လာအိုမူးယစ်ဂိုဏ်းခေါင်းဆောင် Mr X ကို ထိုင်းတရားရုံးက ထောင်ဒဏ်တစ်သက် ချမှတ် Mr X ဟုသိကြသော အဓိကကျသည့် လာအိုမူးယစ်ဂိုဏ်းခေါင်းဆောင် တစ်ဦးကို မတ် ၂၀ ရက်တွင် ဘန်ကောက်တရားရုံး တစ်ရုံးက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း သိရသည်။ ထိုင်းအစိုးရသည် ၎င်း၏နယ်စပ်ဒေသများတွင် ဖြစ်ပွားနေသော စံချိန်တင်လောက်သည့် မက်သာဖက်တမင်း ကုန်ကူးမှုများကို နှိမ်နင်းရန် ကြိုးပမ်းနေစဉ် ယခုကဲ့သို့ အမိန့်ချခဲ့ခြင်း ဖြစ်သည်။ စိတ်ကြီးဝင်သည့် ပုံစံဖြင့် လမ်းလျှောက်လေ့ရှိသော လာအိုနိုင်ငံသား Xaysana Keopimpha ကို ယမန်နှစ် ဇန်နဝါရီလက ဘန်ကောက်၏ အဓိကလေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ထိုသို့ အဖမ်းမခံရစဉ်က ထင်ပေါ်ကျော်ကြားသူများနှင့် အဆက်အသွယ်ရှိပြီး လူမှုမီဒီယာများပေါ်တွင် ပြိုင်ကားများအား ကြိုက်နှစ်သက်ကြောင်း ပြသလေ့ရှိသူဖြစ်သည်။ Xaysana သည် မြန်မာနိုင်ငံလုပ် ယာဘဆေးပြားများနှင့် ice ဟု သိကြသော ခရစ်စတယ်မက်သာဖက်တမင်း တန်ချိန်များစွာကို ကွန်မြူနစ်လာအိုကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲသို့ တင်သွင်းသည့် မှောင်ခိုကွန်ရက်တစ်ခု၏ အခရာပုဂ္ဂိုလ်ဖြစ်ကြောင်း စွပ်စွဲခံထားရသည်။ ထိုလာအိုလမ်းကြောင်းကို ထိုင်း၊ မလေးရှား စျေးကွက်တို့အပြင် ပေါက်စျေးမြင့်မားသော သြစတြေးလျနှင့် ဂျပန်ကဲ့သို့ စျေးကွက်များကို ရောက်လိုသည့် မှောင်ခိုဂိုဏ်းများက အသုံးပြုမှု မြင့်မားလာနေသည်။ ဘန်ကောက်တရားရုံးက Xaysana ကို မူလက သေဒဏ်ချမှတ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းသည် ၂၀၁၆ ခုနှစ်က ဒေါ်လာ ၁ ဒသမ ၂ သန်း တန်ဖိုးရှိသည့် ယာဘဆေးပြားများအမှု အပါအဝင် မူးယစ်ဆေး မှောင်ခိုမှုအချို့ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံလိုက်သဖြင့် ထောင်ဒဏ်တစ်သက်သို့ ပြစ်ဒဏ်လျှော့ခံလိုက်ရခြင်း ဖြစ်သည်။ Xaysana သည် မူးယစ်ဆေးများကို တောင်ပိုင်းသို့ပို့ရန် လာအိုနှင့် ထိစပ်နေသော ထိုင်းနယ်စပ် Nong Khai အား အသုံးပြုသည့် မှောင်ခိုကွန်ရက်တစ်ခုနှင့် ဆက်စပ်နေသည့် အကြောင်းကို မိုဘိုင်းဖုန်းများမှ ရရှိသည့် သက်သေများအရ သိရကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။ ထောင်ဝတ်စုံဝတ်ထားကာ လက်ထိတ်ခတ်ခံထားရသော Xaysana သည် စီရင်ချက်ချလိုက်ချိန်တွင် မည်သည့် စိတ်ခံစားချက်ကိုမှ မပြခဲ့ပေ။ Xaysana ၏ အရောင်စုံလှသော ဘဝအကြောင်းသည် ယမန်နှစ်က ၎င်းဖမ်းဆီးခံရပြီးနောက်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Xaysana သည် လူချမ်းသာများ၊ သြဇာကြီးသူများနှင့် အဆက်အသွယ်ရှိသည့် အတွက် ဂုဏ်ယူဝံ့ကြွားလေ့ရှိပြီး ထိုသူများသည် ၎င်း၏ မူးယစ်ဆေးဂိုဏ်းကို ဖုံးဖိရန် ကူညီပေးခဲ့ဖွယ်ရှိသည်။ ထိုင်းရဲများ၏ ပြောကြားချက်အရ ဘန်ကောက်နှင့် အနီးဝန်းကျင်မှ ဆင်ခြေဖုံး ရပ်ကွက်များသည် အရေးပါသည့် ပုန်းခိုရာ နေရာများဖြစ်ခဲ့ပြီး မူးယစ်ဆေးဂိုဏ်းအတွက် အကာအကွယ် ဖြစ်ခဲ့ကြောင်း၊ အဆင့်မြင့် ကားပွဲစားများနှင့် ထင်ပေါ်ကျော်ကြားသူများကလည်း Xaysana ၏ အကျိုးအမြတ်များကို ခဝါချရာတွင် ကူညီပေးခဲ့ကြောင်း သိရသည်။ ထိုင်းရဲများသည် လက်ရှိတွင် စံချိန်တင်များပြားသည့် ယာဘများ၊ ပိုမိုစွဲလမ်းစေနိုင်သော ice များကို ဖမ်းဆီးမိနေသည်။ သို့သော် ထိုကဲ့သို့ အများအပြား ဖမ်းမိနေခြင်းက ထုတ်လုပ်မှု များပြားလာသည့် လက္ခဏာတစ်ရပ် ဖြစ်သည်ဟု မူးယစ်ဆေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ထို့ပြင် ရဲများက မူးယစ်ဆေးဝါးများကို အမြောက်အမြား ဖမ်းမိနေသော်လည်း ကာလပေါက်စျေး တန်ဖိုးမှာ သိသိသာသာ မြင့်တက်ခြင်း မရှိပေ။ Ref : AFP
Source : http://ift.tt/2u1l69z
via IFTTT
No comments:
Post a Comment