Saturday, July 1, 2017

The Irrawaddy - Burmese Edition

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်ပြန်ဖွဲ့မည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းရန် ရှိကြောင်း အမျိုးသား လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ ဥက္ကဌ ဦးဇော်မင်းက နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရေးဆွဲ ပြဌာန်းခဲ့သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းက တင်သွင်းရာ လွှတ်တော်က လက်ခံသည်။ လွှတ်တော်အပြီးတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အားရမှု မရှိကြောင်း ပြောဆိုပြီး ကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းမည့် ရည်ရွယ်ချက် ရှိကြောင်း ၎င်းက ပြောသည်။ “အဓိက အချက်ကို ပြောဦးမယ်။ ကော်မရှင်ကို အသစ်ပြန်ဖွဲ့ဖို့ ရည်ရွယ်ချက် ရှိပါတယ်”ဟုလည်း ဦးဇော်မင်းက သတင်း ထောက်များကို ပြောဆိုသည်။ ၎င်းက ဆက်လက်ပြီး“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အားရကျေနပ်မှု မရှိပါဘူး။ မရှိဘူးဆိုတာက ကော်မရှင်တွေ တော်တော်များများ ရှိတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့၊ လူ့အခွင့်အရေး ကော်မရှင်တို့၊ ပြီးခဲ့တဲ့ သက်တမ်းက ဖွဲ့သွားတဲ့ ကော်မရှင်တိုင်းကို အခု အစိုးရသစ် လက်ထက်မှာပါတဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အားရကျေနပ်မှု မရှိဘူး”ဟု ပြောပြသည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းကလည်း ယခု ဥပဒေကြမ်းကို ပြင်ဆင်ပြီးပါက ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းရေးမှာ ဖြစ်နိုင်ကြောင်း ပြောသည်။ “ဒီဥပဒေကြမ်းကို ပြင်ဖို့ အရင်လုပ်နေတယ်။ အခုကျနော်တို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှာ ရောက်နေပြီ။ ဒါပြင်ပြီးသွားရင်တော့ ကော်မရှင်ကို ပြင်ဆင်မှု လုပ်ရမှာ”ဟု ၎င်းက ပြောဆိုသည်။ ကော်မရှင်မှ ဥက္ကဌ အပါအဝင် အဖွဲ့ဝင်များမှာ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ခန့်အပ်ခဲ့သူများ ဖြစ်ပြီး ၎င်းတို့၏ ဆောင်ရွက်ချက်များကို အားမရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ကိုင်တွယ်သူများဖြင့် ပြန်လည် ဖွဲ့စည်းသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အကြံပြုကြသည်။ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရန် ပြဌာန်းထားသည့် ဥပဒေသည်လည်း အားနည်းချက်များ ရှိပြီး ကော်မရှင် ဖွဲ့စည်းမှု သည် လူများသော်လည်း ပွဲမစည်ဖြစ်၍ ကျစ်လျစ်ခိုင်မာမှု မရှိကြောင်း၊ ကေ်ာမရှင်အား အဂတိလိုက်စားမှုကို အမှန် တကယ် တိုက်ဖျက်မည့် သူများနှင့် အစားထိုးသင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်သူ ဦးအောင်မျိုးမင်း က ပြောသည်။ “ပညာရှင်တွေ ပါဖို့လိုသလို သွက်သွက်လက်လက်နဲ့ အမှန်အတိုင်း လုပ်ရဲကိုင်ရဲတဲ့ မျိုးဆက်သစ်တွေ ပါဝင်ဖို့ လိုတယ်။ အခု က ကော်မရှင်မှာ ပါတဲ့သူတွေက အလုပ်လုပ်ဖို့ ခက်နေတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။ ၂၀၁၃ ခုနှစ်တွင် ရေးဆွဲခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ကော်မရှင် အဖွဲ့ဝင်ကို အသက် ၇၀ အထိ သာ ခွင့်ပြုထားသောကြောင့် ၇၅ နှစ်အထိ တိုးမြှင့်ပေးရန် တင်ပြမည်ဟု အမျိုးသား လွှတ်တော် ဥပေဒကြမ်း ကော်မတီက ပြော သည်။
Source : https://goo.gl/GgknGb
via IFTTT

No comments:

Post a Comment