Saturday, March 3, 2018

The Myanmar Times

မသန်စွမ်းသူများ အခမဲ့စီးနိုင်မည့် ဝိုင်ဘီအက်စ် ၇၈ ယာဉ်လိုင်းကို ဖေဖော်ဝါရီလလယ်ပိုင်းတွင် စတင် ပြေးဆွဲခဲ့သော်လည်း ကားများတွင် မသန်စွမ်းသူများ လိုက်ပါစီးနင်းရန် လွယ်ကူစေမည့် စီစဉ်ဆောင်ရွက် ထားမှုများမရှိကြောင်း မသန်စွမ်းသူများက ပြောသည်။ မသန်စွမ်းသူများအတွက် ဦးစားပေးသည့်အနေဖြင့် အခမဲ့စီးနင်းခွင့်ပြုသည့် လုပ်ငန်းရှင်များ၏ စေတနာကို အသိအမှတ်ပြုသော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကို မသန်စွမ်းသူများ အသုံးပြုနိုင်ရေးမှာ အခမဲ့စီးနင်းခွင့်ပေးရုံဖြင့် အဆင်မပြေဘဲ လက်လှမ်းမီအသုံးပြုနိုင်အောင် ပြုလုပ်ပေးခြင်းကသာ အဓိကကျသည်ဟု မသန်စွမ်းသူတစ်ဦးဖြစ်သည့် မစိုးမိုးဦးက ပြောသည်။ ''အခမဲ့စီးနင်းခွင့်ပေးထားတိုင်း ကျွန်မတို့မသန်စွမ်းသူတွေ လိုက်ပါစီးနင်းခွင့်ရတာတော့ မဟုတ်ပါဘူး။ မသန်စွမ်းသူတွေအတွက် အဓိကအရေးအကြီးဆုံးက အခမဲ့စီးနင်းခွင့် မဟုတ်ပါဘူး။ မသန်စွမ်းသူတွေ လက်လှမ်းမီ အသုံးပြုရလွယ်ကူအောင် လုပ်ပေးဖို့က အရေးကြီးဆုံးပါပဲ'' ဟု မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သည့် ပတ်ဝန်းကျင်ဖော်ဆောင်ရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်သည့် မစိုးမိုးဦးက ဆိုသည်။ လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီ၏ ဝိုင်ဘီအက်စ် ၇၈ ယာဉ်လိုင်းတွင် ကားအသစ်များ အသုံးပြုထား သော်လည်း အကြားအားရုံ မသန်စွမ်းသူများအတွက် ရောက်ရှိမည့်မှတ်တိုင်ကို LED မီးဖြင့် အချက်ပြ စနစ်နှင့် အမြင်အာရုံမသန်စွမ်းသူများအတွက် မှတ်တိုင်ကြေညာပေးသည့် အသံစနစ် မပါရှိပေ။ ဘတ်စ်ကား အတက်အဆင်းရှိ လှေကားထစ်များသည်လည်း ဝှီးချဲအသုံးပြုသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အတားအဆီးဖြစ်စေသောကြောင့် မသန်စွမ်းသူများ စီးနင်းရန် ခက်ခဲနေခြင်းဖြစ်သည်။ ''ကျွန်မတို့လည်း စရိတ်သက်သာအောင် ဘတ်စ်ကားတို့၊ ရထားတို့စီးချင်ပါတယ်။ ပြောင်းလဲလိုက်တဲ့ ဝိုင်ဘီအက်စ်မှာ ပိုဆိုးလာတာက အတက်နဲ့အဆင်းကိုခွဲထားတာက လူတွေကို တိုးဝှေ့ပြီးစီးရတာ အရမ်း ခက်ခဲပါတယ်။ မသန်စွမ်းမို့လို့ မတင်တာလည်းကြုံခဲ့ရတယ်။ သူများငွေ ၂ဝဝ နဲ့ သွားရတဲ့ ခရီးမှာကိုယ်က ပိုက်ဆံ ၃,ဝဝဝ လောက်မှမကုန်ရင် မရောက်ဘူးဆိုတဲ့ အခြေအနေဖြစ်နေတယ်'' လို့ မသန်စွမ်းသူတစ်ဦးဖြစ်သည့် မနှင်းရည်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံကာမသန်စွမ်းသူများ ဘတ်စ်ကားစီးရာ၌ တွေ့ကြုံရသည့် အခက်အခဲများ၊ မှတ်တိုင်များတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များတွင် မသန်စွမ်းသူများ ပါဝင် အသုံးပြုခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်ရရေးကို အကြုံပြုတင်ပြခဲ့သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။ ''အစိုးရသစ်လက်ထက် ရန်ကုန်မှာ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို သိသိသာသာ ပြောင်းလဲ အကောင်အထည်ဖော်နေပေမဲ့ ကျွန်တော်တို့ အမှန်တကယ် လိုက်ပါစီးနင်းခွင့်ရရေးက အဆင်မပြေသေးပါဘူး။ ဘတ်စ်ကားမှတ်တိုင်အသစ်တွေ တည်ဆောက်ဖို့ အစိုးရက ကြေညာထားတာလည်းရှိတော့ မူလအဆင့်ကတည်းကသာ မသန်စွမ်းသူတွေအတွက် ထည့်သွင်း တည်ဆောက်မယ်ဆိုရင် ဘတ်ဂျက်အများကြီး ကုန်စရာမရှိတော့ဘူး။ ဆောက်ပြီးသားကို ပြန်ဖျက်၊ ပြန်ပြင်ဆောက်မယ်ဆိုရင် ပိုကုန်ပါလိမ့်မယ်'' ဟု ၄င်းက ပြောသည်။ တိုင်းပြည်စီးပွားရေးအခြေအနေ မတိုးတက်ဘူး၊ တစ်ဦးစီဝင်ငွေတွေ တိုးတက်မလာဘူးဆိုရင် မသန်စွမ်းသူတွေပါဝင်နိုင်မယ့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေက အတော့်ကို အချိန်ယူရဦးမှာပါ။ အားမနာတမ်းပြောရရင် အလှမ်းဝေးသေးတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန် ရှိသူ ဒေါက်တာမောင်အောင်က ဝိုင်ဘီအက်စ်စနစ်တွင် မသန်စွမ်းသူများအဆင်ပြေစေရေး ထည့်သွင်းစဉ်းစားထားပြီး နောက်ပိုင်းတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ပြောသည်။ ''အခုလောလောဆယ်တင်သွင်းထားတဲ့ ကားသစ်တွေမှာ သူတို့(မသန်စွမ်းသူ)အတွက် ဦးစားပေးထိုင်ခုံ (Priority Seat) တွေပါပြီးသားပါ။ ဒါတွေကို လူထုကဦးစားပေးတတ်အောင်တော့ ကြေညာပေးဖို့ လိုတယ်။ မသန်စွမ်းသူတွေ အဆင်ပြေအောင် အသံစနစ်တို့၊ LED မီးစနစ်တွေထည့်ဖို့ ဆွေးနွေး ထားတယ်။ နောက်ပိုင်းကျရင်တော့ လုပ်ဖြစ်ဖို့ရှိတယ်။ မသန်စွမ်းတွေစီးနိုင်တဲ့ သီးသန့်ဘတ်စ်ကား တင်သွင်းဖို့တော့ အခုလောလောဆယ် မရှိသေးပါဘူး'' ဟု ဒေါက်တာမောင်အောင်က ပြောသည်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏စုစုပေါင်းလူဦးရေ ၅၁ သန်းကျော်တွင် မသန်စွမ်း သူဦးရေ ၂၃ သိန်းကျော် (၂,၃၆၈,၃၆၇ ဒသမ ၆၄ ဦး) ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူလူဦးရေ ခုနစ်သန်းကျော်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်သည် မသန်စွမ်းသူများဖြစ်ကြသည်။ ပုံမှန်အခြေအနေမဟုတ်ဘဲ ရပ်တည်ရန် ခက်ခဲသူများကို ဦးစားပေးသည့်အနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးတွင် အခမဲ့စီးနင်းခွင့်ပြုခဲ့သော်လည်း မသန်စွမ်းသူများအတွက် အဆင်ပြေနိုင်မည့် သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုဖြစ်လာရန် အလှမ်းဝေးသေးသည်ဟု လူထုမိတ်ဆွေကုမ္ပဏီမှ လုပ်ငန်းဒါရိုက်တာ ကိုသက်တင်ဝင်း (ခ) ကိုတရုတ်လေးက ပြောသည်။ ''ဒီမှာက ယာဉ်လိုင်းကုမ္ပဏီတွေက လုပ်ပေးချင်ရင် တောင်မှ အခြေခံလမ်းတံတား အဆောက်အအုံ မပြည့်စုံပါဘူး။ မသန်စွမ်းသူတွေအတွက် လုံးဝအဆင်ပြေစေမယ့် ဘတ်စ်ကားပြေးဆွဲဖို့ သင့်တော် တဲ့လမ်း၊ မှတ်တိုင် အနေအထားမပြည့်စုံပါဘူး။ ကျွန်တော်တို့ချည်း မရပါဘူး။ တိုင်းပြည်စီးပွားရေး အခြေအနေမတိုးတက်ဘူး၊ တစ်ဦးစီဝင်ငွေတွေ တိုးတက်မလာဘူးဆိုရင် မသန်စွမ်းသူတွေပါဝင်နိုင်မယ့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေက အတော့်ကို အချိန်ယူရဦးမှာပါ။ အားမနာတမ်းပြောရရင် အလှမ်းဝေးသေးတယ်''ဟု ၄င်းက ပြောသည်။ အဆိုပါ ဝိုင်ဘီအက်စ် ၇၈ ပြေးဆွဲမည့်ခရီးစဉ်မှာ တညင်းကုန်းဘူတာစျေးကြီးမှ တညင်းကုန်းလမ်းဆုံ-ဖော့ကန်-ဘိုကုန်း-အင်းစိန်ပန်းခြံ-သမိုင်းလမ်းဆုံ-လှည်းတန်း-မြေနီကုန်း-စံပြ-မဟာဗန္ဓုလလမ်း-ဆူးလေ-ဘူတာကြီးအထိ ဖြစ်သည်။ ယာဉ်အစီးရေ ၅ဝ ဖြင့် ပြေးဆွဲနေသည့် ဝိုင်ဘီအက်စ် ၇၈ တွင် မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများသာမက သံဃာတော်၊ သီလရှင်များ၊ ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အခြေခံ ပညာကျောင်းသားများ(မူလတန်း၊အလယ်တန်း)သည် ယာဉ်စီးခ နေ့စဉ်အခမဲ့ဖြစ်သည်ဟု ကြေညာ ထားသည်။
Source : http://ift.tt/2GWRADn
via IFTTT

No comments:

Post a Comment