရွေးချယ်တဲ့ အခါမှာ ဒေါက်အကြီး အသေး၊ အောက်ခံ အထူအပါးနဲ့ သက်သောင့်သက်သာ ဖြစ်စေမှုတို့ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ (၂) တင်းကြပ်တဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း တင်းကြပ်တဲ့ အဝတ်အစားတွေဟာ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို နှေးကွေးစေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ တင်းကြပ်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်မိတာကြောင့် ခန္ဓာကိုယ်က တင်းကြပ်တဲ့ခံစားမှုကို ဦးနှောက်ဆီကို အဆက်မပြတ် ပို့ပေးပြီး စိတ်ကျဉ်းကြပ် စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခန္ဓာကိုယ်ရဲ့မသက်မသာတဲ့ ဝေဒနာတွေ မခံစားရအောင် သက်သောင့်သက်သာရှိမယ့် အဝတ်အစား မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။ (၃) လေးလံသော အိတ်များ လွယ်ခြင်း လေးလံတဲ့ အိတ်တွေကို လွယ်ခြင်းဟာ ပုခုံးနဲ့ လည်ပင်းရိုးကို နာကျင်စေပြီး အာရုံကြောစနစ်တွေကိုပါ ထိခိုက်စေ နိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ အမေရိကန် ဆေးသိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းထက် ပိုလေးလံတဲ့ အိတ်တွေကို မလွယ်သင့်ဘူးလို့ဆိုပါတယ်။ သားရေအစစ်နဲ့ ပြုလုပ်ထားတဲ့ အိတ်တွေဟာ အိတ်အလွတ်ချည်းပဲကို ၅ ပေါင်ခန့် အလေးချိန်ရှိတာကြောင့် ရှောင်ကြဉ် သင့်ပါတယ်။ Ref : blog.doctoroz.com The post သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဝတ်စားဆင်ယင်မှု ပုံစံ ၃ မျိုး appeared first on ဧရာဝတီ.
Source : http://ift.tt/2tsbUdR
via IFTTT
No comments:
Post a Comment