၈ လောင်းပြိုင် အမြန်လမ်း ကားမီးလောင်မှု ယာဉ်မောင်းကို ထောင်ဒဏ် နှစ်ရှည်ချမှတ် လူ ၈ ဦး သေဆုံးစေခဲ့သည့် အမြန်လမ်း ကားမီးလောင်မှုတွင် ယာဉ်မောင်းဖြစ်သူ အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့် အား ပုဒ်မ ၃ ခုဖြင့် ရန်ကုန်တိုင်း လည်းကူးမြို့နယ် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် ယနေ့ အမိန့်ချမှတ် လိုက်သည်။ အမှုတွင် အောင်ခန့်အား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄(က) အရ အလုပ်နှင့်ထောင်ဒဏ် ၇ နှစ်၊ ပုဒ်မ ၂၈၅ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၂၇၉ အရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ချုပ်ရက်များအား ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည်။ ရာဇသတ်ကြီး ဥပဒေတွင် ပုဒ်မ ၃၀၄ (က) သည် ပေါ့ဆမှုကြောင့် လူသေမှု၊ ပုဒ်မ ၂၈၅ သည် မီးလောင်မှုနှင့် စပ်လျဉ်း ၍ ပေါ့လျော့ခြင်း၊ ပုဒ်မ ၂၇၉ သည် အများပြည်သူ ဆိုင်ရာ လမ်းတွင် အန္တရာယ် ဖြစ်စေနိုင်သည့် ယာဉ်မောင်းနှင်မှု ဟု ပြဌာန်းထားသည်။ အောင်ခန့်၏ အစ်မဝမ်းကွဲ တော်စပ်သူက “အမိန့်ကိုကျေနပ်မှု လုံးဝမရှိဘူး၊ ကျမတို့ အထက်တရားရုံးကို တက်မယ်၊ အယူခံ လျှောက်မယ်၊ ဒါကမတော်တဆမှု ၊ ဖြစ်တတ်တဲ့ အမှုပဲ၊ တခြားအပြင်က လူသတ်မှုတွေတောင် ဒီလောက် နှစ် မများဘူး” ဟု ပြောသည်။ မီးလောင်မှုသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၄ မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၇ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ လမ်းလယ်ရှိ အလူမီနီယံ ဘောင် အား တိုက်မိကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အောင်ခန့် တဦး တည်း သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အပြီးသတ် အမိန့်ချမှတ်ခဲ့သည့် လည်းကူးမြို့နယ် တရားရုံးသို့ အမှုဖြစ်စဉ်တွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ လည်း လာရောက်ခဲ့ပြီး အမိန့်ချမှတ်မှုအပေါ် မည်သိုမျှ မပြောလိုကြောင်း ပြောဆိုကြသည်။ သေဆုံးသူ မမေသူကို၏ အဘွားဖြစ်သူက “သူ့ကို ဘယ်လောက် ပြစ်ဒဏ်ချချ ဘာမှ မဖြစ်လာတော့ဘူး၊ မေသူက ပြန်ရှင်လာမှာလည်း မဟုတ်တော့ဘူး၊ သူတို့ကိုပဲ ဒီလိုအဖြစ်မျိုးတွေ မကြုံရပါစေနဲ့လို့ဘဲ မေတ္တာပို့တယ်”ဟု ပြော သည်။ အမှုဖြစ်စဉ်တွင် အခင်းဖြစ်ရပ် အနေအထားများနှင့် ပတ်သက်၍လည်း ရုပ်အလောင်းများအား ၂၄ နာရီ မပြည့်ခင် မီးသဂြိၤုဟ်ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ်ကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။ လူသေဆုံးစေခဲ့သည့် ကားမီးလောင်မှု ဖြစ်စဉ်ကြောင့် ယာဉ်ကို မောင်းနှင်ခဲ့သူ အောင်ခန့်အား လည်းကူးမြို့နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄(က)၊ ၂၈၅၊ ၂၇၉ တိုု့ဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က စွဲချက် တင်ခဲ့ခြင်းဖြစ်သည်။ အမှု ဖြစ်ပွားရခြင်းသည် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆဋ္ဌဂံ မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီမှ CEO ဖြစ်သူ ဦးဝင်းထွန်း က ဟိုက်အေ့စ်ယာဉ်ကို တရက်လျှင် ခုနှစ်သောင်း ကျပ်ဖြင့် ငှားရမ်း၍ အောင်ခန့်အား မောင်းနှင်စေလျက် ကုမ္ပဏီဝန်ထမ်းများ ဖြစ်သော မမြတ်မြတ်အေး၊ မမေသူကို၊ မခင်သီတာ၊ မခိုင်မြတ်ဦး၊ မသင်းသင်းမော်၊ မယုရတနာလင်း၊ မဝင်းပပဌေး တို့နှင့်အတူ ပုဂံသို့ ဘုရားဖူး သွားရာမှ အပြန်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။ The post ၈ လောင်းပြိုင် အမြန်လမ်း ကားမီးလောင်မှု ယာဉ်မောင်းကို ထောင်ဒဏ် နှစ်ရှည်ချမှတ် appeared first on ဧရာဝတီ.
Source : http://ift.tt/2FZhpTi
via IFTTT
No comments:
Post a Comment