Thursday, July 13, 2017

The Irrawaddy - Burmese Edition

CB Bank က SME လုပ်ငန်းရှင်များကို ချေးငွေကျပ်သိန်း ၆ သောင်း ထုတ်ချေးမည် ဧရာဝတီ 13 July 2017 ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း CB Bank က SME လုပ်ငန်းရှင်များကို အပေါင်ပစ္စည်းမလိုသည့် ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် ကျပ်သိန်း ၆ သောင်းအထိ ထုတ်ချေးပေးသွားမည်ဟု သိရသည်။ ထိုသို့ချေးငွေ ထုတ်ချေးပေးရာတွင် SME လုပ်ငန်းရှင် ၁ ဦးလျှင် ကျပ် ၅ သောင်းမှ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးပေးမည် ဖြစ်ကြောင်းနှင့် ချေးငွေအတိုးနူန်း ၁၃ ရာခိုင်နူန်းဖြင့် ၁ နှစ်အတွင်း ပြန်လည်ဆပ်ရမည်ဖြစ်ကြောင်း သမဝါယမဘဏ်/ CB Bank မှ SME ချေးငွေဌာနခွဲ တာဝန်ခံ ဦးစောဒီနိုခူက ပြောသည်။ ချေးငွေများ ထုတ်ချေးပေးရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများကို အများဆုံး ထုတ်ချေးပေးမည်ဖြစ်ပြီး တနိုင်တပိုင် ခရီးသွားလုပ်ငန်းများနှင့် အခြားသော အသေးစားနှင့်အလတ်စား SME စီးပွားရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းရှင် ၅၅၀ ဦးနီးပါးကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ “ ဒီဘဏ္ဍာနှစ်မှာ ချေးပေးမှာက SME လုပ်ငန်းရှင် ၅၅၀ ဦး ဖြစ်တယ်။ အခုက သိန်းပေါင်း ၁ သောင်းကျော် ချေးပေးပြီးပြီ။ လူဦးရေ ၈၀ လောက် ရှိတယ်။ နောက်ထပ် သိန်းပေါင်း ၃ သောင်း၊ ၄ သောင်းလောက်ကို ထပ်ချေးပေးမှာ ဖြစ်တယ်’’ ဟု တာဝန်ခံ ဦးစောဒီနိုခူက ဆိုသည်။ ချေးငွေယူမည့် လုပ်ငန်းရှင်သည် SME လုပ်ငန်းလုပ်သက် အနည်းဆုံး ၂ နှစ်နှင့် အထက်ရှိရမည် ဖြစ်သည်။ ထို့အပြင် အသေးစားနှင့် အလတ်စား SME ဌာနတွင် အသင်းဝင်ထားသူဖြစ်ပြီး ယင်းဌာန၏ ထောက်ခံချက်၊ လုပ်ငန်းလိုင်စင်၊ အခွန်ဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ Business Plan ကိုပြသ၍ ထုတ်ချေးနိုင်ကြောင်း သိရသည်။ CGI ချေးငွေစနစ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် ရော်ဘာလုပ်ငန်းရှင် ဦးသက်ဦးက “ချေးငွေချေးတဲ့နေရာမှာ အတိုးနှုန်း ၁၃ ရာခိုင်နူန်းကတော့များပါတယ်။ အပေါင်ပစ္စည်းမဲ့ဆိုတော့ တချို့တွေလည်း ချေးတယ်။ ရေရှည်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်က ကိုက်တယ်။ ကျနော်တို့လို လုပ်ငန်းအရမ်းသေးတဲ့ လူတွေကျတော့ မကိုက်ဘူး။ နောက်ပြီး သူတို့တောင်းတဲ့ စာရွက်စာတမ်းအထောက်အထားက အရမ်းများတော့ မရကြတာများတယ်’’ ဟု ပြောသည်။ ချေးငွေ အာမခံစနစ်ဖြစ်သည့် CGI စနစ်၂ မျိုး ရှိပြီး အပေါင်ပစ္စည်း အာမခံထားရှိရသည့် ချေးငွေစနစ်တွင် အတိုးနူန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ပေးဆပ်ရပြီး၊ ဒုတိယတမျိုးဖြစ်သည့် အပေါင်ပစ္စည်းမဲ့ ချေးငွေစနစ်တွင် အပေါင်ပစ္စည်းမဲ့ အတိုးနူန်း ၁၃ ရာခိုင်နှုန်းပေးဆပ်ရကြောင်း သိရသည်။
Source : https://goo.gl/uLLdRA
via IFTTT

No comments:

Post a Comment