သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ် မြန်မာ့ဆန်ဝယ်ရန် ထပ်မံကမ်းလှမ်း သီရိလင်္ကာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့၏ စားနပ်ရိက္ခာဖူလုံမှုအတွက် မြန်မာ့ဆန်ကို ဝယ်ယူရန် အစိုးရမှ တဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က “အခု သီရိလင်္ကာနိုင်ငံကနေ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် ဆန်ဝယ်ချင်ပါတယ် ဆိုပြီး အစိုးရကနေတဆင့် G to G ဝယ်ဖို့ကမ်းလှမ်းတယ်။ အခုနှစ်မှာတော့ တန်ချိန် ၅ သိန်းလောက်ကို လိုချင်တယ်။ ဖြစ်နိုင်ရင် အစောဆုံး တင်ပို့တာ လိုချင်တယ်လို့ ကမ်းလှမ်းထားပါတယ်။ သူတို့က ၂၅ မှှတ်တန်လိုချင်တာမဟုတ်ဘူး။ အရည်အသွေးမြင့်ကို လိုချင်တာ။ အခုချိန်မှာတော့ တော်တော်လေး ခက်ခဲနေပါတယ်’’ဟု ပြောသည်။ ဆက်လက်၍ ၎င်းက ‘‘၂၅ မှတ်တန်ဆန်တောင်မှ တလကို အခု တန်ချိန် ၂၅၀၀၀ လောက်ပဲတင်ပို့နေတာ။ သူတို့ဘက်က အရည်အသွေး ၅ ရာခိုင်နူန်းဆိုတော့ ကျနော်တို့ လက်တွန့်သွားပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီလိုရာသီမျိုးမှာ အစိုဓာတ်က အရမ်းများတယ်။ ဒါကြောင့် ကျနော်တို့ ဆန်စက်တွေက ကြိတ်တာတောင်မှ မတင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကြောင့် သူတို့နိုင်ငံနဲ့ ကျနော်တို့နိုင်ငံရဲ့ တင်ပို့ဖို့ ဖြစ်နိုင်တဲ့ ပမာဏကို အကြောင်းပြန်ဖို့ ပြောထားပါတယ်’’ဟု ပြောသည်။ သို့သော် ယခု အချိန်သည် ဆန်၊ စပါး သိုလှောင်သော ရာသီဖြစ်သောကြောင့် လောလောဆယ် တင်ပို့ရန် အခက်အခဲများ ရှိနေသည်။ တင်ပို့ရန် ခက်ခဲသည့် အချက်တခုမှာ လက်ရှိအချိန်သည် ဆန်အိပ်စပို့လုပ်ငန်းရှင်များက ရောင်းထားပြီးသား ဖြစ်သည့် စပါးများကိုသာ ကြိတ်ခွဲနေရသောကြောင့် အခက်အခဲများ ရှိနေသဖြင့် သိရိလင်္ကာနိုင်ငံသို့ ဆန် မည်သို့တင်ပို့မည်ကို ယခုလ ၁၈ ရက်နေ့မှသာ အကြောင်းပြန်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။ သီရိလင်္ကာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ သန်းကျော် တန်ဖိုးရှိ ဆန်များ ဝယ်ယူခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အရည်အသွေး ၅ ရာခိုင်နူန်းမှ ၁၀ ရာခိုင်နူန်းရှိသော ဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂၉၀ ဖြင့် ပေါင်းဆန် တန်ချိန် ၂ သိန်းနှင့် ဆန်ဖြူ တန်ချိန် ၃ သိန်းကို အစိုးရချင်း သဘောတူညီမှုနှင့် ဝယ်ယူရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှလည်း အစိုးရချင်း သဘောတူညီမှုနှင့် G to G ဖြင့် ဆန်တန်ချိန် ၅ သိန်းခန့် ဝယ်ယူရန် ကမ်းလှမ်း ဆွေးနွေးနေပြီး ပေါင်းဆန်တင်ပို့ရန်မှာလည်း စပါးကို ပေါင်းခံရမည် ဖြစ်သောကြောင့် လာမည့် စက်တင်ဘာ၊ ဒီဇင်ဘာလမှသာ ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ကြောင်း ဆန်ကုန်သည်များက ပြောသည်။ ဆန်ဝယ်ယူရန် ကမ်းလှမ်းလာသည့် နိုင်ငံများကမူ ယင်းနိုင်ငံများသို့ လာမည့် သြဂုတ်လတွင် တန်ချိန် ၅ သောင်းခန့် ဝယ်ယူရန်နှင့် စက်တင်ဘာလတွင် တန်ချိန် ၂ သိန်း ၅ သောင်းခန့် အနည်းဆုံး တင်ပို့ပေးရန် ပြောဆိုထားကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က “ ဝယ်လိုအားနှင့် ရောင်းအားမျှတရန် လုပ်ဆောင်ရပါမယ်။ စိုက်ပျိုးရေးပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ကျနော်တို့ စဉ်းစားသင့်ပါတယ်။ ဒါတွေကို မလုပ်ပဲနဲ့ ကုန်သွယ်မှု ကဏ္ဍက ထဲထဲဝင်ဝင် မရောက်နိုင်ပါဘူး။ နောက်တခုက ဝယ်လိုအားက အရမ်းများနေတယ်။ လိုအပ်ချက်တွေက ရှိနေတယ်။ အရည်အသွေးပိုင်းဆိုင်ရာ လျော့နည်းလာတာကလည်း အနာဂတ်အတွက် ကျနော်တို့ ဈေးကွက် ထိခိုက်စေတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့လိုပါတယ်’’ဟု ပြောသည်။ ယခုဘဏ္ဍာနှစ်တွင် ရက်ပေါင်း ၁၀၀ အတွင်း ပြည်ပသို့ ဆန် ၇ သိန်းခွဲကျော် တင်ပို့ထားသောကြောင် ကာလတို နှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် တန်ချိန် ၄ သိန်း ၅ ထောင်ခန့် ပိုမိုတင်ပို့ထားပြီးဖြစ်ကြောင်း၊ ယင်းကဲ့သို့ သိုလှောင်ချိန်တွင် ဆန်တင်ပို့မှုများနေခြင်းမှာ ဈေးကွက်ကို သုံးသပ်ပြီး ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆန်စပါး လုပ်ငန်းရှင် ဦးအောင်သန်းဦးက ပြောသည်။ ‘‘ဒီနှစ်မှာ ပင်လယ်ရေကြောင်းက တင်ပို့မှုလည်း များလာသလို ကျနော်တို့ တင်ပို့တဲ့ ကာလကလည်း ဆန်စပါးရိတ်သိမ်းရာသီ မဟုတ်ပဲနဲ့ သိုလှောင်တဲ့အချိန်မှာ တင်ပို့တာ ပိုကောင်းနေတဲ့အတွက် ဒါဟာ ရေကြီးနစ်မြုပ်မှုနဲ့ ပြည်တွင်းဈေး မြင့်မားမူကို ကြုံတွေ့ရနိုင်တယ်။ ဒီနှစ်အချိန်ကတော့ ပွင့်လင်းရာသီထဲက စဉ်ဆက်မပြတ် တင်ပို့မှုက ဝင်ရောက်နေတဲ့အတွက် ဆန်၊ စပါး အားလုံးက လယ်သမားဆီမှာ မရှိပဲ သိုလှောင်ထားတဲ့သူ၊ ထိန်းသိမ်းတဲ့သူ ဆီမှာပဲ ရှိတဲ့အတွက် စပါးကို ဈေးကွက်ထဲရောက်ဖို့ ခက်တယ်။ ဈေးပေးပေမယ့်လည်း ထွက်ချင်မှထွက်မှာ ဒါကြောင့် သတိထားစရာအချက်ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ကမ္ဘာ့ဆန်ဈေးမြင့်လာသောကြောင့် ပြည်ပ ဝယ်လိုအား အားလုံးမှာ မြန်မာ့ဆန်ကို ဝယ်ယူမှု များလာသော်လည်း အကုန်ရောင်းရန် မဖြစ်နိုင်သေးကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။
Source : http://ift.tt/2tU4IWn
via IFTTT
No comments:
Post a Comment