မယ်လိမ့်လုံဆိုင်ရှင်ကို ချုပ်ရမန်ထပ်ယူ ဓမ္မတာနှင့် ဆန်ကျင်သည့် အဓမ္မမှု ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ခံထားရသည့် မယ့်လိမ့်လုံ (သူဌေးမကြီး) ရိုးရာ စားသောက်ဆိုင် ပိုင်ရှင် ကိုအောင်မျိုးထွဋ်အား ယနေ့ မတ် ၂၃ ရက်နေ့ ရုံးထုတ်တွင် တောင်ဥက္ကလာပမြို့နယ် တရားသူကြီးက ဒုတိယအကြိမ် ချုပ်ရမန်ထပ်ပေးခဲ့ကာ ဧပြီ ၆ ရက်နေ့က ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်သည်။ ကိုအောင်မျိုးထွဋ်အနေဖြင့် မတ်လ ၉ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှ အမှုတည်ဆောက်ဆဲ အခြေအနေတွင် တရားရုံးသို့ အမှုစွဲတင်နိုင်ခြင်း မရှိသေးသည့်အတွက် ရဲတပ်ဖွဲ့၏ ချုပ်ရမန် ထပ်မံ တောင်းခံခြင်းကို ခွင့်ပြုပေးခြင်းဖြစ်ကြောင်း မြို့နယ်တရားသူကြီးက ပြောသည်။ မြို့နယ်တရားသူကြီးက “ရဲဘက်က ချုပ်မိန့်ထပ်တောင်းလို့ ခွင့်ပြုပေးခဲ့တာ၊ အမှုတခုကို တရားမစွဲတင်မီရက်ပေါင်း ၃၀ အထိ ချုပ်ခွင့်ရှိပါတယ်၊ ကျင့်ထုံးဥပဒေနဲ့အညီပဲ ဆက်လုပ်သွားပါမယ်” ဟု သတင်းမီဒီယာများအား ပြောသည်။ ကိုအောင်မျိုးထွဋ် အနေဖြင့် ၎င်းပိုင်သည့် စားသောက်ဆိုင်မှ အသက် ၂၂ နှစ်အရွယ် ဝန်ထမ်းအမျိုးသား တဦးအား ဓမ္မတာနှင့် ဆန့်ကျင့်သည့် လိင်ဆက်ဆံမှုများကို ပြုလုပ်ခဲ့သည်ဟုဆိုကာ ကာယကံရှင် ဝန်ထမ်းအမျိုးသားမှ ရဲစခန်းတွင် တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အက်ဒီ (ခေါ်) ကိုအောင်မျိုးထွဋ် သည် နိုင်ငံတကာ HIV/AIDS နှင့်ပတ်သက်သည့် NGO အဖွဲ့အစည်းများတွင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ဖြစ်သည့်အပြင် ၎င်းကိုယ်တိုင်လည်း HIV ဝေဒနာရှင်တဦး ဖြစ်ကြောင်း အမှုမှ တရားလိုများနှင့် ၎င်းနှင့်ရင်းနှီးသည့် မိတ်ဆွေများက ဧရာဝတီသို့ ထုတ်ဖော်ပြောကြားထားသည်။ လက်ရှိတွင် အက်ဒီ၏ ဓမ္မတာနှင့် ဆန့်ကျင်သည့် လိင်ဆက်ဆံမှုကို ခံခဲ့ရသည်ဆိုသော တရားလို ဆိုင်ဝန်းထမ်း အမျိုးသားမှာ HIV ကူးဆက်ခံရနိုင်သည့် အခြေအနေကြောင့် ဆရာဝန်များ၏ အကြံပြုချက်အရ ကာကွယ်ဆေး သောက်နေရကြောင်း ကာယံရှင် ဆိုင်ဝန်ထမ်းက ပြောကြားထားသည်။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇ တွင် ယောကျ်ားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစ္ဆာန်နှင့် ဖြစ်စေ မည်သူမဆို မိမိအလိုုအလျောက် ဓမ္မတာနှင့် ဆန့်ကျင့်သော ကာမစပ်ယှက်မှုကို ပြုလျှင် ထိုသူကိုတသက် တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။ The post မယ်လိမ့်လုံဆိုင်ရှင်ကို ချုပ်ရမန်ထပ်ယူ appeared first on ဧရာဝတီ.
Source : http://ift.tt/2G3zMGx
via IFTTT
No comments:
Post a Comment