Sunday, March 11, 2018

The Voice

စစ်ကိုင်းပြတ်ရွေ့ကို ကောင်းကင်ဓာတ်ပုံရိုက်ကာ သုတေသနလုပ်ရန်စီစဉ် မန္တလေး၊ မတ် ၁၀ မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ အနာဂတ်ကာလတွင် ငလျင်လှုပ်နိုင်ခြေ ရှိ မရှိ သိရှိနိုင်ရန် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးကာ သုတေသနလုပ်ရန်ရှိနေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။ မူလက ဂြိုဟ်တုဓာတ်ပုံများဖြင့် အသုံးပြုခဲ့ရာတွင် ဓာတ်ပုံအရည်အသွေး ကျဆင်းခြင်း၊ အချက်အလက် တိကျမှန်ကန်မှုမရှိခြင်းတို့နှင့် ကြုံရကြောင်း၊ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးလုပ်ငန်းကို လေယာဉ်အသုံးပြုကာ အနီးကပ်ရိုက်ကူးမည်ဖြစ်သဖြင့် အရည်အသွေးကောင်းသည့် ဓာတ်ပုံများရရှိလာမည်ဖြစ်ကာ အချက်အလက်များလည်း ပိုမိုတိကျလာမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးအကြိမ်ပြုလုပ်မည့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးလုပ်ငန်းကို မတ်လ ၁၅ ရက်နေ့တွင် စတင်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းလုပ်ငန်းသည် အချိန်တစ်ပတ်ခန့်ကြာမည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားနေမှုများကို သိရှိနိုင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံရိုက်ကူးမည့် လေယာဉ်ကို စင်ကာပူနိုင်ငံ နန်ယန်းတက္ကသိုလ်ရှိ မြေကမ္ဘာလေ့လာ စောင့်ကြည့်ရေးအဖွဲ့က စီစဉ်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အဆိုပါလေယာဉ်သည် နီပေါနိုင်ငံ၌ သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကရှင်းပြသည်။ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းလုပ်ငန်းကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ စင်ကာပူနိုင်ငံ နန့်ယန်း နည်းပညာတက္ကသိုလ်ရှိ ကမ္ဘာမြေလေ့လာ စောင့်ကြည့်ရေးအဖွဲ့တို့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းကို နေပြည်တော်မှ အင်းဝအထိ ကီလိုမီတာ ၂၀၀ ခန့် (မိုင် ၃၀၀ ကျော်) ရိုက်ကူးကာ သုတေသနပြုလုပ်မည်ဖြစ်၍ အချိန်တစ်ပတ် ခန့်ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ လုပ်ငန်းအစီအစဉ်များအရ သိရသည်။ မြန်မာနိုင်ငံငလျင် ကော်မတီသည် စစ်ကိုင်းပြတ်ရွေ့တွင်ပါဝင်နေသော နေပြည်တော်အပိုင်းကို ဟင်္သာတ၊ တောင်ငူ၊ မုံရွာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ ပခုက္ကူ၊ မအူပင်၊ ဒဂုံတက္ကသိုလ်တို့ရှိ ဘူမိဗေဒဌာနများမှ ဆရာ၊ ဆရာမ ၁၅ ဦးခန့်နှင့်ပူးပေါင်းကာ ဇန်နဝါရီလ ဒုတိယပတ်အတွင်းက သုတေသနပြုလုပ်ခဲ့ဖူးသည်။ စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံတောင်ဘက် အက်ဒမန်ပင်လယ်မှ မြန်မာပြည်မြောက်ပိုင်း ပူတာအိုမြို့ပတ်ဝန်းကျင်အထိ ကီလိုမီတာ ၁၂၀၀ ခန့်ရှည်လျားကာ ၁၉၃၀ တွင် ပဲခူးငလျင်၊ ၁၉၅၆ တွင် စစ်ကိုင်းငလျင်၊ ၁၈၉၉ တွင် အင်းဝငလျင်၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင် စသည့်ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည်။
Source : https://goo.gl/jeizaj
via IFTTT

No comments:

Post a Comment