ပန်းတနော်၌ တားမြစ်ငါးကန် ဆက်တူး၍ ပဋိပက္ခဖြစ် ပုသိမ်၊ မတ် ၁၉ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ ငါးကျီးဆည်အင်းကို တိုင်းအစိုးရက ငါးကန်မတူးရန် တားမြစ်ထားသည်ကို ဆက်တူးရာမှ မတ်လ ၁၈ ရက် ညပိုင်းက စက်ယန္တရားမောင်းသည့် လုပ်သားများနှင့် ဒေသခံရေလုပ်သားတို့ ပဋိပက္ခဖြစ်ခဲ့ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ငါးကန်လုပ်ငန်းရှင်၏ စက်ယန္တရား မောင်းသောလုပ်သားများက ငါးကန်ဘောင် ပြုပြင်စဉ်တယ်ချောင်းရွာမှ ဦးသန်းဦး ဦးဆောင်သော ရေလုပ်သားများက အစိုးရတားမြစ်မြေ ဖြစ်သောကြောင့် ငါးကန်မတူးရန် အသံချဲ့စက်များဖြင့် တားမြစ်ခြင်း၊ မြေတူးစက်ကို လေးခွဖြင့်ပစ်ခြင်း၊ တုတ်၊ ဓားများနှင့် ရိုက်ခြင်း၊ မြေတူးစက်မောင်းသူကို လက်သီးဖြင့်ထိုးခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်းက ရေလုပ်သား ၅၀ ခန့်ကို အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။ တားမြစ်အင်းဧရိယာတွင် ငါးကန်လုပ်ငန်းရှင်၏ လုပ်သားများက စက်ယန္တရားများဖြင့် ငါးကန်တူးသဖြင့် ဒေသခံ ရေလုပ်သားငယ် အစုအဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် အော်ဟစ်တားမြစ်ခဲ့ကြောင်း၊ တားမြစ်သူတို့ကို ငါးကန်လုပ်ငန်းရှင်၏ လုပ်သားများက မြေတူးစက်ယန္တရားများဖြင့် လိုက်လံတိုက်ခိုက်ရာမှ ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားခဲ့ရကြောင်း ညောင်တုန်း မြို့နယ်မဲဆန္ဒနယ် အမှတ် (၂ ) မှ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။ “မြေတူးစက်လေးစီးနဲ့ ကန်တူးကြတာပါ။ အဲဒီလို မလုပ်ဖို့ တားတာကို မြေတူးစက်က ဂေါ်တွေနဲ့လိုက်ပြီး ဝှေ့ယမ်းခုတ်တော့ ရေလုပ်သားတစ်ယောက်ခြေထောက်မှာ ဒဏ်ရာရလို့ ပန်းတနော် မြို့နယ်ပြည်သူ့ဆေးရုံမှာ ၅ ချက် ချုပ်ပေးပြီး ဆေးရုံက ချက်ချင်းဆင်းခိုင်းခဲ့ပါတယ်”ဟု ဒေသခံဦးသန်းဝင်းက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပန်းတနော်မြို့မရဲစခန်းတွင် တိုင်ကြားသော်လည်း ထိုရဲစခန်းမှ အမှုမဖွင့်ပေးဘဲ မင်းတစုနယ်မြေရဲစခန်းတွင် အမှုဖွင့်ရန် ပြောဆိုသဖြင့် တိုင်ကြားအမှုဖွင့်ရန် စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါနေရာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ခုနှစ် မတ်လ ၂၄ ရက်နေ့က ငါးကန်တူးဖော်ခြင်းကို ရပ်ဆိုင်းရန် တားမြစ်စာ ထုတ်ထားကြောင်း၊ ဒေသခံများမှ ဌာနဆိုင်ရာများကို တရားစွဲဆိုပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တရားစွဲဆိုမှု တစ်စုံတစ်ရာမရှိခဲ့သည့်အတွက် ယခုကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက သုံးသပ်သည်။ ငါးကန်လုပ်ငန်းရှင် ဦးဉာဏ်လင်းက ဦးသန်းဦးပါ ရေလုပ်သားအစုအဖွဲ့မှ အယောက် ၅၀ ခန့်ကို ပန်းတနော်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၁၄၊ ၂၉၄ အပါအဝင် ပုဒ်မ ၇ ခုဖြင့် အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ငါးကန်လုပ်ငန်းရှင်ကို မတ်လ ၁၉ ရက်နေ့ ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။
Source : https://goo.gl/yQvQAw
via IFTTT
No comments:
Post a Comment