ကြံ့ခိုင်ရေးပါတီပိုင် တိုက်ခန်းတွင် နေထိုင်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် နှစ်ဦးကို တိုက်ခန်းမှ ပြောင်းရွှေ့ပေးရန် ညွှန်ကြား ရန်ကုန်၊ အောက်တိုဘာ ၉ ကြံ့ခိုင်ရေးပါတီပိုင် တိုက်ခန်းတွင် နေထိုင်သော ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် နှစ်ဦးကို တိုက်ခန်းမှ အပြီးသတ် ပြောင်းရွှေ့ပေးရန် ကြံ့ခိုင်ရေးပါတီက စာထုတ်ပြန်၍ ညွှန်ကြားထားကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်သော ဦးစောထွန်း၊ ဒေါတ်တာစိုးမိုးအောင်တို့ကို ကြံ့ခိုင်ရေးပါတီပိုင် တိုက်ခန်းများမှ အောက်တိုဘာလ ၇ ရက်မှစတင်ပြီး ပြောင်းရွှေ့ပေးရန် ယင်းပါတီက စာထုတ် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခန်းများ၌ ပြောင်းရွှေ့ပေးရန် စာထုတ်ခံရသူများသည် ၂၀၁၀ ခုနှစ်၌ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည်။ “တိုက်ခန်းတွေမှာ နေခွင့် မပေးတော့ဘူး။ အဲ့ဒီမှာ နေတာက ကျွန်တော်ရယ်၊ ဒေါက်တာ စိုးမိုးအောင်ရယ် နှစ်ယောက်ပါ။ အခုတော့ စည်ပင်ရိပ်သာမှာပဲ နေတော့မှာပါ”ဟု ဦးစောထွန်းက ပြောသည်။ ကြံ့ခိုင်ရေးပါတီပိုင် တိုက်ခန်းများတွင် နေခွင့် မပြုခြင်းသည် ဦးရွှေမန်း ခေါင်းဆောင်သော ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ပြီး ယင်းအဖွဲ့ဝင်များကို ကြံံ့ခိုင်ရေးပါတီက ယုံကြည်မှု မရှိခြင်းတို့ကြောင့် နေခွင့် မပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြံခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးက ဆိုသည်။ “အဖွဲ့တွေ ကွဲနေတော့ ဒီမှာ မထားချင်တော့တာ ပါတယ်။ သူတို့တွေက ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပြီး ကိုယ်စားလှယ်ဘဝကနေ ယနေ့အထိ ပါတီပိုင် တိုက်ခန်းတွေမှာ နေထိုင်လာကြတာပါ”ဟု ယင်းက ဆိုသည်။ အဆိုပါ ကော်မရှင်ကို NLD အစိုးရ လက်ထက်၌ ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်း (ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း)ကို ခန့်အပ်ခဲ့ပြီး အဖွဲ့ဝင် အများစုကို ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများကို ခန့်အပ်ခဲ့သည်။ ယင်းကော်မရှင်၌ ပါဝင်သူများကိုလည်း ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ် ညီလာခံ၌ ထုတ်ပယ်ခဲ့ကြောင်း ကြံံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးခင်ရီထံ ဖုန်းဖြင့် ဆက်သွယ်ရာတွင် “အစည်းအဝေး ရှိနေလို့ အချိန် မရတော့လို့ပါ”ဟု ပြန်လည် ဖြေကြားခဲ့သည်။
Source : https://goo.gl/pwWkQJ
via IFTTT
No comments:
Post a Comment