Monday, July 17, 2017

7Day News Journal

ရောဂါပြင်းထန်စွာ ခံစားနေရသူ တစ်ဦး၏ သေဆုံးခွင့် တောင်းခံမှုကို ဗြိတိန် တရားရုံးတွင် ကြားနာမှုစတင် ဗြိတိန်တွင် ပြင်းထန်စွာ ရောဂါဝေဒနာ ခံစားနေရသူ တစ်ဦး၏ သေဆုံးခွင့် တောင်းခံမှုကို ခွင့်ပြုရန် သင့်မသင့် တရားရုံး၌ စတင်ကြားနာနေကြောင်း သိရသည်။ ဗြိတိန် တရားရုံးချုပ်က ပြင်းထန်သည့် အာရုံကြောရောဂါတစ်ခု ခံစားနေရသည့် အသက် ၆၇ နှစ်အရွယ် နိုဝယ်လ်ကွန်းဝေး၏ ဆန္ဒနှင့် ပတ်သက်၍ ကြားနာမှုများ ပြုလုပ်နေသည်။ ကွန်းဝေး၏ ကျန်းမာရေးမှာ ရှေ့ဆက်၍လည်း ပိုမိုဆုတ်ယုတ် ကျဆင်းသွားရန်သာ ရှိတော့ကြောင်း ဆရာဝန်များက မှတ်ချက်ပြုထားသည်။ ၎င်းက လက်ရှိ အခြေအနေတွင် မိမိချစ်ခင်သူများကို နှုတ်ဆက်ခွဲခွာရန် အချိန်တန်ပြီဟု ခံစားမိကြောင်း၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ဆိုးရွားစွာ ယိုယွင်းနေမည့် အနာဂတ်တွင် ဖုတ်ကောင်တစ်ကောင်သဖွယ် ရှင်သန်နေရန် ဆန္ဒမရှိတော့ကြောင်း ဖွင့်ဟခဲ့သည်။ ဗြိတိန်နိုင်ငံ၏ ဥပဒေအရ တရားရုံး၏ အထူးခွင့်ပြုချက် မရှိဘဲ ၎င်း၏ ဆန္ဒကို ကူညီဖြည့်ဆည်းသည့် မည်သည့်ဆရာဝန်မဆို ထောင်ဒဏ် ၁၄ နှစ်မျှ ပြစ်ဒဏ်နှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။ ရှရူးဘာရီတွင် နေထိုင်သည့် ကွန်းဝေးက “နောက်ဆိုရင် ကျွန်တော်က ခြေလက်အားလုံး အကြောသေသွားတော့မှာ။ ကိုယ့်စိတ်ဝိညာဉ်က ကိုယ့်ခန္ဓာကိုယ်ထဲ ပိတ်မိနေသလိုမျိုးပေါ့လေ။ ငရဲဘုံမှာ သက်ရှိထင်ရှား ကျရောက်နေတာမျိုး။ ဒီအခြေအနေကို ကျွန်တော် ဘယ်လိုမှ လက်မခံချင်ဘူး”ဟု BBCနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။ ကွန်းဝေးသည် ယခင်က ကျန်းမာသန်စွမ်းသည့် အငြိမ်းစား တက္ကသိုလ် ကျောင်းဆရာတစ်ဦး ဖြစ်သည်။ သို့သော် Motor Neurone Diseaseခေါ် အာရုံကြောနှင့် ဦးနှောက်ဆိုင်ရာ ပြင်းထန်သည့် ရောဂါတစ်မျိုးက ၎င်း၏ ကြွက်သားများ သန်စွမ်းမှုကို ယုတ်လျော့ ပျက်စီးသွားစေသည်။ ယခုအခါ ကွန်းဝေးသည် လမ်းမလျှောက်နိုင်တော့သလို အသက်ရှူရန် အတွက်လည်း စက်အထောက်အပံ့ လိုအပ်နေသည်။ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပါက ခန္ဓာကိုယ်ထဲတွင် ပိတ်မိနေသည့် ဘဝမျိုး ရောက်သွားမည်ကို အလွန်စိုးရိမ်ကြောင်း ကွန်းဝေးက ဝန်ခံခဲ့သည်။ ကွန်းဝေးမှာ အလွန် အားနည်းနေသဖြင့် တရားခွင်သို့ ကိုယ်တိုင် လာရောက်နိုင်ခြင်း မရှိချေ။ ၎င်း၏ ရှေ့နေများက ကွန်းဝေးသည် ငြိမ်းချမ်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ သေဆုံးရန် အခွင့်အရေးကို မျှော်လင့်ထားကြောင်း လျှောက်ထားခဲ့သည်။ ကွန်းဝေး၏ ဆန္ဒကို Dignity in Dyingဆိုသည့် Campaignအဖွဲ့ တစ်ခုကလည်း ထောက်ခံထားသည်။ ယင်းကဲ့သို့ အလားတူ တောင်းဆိုလျှောက်ထားမှုမျိုး လွန်ခဲ့သည့် သုံးနှစ်က နောက်ဆုံးအကြိမ် ပေါ်ပေါက်ခဲ့ဖူးပြီး ထိုအချိန်တွင် တရားရုံးချုပ်က သေဆုံးခွင့် တောင်းခံမှုကို ငြင်းပယ်ခဲ့သည်။ ၂၀၁၅ တွင်လည်း လွှတ်တော်အမတ်များက အင်္ဂလန်နှင့် ဝေးလ်စ်တို့တွင် ဆိုးရွားစွာ နာမကျန်း ဖြစ်နေသူများကို သေဆုံးခွင့်ပေးရန် တောင်းဆိုဆွေးနွေးမှုကို ပယ်ချခဲ့ကြသည်။ ယင်းအခြေအနေက နာမကျန်း ဖြစ်နေသူများအပေါ် အမြတ်ထုတ်မှုများ မြင့်တက်လာစေနိုင်ကြောင်း လွှတ်တော်အမတ် အများအပြားက ထောက်ပြကြသည်။ ကွန်းဝေး၏ တောင်းဆိုမှုနှင့် ပတ်သက်၍မူ တရားခွင်တွင် အချိန်လေးရက်ကြာမျှ ကြားနာမှု ပြုလုပ်ပြီးမှ စီရင်ဆုံးဖြတ်ချက် ထွက်ပေါ်လာဖွယ် ရှိနေကြောင်း သိရသည်။
Source : http://ift.tt/2v8W2dm
via IFTTT

No comments:

Post a Comment