Tuesday, October 11, 2016


မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ခံ နိုင်ငံတကာ မျက်နှာစာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂခရီးစဉ် အပြီးမှာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် မတင်သွင်းတော့ဘူးလို့ အီးယူနဲ့ OIC ဘက်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားပေးဖို့ (အချို့ကျန်နေသေး) ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာသေးခင်ကပဲ သမ္မတ အိုဘားမားက သမ္မတအုပ်ချုပ်ရေး အမိန့်နဲ့ ဖယ်ရှားပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ဗဟိုကေ်ာမတီ၊ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိရာမှာ အခက်အခဲ အနည်းငယ် ရှိတာကလွဲလို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်နှင့် လူ့အခွင့်အရေး နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဦးဆောင်မှုနဲ့ ရခိုင်ဗဟိုကော်မတီဟာ နိုင်ငံသားစိစစ်မှု လုပ်ငန်းတွေ အရှိန်အဟုန် မြှင့်တင်ပြီး ဆောင်ရွက်ခဲ့ရာမှာ မြို့နယ်အချို့မှာ ခုံခံမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကိုကို ဖိဖိစီးစီး အလေးထားပြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ အဓိက အချက်က နိုင်ငံသားအခွင့်အရေးဆိုတာ နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်နဲ့အညီ ဆောင်ရွက်ပေးမှ ရနိုင်တာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့ အစဉ်တစိုက် တောင်းဆိုနေကြတဲ့ နိုင်ငံသား အခွင့်အရေးဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပြီးမှ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားကာလမှာ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ မပြတ်ရရှိစေအောင် ဂရုတစိုက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပေးတဲ့ အပေါ်မှာ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုများ ကိုဖီအာနန် ကော်မရှင်ကို အကြောင်းပြုပြီး နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ၊ ဆန္ဒဖော်ထုတ်မှုတွေ၊ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ရခိုင်ပြည်နယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ပြီး တည်ရှိနေခဲ့ပါတယ်။ တစ်ဘက်မှာလည်း နိုင်ငံတကာ ဖိအားပေးမှုတွေ လျော့ပါးသွားပြီး လူ့အခွင့်အရေးနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပါးလျားသွားတဲ့ အနေအထားမှာ အခြေအနေဟာ အပြုသဘောဘက်ကို အားကောင်းနေပါတယ်။ တရားမဝင် အဆောက်အဦများ ကိစ္စ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင် မောင်တောက တရားမဝင် အဆောက်အဦတွေ ကိစ္စကို ကိုင်တွယ်ဖို့ ကြိုတင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရားမဝင် အဆောက်အဦ ၃၀၀၀ ကျော် ရှိတယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့လ ၂၃ ရက်နေ့မှာ တရားမဝင် ဗလီတွေမဖျက်ဖို့ နိုင်ငံတကာဘင်္ဂလီ ၁၁ ဖွဲ့က ကြေငြာချက်ထုတ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ တည်ငြိမ်မှု တည်ဆောက်ဆဲ အခြေအနေအရ ဒီလိုစစ်ဆေးမယ့် လုပ်ငန်းစဉ်တွေ မလုပ်ဆောင်ဘဲ လောလောဆယ် ဆိုင်းငံ့ထားပြီး စိစစ်မှုတွေ စနစ်တကျ လုပ်ဆောင်စေခဲ့ရပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီထဲမှာ ရခိုင်ပြည်နယ်လည်း အပါအဝင် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိမှုကို ကြည့်ရင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၂ သိန်းကျော် (ဒေသပေါက်စျေး ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်) ဖမ်းဆီးရမိပြီး အရေးယူမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ အဓိက နေရာဒေသဟာ မောင်တောတစ်ဝိုက် ဖြစ်နေပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု နံနက်အရုဏ်ဦး ဝေလီဝေလင်း Dawn Attack ကို နေရာ သုံးနေရာမှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ Planned Attack ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသအခြေအနေ၊ နယ်မြေခံ အနေအထား၊ တပ်ဖွဲ့ဝင်အင်အား ဒီအချက်တွေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် မတင်တော့ဘဲ ပယ်ဖျက်တော့မယ့် အနေအထားကို ဆွေးနွေးနေချိန် ဖြစ်ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အားလုံးနီးပါး (အချို့ကျန်) ဖယ်ရှားလိုက်တဲ့ အချိန် ဖြစ်ပါတယ်။ စစ်ရေးအရ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အနောက်ဘက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု ဇစ်မြစ် အထက်မှာ တင်ပြခဲ့တဲ့ အချက်တွေနဲ့ ဆက်စပ်ပြီး စဉ်းစားသုံးသပ်ကြည့်မယ်ဆိုရင် ဇစ်မြစ်ဟာ ဘာလဲစာဖတ်သူများ ကောက်ချက်ချနိုင်ပါလိမ့်မယ်။ ရဲတပ်ဖွဲ့ဝင်တွေ အခုလို အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး Security Survey ကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်သလို အမြန်ဆုံး ဖြည့်တင်းပေးဖို့ ဆောင်ရွက်နေပါတယ်။ ကျဆုံးသွားတဲ့သူတွေ အတွက်၊ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ထိထိရောက်ရောက် ထောက်ပံ့ကူညီပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံက ညွှန်ကြားထားပါတယ်။ ဘယ်လိုအကြမ်းဖက် တိုက်ခိုက်မှုကိုမဆို လက်မခံဘဲ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက် တိုက်ခိုက်မှုတွေကို နှိမ်နင်းရာမှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွှန်ထားပါတယ်။ အရှင်ဖမ်းမိတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို စစ်ကြောဖော်ထုတ်ချက်တွေအရ ဆက်လက်ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနဲ့ တစ်ဆက်တည်း အရှိန်မြှင့်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ် တပ်မတော် လုံခြုံရေး အကူအညီအတွက် မူလရှိပြီး နယ်မြေခံတပ်တွေ အပြင် တပ်မတစ်မ ထပ်မံ ထည့်သွင်းထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း လိုအပ်ရင် လိုအပ်သလို ရေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ တပ်အင်အား အသုံးပြုခွင့် ပေးထားပြီး ဖြစ်ပါတယ်။ တိုက်တွန်းချက် အရေးကြီးတာက အခုဖြစ်စဉ်မှာ အနောက်ဘက်ဒေသ မောင်တောဒေသမှာ ဖြစ်ပွားတဲ့ကိစ္စ သက်သက်ဖြစ်ပါတယ်။ ဒါဟာ အစွန်းရောက် အကြမ်းဖက်လူစုရဲ့ ဆောင်ရွက်ချက် ဖြစ်တယ် ဆိုတာကို သတိပြုဖို့ လိုပါတယ်။ ဒီလူစုကို အားလုံးက ဆန့်ကျင်ရမှာပါပဲ။ တိုက်ဖျက်ရမှာပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်သူအားလုံး (ပြည်သူအားလုံး) က အကြမ်းဖက်ဝါဒကို အားမပေးဖို့ ဆန့်ကျင်ဖို့ လိုပါတယ်။ အခြားမလိုလားအပ်တဲ့ ပဋိပက္ခတွေ ကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ နိုင်ငံသားအားလုံးက သတိကြီးကြီးထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အပိုင်း၊ တပ်မတော် အပိုင်းကတော့ လုပ်သင့်လုပ်ထိုက်တာ၊ လုပ်ဖို့လိုအပ်တာ အားလုံးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ အမြော်အမြင်ရှိရှိ၊ သတိရှိရှိ၊ တာဝန်သိသိ သုံးသပ်နိုင်ဖို့ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ မှူးဇော်
Source : https://goo.gl/47q1V8
via IFTTT

No comments:

Post a Comment