မန္တလေးသို့ပို့မည့် သေနတ်များ သာစည်တွင် ဖမ်းမိ မိတ္ထီလာ၊ ဇူလိုင်၂၀ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျွဲတပ်ဆုံရွာတိုးဂိတ်အနီးတွင် ဇူလ်ိုင်လ ၁၉ ရက်နေ့ ညက လွိုင်ကော်မှ မန္တလေးသို့ သွားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ မောင်းပြန်သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဇူလ်ိုင်လ ၁၉ ရက် ည ၁၀ နာရီခန့်က အမှတ်(၁) မူးယစ်တပ်ဖွဲ့ခွဲမှ ရဲအုပ်ထန်းနိမ်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်အနီးတွင် ယာဉ်များကို ရပ်တန့်ရှာဖွေစစ်ဆေးရာတွင် လွိုင်ကော်မှ မန္တလေးသို့ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် ခွာညိုလမ်းနေ ယာဉ်မောင်း နေစိုးထွေးမင်း(ခ)ကိုစိုင်း မောင်းနှင်လျှက် ဘေးဘက်တွင် ဇနီးဖြစ်သူ မြဆုနှင်းတို့ စီးနင်းလိုက်ပါလာသောယာဉ်ကို ရှာဖွေစစ်ဆေးရာ ယာဉ်၏နောက်ခန်းရှိ ဆာလာအိတ်အတွင်း၌ မွေ့ယာများဖြင့် ထုတ်ထားသည့် HK မောင်းပြန်သေနတ် အလက်၂၀ နှင့် AK-47 မောင်းပြန်သေနတ် နှစ်လက်တို့ကို စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲစခန်းထံမှ သိရသည်။ ထို့ပြင် အဆိုပါယာဉ်မှ ယာဉ်မောင်းလိုင်စင်တစ်ခု၊ ယာဉ်သက်သေခံကတ်ပြားတစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှစ်ခု၊ မြန်မာငွေ ရှစ်သိန်းကျပ်နှင့် လက်ကိုင်ဖုံး နှစ်လုံးတို့ကို တွေ့ရှိကြောင်း၊ အဆိုပါ လက်နက်များသည် ကလေးမြို့ တာဟန်းရပ်ကွက်နေ ကွင်းဆက်တရားခံဖြစ်သူ မောရ (ခ) ကျုံးရန်ဆန်က လွိုင်ကော်မှ မန္တလေးသို့ သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ နေစိုးမင်းထွေး(ခ)ကိုစိုင်း၊ မမြဆုနှင်းနှင့် မောရ (ခ) ကျုံးရန်ဆန် (စုံစမ်းဆဲ) တို့ကို နယ်မြေခံ သာစည်ရဲစခန်းက (ပ) ၁၆၇/၂၀၁၇ ၊၁၉၅၁ ခုနှစ်၊ လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ (၁၉) က ဖြင့် အမှုဖွင့် အရေးယူထားသည်။
Source : https://goo.gl/nuXrfG
via IFTTT
No comments:
Post a Comment