Saturday, March 24, 2018

The Voice

ပညာရေးတွင် ထိပ်တန်း ၁၀ စာရင်းဝင်လာသည့် ဗီယက်နမ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ပညာရေးထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဗီယက်နမ်နိုင်ငံသည် နံပါတ် ၇ အဆင့်သို့ ရောက်ရှိလာကြောင်း World Bank အစီရင်ခံတွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် သင်ယူမှုအစီအစဉ်များ လုပ်ဆောင်ရေးဆိုင်ရာ အစီရင်ခံစာတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသအတွင်း ကျောင်းနေသည့် ကျောင်းသားပေါင်းမှာ ကမ္ဘာ့ကျောင်းတက်နေသည့် ကျောင်းသားအရေအတွက် ၃၃၁ သန်း၏ သုံးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။ ထိုကျောင်းသားအရေအတွက်ထဲတွင် OECD နိုင်ငံများတွင် နေထိုင်သည့် ကျောင်းသား ၄၀ ရာခိုင် နှုန်းပါဝင်သည်။ စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ ကျောင်းသားများလည်း ထိုအထဲတွင် ပါဝင်သလို၊ ဝင်ငွေ အလယ်အလတ်ရှိသည့် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့လည်း OECD အဆင့်ကိုလိုက်လာကြောင်း တွေ့ရသည်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြချက်များအရ ပညာရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဝင်ငွေနှင့်တိုင်းတာရန်ပင် မလိုတော့ကြောင်း တွေ့ရသည်။ ဥပမာ အသက် ၁၀ နှစ်တန်း ဗီယက်နမ်ကလေးများသည် အိန္ဒိယ၊ ပီရူးနှင့် အီသီယိုးပီးယားတို့ထက်ပင် ပိုပြီးစွမ်းဆောင်နိုင်ရည်များ မြင့်မားတိုးတက်လာသည်ဟု ဆိုသည်။ ပညာရေးအောင်မြင်မှုမှာ မိသားစုဝင်ငွေနှင့်လည်း မသက်ဆိုင်တော့ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြပြန်သည်။ ဥပမာ ဗီယက်နမ်နှင့်တရုတ်တို့တွင် ဆင်းရဲသည့်မိသားစုများက မွေးဖွားသူ ကလေးများသည်လည်း ပညာရေးတွင် ထူးချွန်နေကြကြောင်း တွေ့ရသည်။ OECD များမှ ကလေးများထက် တရုတ်နှင့်ဗီယက်နမ် ကလေးတွေကို သင်္ချာနှင့်သိပ္ပံတွင် ပိုတော်နေကြသည်။ ပညာရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ၏စီးပွားရေးကလည်း တည်ငြိမ်ရန်လိုကြောင်း ပြောသည်။ နိုင်ငံရေးနှင့် စီးပွားရေးဖွံ့ဖြိုးသော နိုင်ငံများတွင် ပညာရေးလည်းကောင်းကြသည်။ နိုင်ငံတော်က ပညာရေးအတွက် မူဝါဒများ ချမှတ်နေရုံနှင့်မပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့ကောင်းတွေလည်း လိုသည်။ လူကောင်း မူကောင်းမှသာ ပညာရေးကောင်းနိုင်သည်။ နိုင်ငံတော်ကလည်း ဈေးကွက်လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မည့် ပေါ်လစီကို ချရမည်။ ပညာရေးကလည်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ကျွမ်းကျင်တတ်မြောက်သူများကို မွေးထုတ်နိုင်ရမည်။ အရည်အသွေးပြည့်ပညာရေးကို ကလေးတိုင်း ရရှိသင်ယူနိုင်ရန် အရေးကြီးသည်။ စီးပွားရေးကောင်းသော်လည်း ကလေးတိုင်း ပညာကောင်းကောင်း မသင်နိုင်လျှင် အနာဂတ်မကောင်းနိုင်ပေ။ ပညာရေးကောင်းရန် ဆိုသည်မှာလည်း တာဝန်ယူမှု တာဝန်ခံမှုများနှင့် ပြည့်စုံရန်လိုသလို၊ ဦးတည်ချက်ကိုချမှတ်ပြီး ဖြောင့်ဖြောင့်သွားနိုင်ရန် လိုအပ်သည်။ ပညာရေးတိုးတက်ရန် အရေးကြီးသည်မှာ ကဏ္ဍအလိုက် လိုအပ်ချက်များကို ထောက်ပံ့နိုင်ခြင်း၊ သင်ယူနိုင်ရန် စီစဉ်ပေးခြင်း၊ သင်ကြားမည့်သူများကို အထောက်အပံ့ပေးခြင်းနှင့် ခေတ်မီနည်းစနစ်များဖြင့် သင်ကြားနိုင်ခြင်းတို့ဖြစ်သည်။ ပညာရေးကောင်းလာသည်၊ ထိပ်တန်းတက်လာသည်ဆိုခြင်းမှာ အထက်ပါအချက်များကို အစိုးရက မည်မျှ အထောက်အကူပြုပြီးပြီနည်းဆိုသည့် အချက်အပေါ်တွင်လည်း မူတည်နေသည်။ ပညာကိုထောက်ပံ့ခြင်း၊ ကျောင်းသားကို ထောက်ပံ့ခြင်း၊ ဆရာကိုထောက်ပံ့ခြင်း၊ ကျောင်းကိုထောက်ပံ့ခြင်းတို့ မရှိဘဲ ပညာရေးတိုးတက်ရန် စိတ်ကူးယဉ်၍ မရပေ။ ပညာရေးတွင် ဆရာ၏ အခန်းကဏ္ဍများကို မလျှော့ချနိုင်သရွေ့ ဆရာများကို အဆင့်မြှင့်ပြီး စောင့်ရှောက်ပေးရန် လိုပါသည်။ တော်သူကိုတော်သလို ချီးမြှောက်ခြင်းကလည်း စွမ်းဆောင်နိုင်ရည်များကို တိုးတက်မြင့်မားစေနိုင်ပါလိမ့်မည်။ ပညာရေးတိုးတက်ဖွံ့ဖြိုးရန် အားလုံးအပါဆွဲခေါ်နိုင်လျှင် ထိပ်တန်းရောက်မည်။ ဗီယက်နမ် အဘယ်ကြောင့် ထိပ်ရောက် လာသနည်း ဆန်းစစ်ရန်လိုမည်ထင်သည်။ (Ref: Vietnam.Net)
Source : https://goo.gl/Ya21iu
via IFTTT

No comments:

Post a Comment