ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောဆိုမှု အစိုးရသဘောထားမဟုတ်ဟု သမ္မတရုံးပြော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုမှုမှာ အစိုးရ၏ ရပ်တည်ချက်သဘောထား မဟုတ်ဘဲ အစိုးရနှင့် တပ်မတော်ကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေခဲ့ကြောင်း သမ္မတရုံးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ ယနေ့တွင် အကြောင်းပြန်ကြားလိုက်ကြောင်း သိရသည်။ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက “ ဒီလိုမျိုး ပြောကြားချက်တွေက နိုင်ငံတော် အစိုးရနဲ့ တပ်မတော်ကြားမှာ အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ နောက်ဆုံးတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အနေနဲ့ တာဝန်ရှိတဲ့အလျောက် သူဆောင်ရွက်ရမယ့်ဟာတွေကို ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ မီဒီယာကိုတော့ လောလောဆယ် ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။ ဇူလိုင်လ ၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် USAID နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “အရပ်သား အုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျနော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ထိုကဲ့သို့ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ပုံစံဖြင့် ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေ၍ တပ်မတော်အနေဖြင့် အပြုသဘောဖြင့် ရေရှည်ဆက်ဆံရန် မသင့်လျော်သောကြောင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် တင်ပြပါကြောင်း ဇူလိုင် ၁၁ ရက်က တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
Source : http://ift.tt/2uVx5Si
via IFTTT
No comments:
Post a Comment