Friday, July 7, 2017

The Irrawaddy - Burmese Edition

မလေးရှားတွင် မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံနေရ ပုံ - မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများထဲမှ မြန်မာများကို၂၀၁၅ ခုနှစ်အတွင်းကတွေ့ရပုံ / မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖေ့စ်ဘုတ် မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်ကြသည့် နိုင်ငံခြားသားများကို အော်ပရာစီ (ရှောင်တခင်ဖမ်းဆီးမှု) စစ်ဆင်ရေး စီမံချက်ဖြင့် ဖမ်းဆီးဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသား ၂၀၀ နီးပါး ဖမ်းဆီးခံထားရကြောင်း သိရသည်။ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို ဇွန်လ ၃၀ ရက် ညပိုင်းမှ ဇူလိုင် ၅ ရက် အထိ ဖမ်းဆီးစစ်ဆေးလျက်ရှိရာ လူ ၂,၀၀၀ ကျော် ဖမ်းဆီးရမိထားကြောင်းနှင့် ထိုလူ ၂ ထောင်ကျော်တွင် မြန်မာနိုင်ငံသား ၂၀၀ နီးပါး ပါဝင်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ဧရာဝတီကို ပြောသည်။ အော်ပရာစီ စစ်ဆင်ရေးကြောင့် ဖမ်းဆီးရမိသူများကို မလေးရှားနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ် ၃ လ မှ ၆ လ အထိ ထောင်ချခံရမည်ဖြစ်ပြီး၊ ကြိမ်ဒဏ် ၃ ချက်ပါ ချမှတ်ခံရန် ပြဋ္ဌာန်းထားသည်။ ပြစ်ဒဏ်ပြီးဆုံးပါက သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်ဒဏ်ပါ ပေးခံရသည်။ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် နိုင်ငံခြားသားများအနက် အကြောင်းအမျိုးမျိုးကြောင့် တရားမဝင် ဖြစ်သွားသူများအား တရားဝင် နေထိုင်လုပ်ကိုင်ခွင့်လက်မှတ် ( E-card ) များ လုပ်ဆောင်ရန် မလေးအစိုးရက ဆော်သြထားကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောသည်။ မြန်မာနိုင်ငံသားများ E.card လျှောက်ထားနိုင်ရန်၊ မလေးရှားအစိုးရက တရားဝင် ပြုလုပ်ခွင့်ပေးထားသည့် အေဂျင်စီများနှင့် ပုဂ္ဂလိက အေဂျင်စီများတွင် လျှောက်ထားနိုင်သော်လည်း အေဂျင်စီတချို့က မမှန်မကန် လုပ်ဆောင်နေကြောင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်နှင့် ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးဆန်းဝင်းက ဧရာဝတီကို ပြောသည်။ ဦးဆန်းဝင်းက “အလိမ်ခံရတာတွေများတဲ့အခါ လူတွေကလည်း E.card အစီအစဉ်ကို မယုံကြည်ကြတော့ဘူး။ အဲဒါကြောင့် တချို့က မလျှောက်ကြဘူး။ အခုတော့ E.card အစီအစဉ်ကို ကူညီပေးဖို့ မြန်မာသံရုံးကလည်း မလေးအစိုး ရကို ပြောထားတယ်။ E.card ရထားတဲ့ သူတွေကိုလည်း ပတ်စ်ပို့စာအုပ်တွေ လုပ်ပေးဖို့ မြန်မာသံရုံးက နှိုးဆော်ထား တယ်” ဟု ပြောဆိုသည်။ E.card လျှောက်ထားသည့် မြန်မာနိုင်ငံသားဦးရေ ၄ ထောင်ကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဆွေက ဇူလိုင်လ ၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ E.card ကို ယခုနှစ် ဖေဖော်ဝါရီလမှ ဇွန်လ ၃၀ ရက် နောက်ဆုံးထား လျှောက်ထားရကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။ အော်ပရာစီ စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသည့် လူ ၂ ထောင်ကျော်တွင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် နီပေါနိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။ မလေးရှားနိုင်ငံ၌ ထိုသို့ဖမ်းဆီးနေမှုများနှင့် ပတ်သက်၍ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိများက မလေးရှားနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် မလေးရှား-မြန်မာ နှစ်နိုင်ငံအစိုးရများက ပူးပေါင်းဖြေရှင်းသွားမည်ဟု ထိုသတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးဦးသိန်းဆွေက ပြောဆိုခဲ့သည်။ မလေးရှားအစိုးရက လက်ရှိလုပ်ဆောင်နေသည့် အော်ပရာစီစစ်ဆင်ရေးသည် နိုင်ငံခြားသားအလုပ်သမား အများဆုံး တည်ရှိရာ နေရာများတွင်သာ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးခံရသူများအနက် မြန်မာနိုင်ငံသား အနည်းငယ်သာ ပါဝင်ကြောင်း မလေးရှားနိုင်ငံ ဒါနကုသလအဖွဲ့ အတွင်းရေးမှူး ကိုရဲက ဧရာဝတီကို ပြောသည်။ “ကျနော်နေတဲ့ ဘာဒါဝပ်အရပ်မှာ မြန်မာအနည်းစုပဲ အဖမ်းခံရတယ်။ အများဆုံးက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ သိရတယ်။ စာရင်းအတိအကျတော့ ကျနော်တို့လည်း မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။ ဖမ်းဆီးမှု အများဆုံးပြုလုပ်သည့် နေရာများမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ အရောင်းစင်တာများ၊ အခွန်တိမ်းရှောင် ထားသည့် တရားမဝင် ကုမ္ပဏီများနှင့် လူသွားလူလာ များပြားသည့် နေရာများတွင် အဓိကဖမ်းဆီးနေခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများက ပြောသည်။ မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမား ၅ သိန်းဝန်းကျင် ရှိပြီး၊ တရားဝင် သွားရောက်လုပ်ကိုင်ဦးရေ ၁ သိန်း ၉ သောင်းကျော် ရှိကြောင်း ဝန်ကြီးဦးသိန်းဆွေက ဇူလိုင် ၅ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။
Source : https://goo.gl/kTw85b
via IFTTT

No comments:

Post a Comment