အမှန်တရားကို မျက်ကွယ်ပြု၍ မရကြောင်း ဖမ်းဆီးခံ Reuters သတင်းသမား နှစ်ဦး ပြော ရခိုင်ပြည်နယ် မောင်တော ဒေသတွင်း ပဋိပက္ခများနှင့် ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် အမှန်တရားများ အပေါ် အစိုးရ အနေဖြင့် မျက်ကွယ်ပြု၍ ရလိမ့်မည် မဟုတ်ကြောင်း ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက် နှစ်ဦးက ယနေ့ ရုံးချိန်း အပြီးတွင် ပြောဆိုလိုက်သည်။ ဖမ်းဆီးခံထားရသည့် Reuters သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးက “အမှန်တရားကို ဖုံးကွယ်လို့ မရ ပါဘူး။ ကျနော်တို့ကို ထောင်သွင်းပြီးတော့ အကျဉ်းချထားလို့ရပါတယ်။ ကျနော်တို့ ပေါ်ပေါက်ခဲ့တဲ့ အမှန်တရားနဲ့ ပတ်သက်ပြီး တော့ အစိုးရက မျက်ကွယ်ပြုလို့ ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောသည်။ ၈ ကြိမ်မြောက် ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ အဖြစ် ကိုဝလုံး၏ မိဘနေအိမ်အား ဝင်ရောက်ရှာဖွေခဲ့သည့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်နှင့် သတင်းသမား နှစ်ဦးကို ဖမ်းဆီးစဉ်က ထိုင်ခဲ့သည့် စားသောက်ဆိုင်မှ စားပွဲထိုးဖြစ်သူ ကိုကျော်မင်း တို့ကို စစ်ဆေးခဲ့သည်။ ကိုဝလုံး၏ဖခင် ဦးတင်မြင့်က “သူတို့အဖမ်းခံရပြီး နောက်နေ့မှာ အိမ်ကိုလာရှာကြတာ မှတ်စုစာအုပ်ရယ်၊ လက်ပ်တော့ ၁ လုံးရယ် အပါအဝင် ပစ္စည်း ၅ မျိုးကို သိမ်းယူသွားတယ်။ ရှာဖွေဝရမ်း ပါမပါတော့ မမေးမိလိုက်ဘူး။ သူတို့လည်း မပြခဲ့ဘူး” ဟု ပြောသည်။ သတင်းရေးသား ဖော်ထုတ်မှုနှင့် ပတ်သက်၍ မိသားစု နေအိမ်များအထိပါ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းသည် ရခိုင် အရေး သတင်းရေးမှုများ အပေါ် ဟန့်တားလိုသည့် လုပ်ရပ်သာဖြစ်ပြီး အမှန်တရား ဖော်ထုတ်ရေးသားခြင်း မပြုနိုင်ရန် ဖိအား ပေးနေခြင်းသာ ဖြစ်ကြောင်း ဖမ်းဆီးခံ သတင်းထောက် နှစ်ဦးက ဝေဖန်သည်။ အမှုနှင့်ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန် မြောက်ပိုင်းခရိုင် တရားရုံးမှ မတ်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆို ထားကြောင်း သိရသည်။ Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင် တို့သည် မောင်တော မြို့နယ် အင်းဒင်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သတင်းစုံစမ်းဖော်ထုတ်နေစဉ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့ နယ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁)(ဂ)ဖြင့် တရားစွဲ ခံနေရခြင်း ဖြစ်သည်။ ၎င်းတို့ဖော်ထုတ်ခဲ့သည့် အင်းဒင်ကျေးရွာ၊ ပဲရုံသုသာန်တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က ဘဂါင်္လီ ၁၀ ဦး အား ရွာခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး Reuters သတင်းဌာနက “မြန်မာပြည်မှ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” ခေါင်းစဉ်ဖြင့် ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းရေးသား ဖော်ပြခဲ့သည်။ အင်းဒင်ရွာ လူသတ်မှု ဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ခဲ့သည့် အခြေအနေအပေါ် တပ်မတော်မှ ဝန်ခံခဲ့ပြီး ကျူးလွန်သူများကို အရေးယူမည်ဖြစ်ကြောင်းလည်း ဇန်နဝါရီ ၁၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အမှုအား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော် အရာရှိ ၄ ဦး၊ စစ်သည် ၃ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦးနှင့် အင်းဒင် ရွာသား ၆ ဦးတို့ကို အရေးယူရန် ဆုံးဖြတ်ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဧရာဝတီ သို့ ပြောကြားထားသည်။ The post အမှန်တရားကို မျက်ကွယ်ပြု၍ မရကြောင်း ဖမ်းဆီးခံ Reuters သတင်းသမား နှစ်ဦး ပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2He9tOg
via IFTTT
No comments:
Post a Comment