ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောများ ပြေးဆွဲရန် Water Bus က စီစဉ်နေ ယခု မတ်လ မှစ၍ Yangon Water Bus မှ ရန်ကုန်မြစ် အတွင်း အပျော်စီး သင်္ဘော များကို သင့်တင့်သော နှုန်းထား ဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ တင့်တင့်မြန်မာ ကုုမ္ပဏီမှ စီမံကိန်း မန်နေဂျာ ကိုထွန်းနိုင်လင်းက “ပြေးဆွဲဖို့အတွက် အခု အစီအစဉ် ဆွဲနေပြီဆိုတော့ သိပ် တော့ မလိုတော့ဘူး။ ကျနော်တို့ ခရီးသွားကုမ္ပဏီက အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေ ရေးဆွဲနေတာဖြစ်ပါတယ်။ ဘယ်လို သွားမယ် ဘယ်အချိန်သွားမယ် ဘယ်ဆိပ်ကမ်းမှာ ကပ်မယ်ဆိုတဲ့ အစီအစဉ်တွေပါ”ဟု ပြောပြသည်။ ယင်း အပျော်စီးသင်္ဘောများ ပြေးဆွဲရာတွင် မြစ်ကြောင်း တဖက်တချက်ရှိ အဆောက်အအုံ နေရာများ၏ ရာဇဝင် သမိုင်းကြောင်းများကိုပါ ရှင်းပြပေးမည့် အစီအစဉ် ပါဝင်ကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ ထို့ပြင် အပျော်စီးသင်္ဘောပေါ်တွင် ဖျော်ဖြေရေး၊ ကြိုဆိုဧည့်ခံရေးနှင့် ဧည့်သည်များ သုံးဆောင်ရန်အတွက် အဖျော် ယမကာများ စသည့် အစီအစဉ်များကို ရေးဆွဲလုပ်ဆောင်နေကြောင်းလည်း ကိုထွန်းနိုင်လင်းက ရှင်းပြသည်။ ဆက်လက်၍ “လက်ရှိမှာ အပျော်စီးသင်္ဘောကတော့ ပြည်တွင်းမှာပဲ တည်ဆောက်ပြီးပြီ။ အပျော်စီးသင်္ဘော အစီ အစဉ် ရေးဆွဲပြီးတော့မှ အသေးစိတ်ပြောလို့ရမယ်”ဟု ပြောဆိုသည်။ ခရီးစဉ်အနေဖြင့် ရန်ကုန်မြစ်ကြောင်း အတွင်း ပြေးဆွဲပေးသွားမည် ဖြစ်ပြီး အင်းစိန်မှ စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းသင်္ဘောပြေးဆွဲရာတွင် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်နှင့် တင့်တင့်မြန်မာ ကုမ္ပဏီတို့ ပူးပေါင်းကာ နိုင်ငံခြားသား များ အပြင် ပြည်တွင်း ခရီးသွားများပါ စီးနင်းနိုင်သည့် အခကြေးငွေနှုန်းထား တခု သတ်မှတ်ပေးမည်ဟု ဆိုသည်။ တင့်တင့်မြန်မာ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါ်တင့်တင့်လွင်ကလည်း“ညနေပိုင်းမှာ နေဝင်ဆည်းဆာ ကြည့်တဲ့ မြင်ကွင်းမျိုး ကြည့်နိုင်စေဖို့အပြင် Cocktail (ကော့တေး) လိုမျိုး အစားအသောက် တွေကိုလည်း စီစဉ်ထားပါတယ်။ အပျော်စီး သင်္ဘောကို စနေ တနင်္ဂနွေလို နေ့မျိုးတွေမှာ ဆွဲဖို့ အတွက် စီစဉ် ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။ အပျော်စီးသင်္ဘောများ အဖြစ် ပြည်တွင်း၌ ပြေးဆွဲနေသော သင်္ဘောများကို အဆင့်မီရန် စက်ပိုင်းဆိုင်ရာ၊ ကိုယ်ထည် ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို သေချာစစ်ဆေးပြီး လူ ၁၀၀ ဆန့် ၂ ထပ်သင်္ဘော ၂ စီးဖြင့် အင်းစိန်နား တဝိုက်မှ စတင် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။ လက်ရှိ Yangon Water Bus စီးနင်းနေသော ခရီးသည် ဒေါ်တင်တင်မြင့်က “အစက ကျမတို့က ရုံးချိန် ကားကျပ်တာ ကို ရှောင်ဖို့ Water Bus စီးမယ်ပေါ့။ ဒါပေမယ့် အချိန်က မမီတော့ ရုံးပိတ်ရက် အပျော်တော့ လိုက်စီးဖြစ်တယ်။ အခု နောက်ပိုင်းတော့ စီးတဲ့သူတွေ တဖြည်းဖြည်း လျော့လာတယ်။ စီးရတဲ့အချိန်က ကြာတယ်။ အဲဒီတော့ အဆင်တော့ မပြေဘူးပေါ့။ အခုက အပျော်စီး သင်္ဘောဆိုတော့ ဒါက ပိတ်ရက် အလည်အပတ်ထွက်မယ့် သူတွေပဲဖြစ်တယ်။ ဒါပေမယ့် ဈေးနှုန်းလေးတော့ ကျမတို့လို အခြေခံ လူတန်းစားတွေပါ စီးနိုင်တဲ့ ဈေးမျိုးဖြစ်စေချင်တယ်”ဟု ပြောသည်။ Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ စတင်၍ ရေယာဉ် ၈ စီးဖြင့် ပြေးဆွဲခြင်းဖြစ်ကာ ရန်ကုန်မြို့ ယာဉ်ကြောကျပ်မှု ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့သော်လည်း စောင့်ဆိုင်းချိန်ကြာမြင့်ခြင်း အချိန်မမှန်ခြင်းတို့ ကြောင့် အလုပ်သွားရောက်သူများအတွက် အဆင်မပြေသေးဘဲ အပျော်စီးသင်္ဘောကဲ့သို့ပင် ပိတ်ရက်မှ စီးနင်းကြသူ ဦးရေ များပြားနေကြောင်း ခရီးသည်များထံမှ သိရသည်။ The post ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောများ ပြေးဆွဲရန် Water Bus က စီစဉ်နေ appeared first on ဧရာဝတီ.
Source : http://ift.tt/2tAxSLM
via IFTTT
No comments:
Post a Comment