ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံသည့် YBS 21 ယာဉ်လုပ်သားနှစ်ဦး ရာသက်ပန် ထုတ်ပယ်ခံရ ရန်ကုန်၊ ဇူလိုင် ၁ ကုမ္ပဏီနှစ်ခုဖြင့် စုပေါင်း ပြေးဆွဲသည့် YBS 21 ယာဉ်လိုင်းမှ ခေတ်သစ် ဘုရင့်နောင် ကုမ္ပဏီလက်အောက်ရှိ ယာဉ်လုပ်သားနှစ်ဦးက ခရီးသည်ကို ရိုင်းပျစွာ ဆက်ဆံခြင်းကြောင့် ၎င်းတို့ကို ရာသက်ပန် ထုတ်ပယ်သည့် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ ဇွန်လ ၂၉ ရက်က YBS 21 ယာဉ်လိုင်း၊ 9G/4726 ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် ခရီးသည်တစ်ဦးကို ဆဲဆိုခြင်း၊ ကိုယ်ထိ လက်ရောက်ပြုရန် ကြံရွယ်ခြင်း၊ ဂိတ်စ/ ဂိတ်ဆုံး မမောင်းခြင်း စသည့် စည်းကမ်း ချိုးဖောက်မှုများ ကျူးလွန်ခဲ့သဖြင့် ယင်းသို့ ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ အလားတူ ဇွန်လ ၃၀ ရက်က အဆိုပါ ကုမ္ပဏီလက်အောက်ရှိ YBS 21 ယာဉ်၊ 2C-3691 ယာဉ်ကို မောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်သည် ခရီးသည်တစ်ဦးကို ယာဉ်ပေါ်မှ ဆွဲချသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စကို စစ်ဆေးလျက်ရှိကာ ဇူလိုင်လ ၃ ရက်တွင် အရေးယူမည်ဖြစ်ကြောင်း ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီက ယာဉ်လိုင်း တာဝန်ခံ ဦးဇော်မင်းက ပြောကြားသည်။ “ဒီဖြစ်စဉ်က စိစစ်နေဆဲဖြစ်တယ်။ ၂၉ ရက်က ဖြစ်တဲ့ယာဉ်လုပ်သား နှစ်ဦးကိုတော့ ပြစ်မှုထင်ရှားလို့ ထုတ်ပယ်လိုက်ပြီ”ဟု ၎င်းက ဆိုသည်။ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြေးဆွဲရာတွင် အဆိုပါ ကုမ္ပဏီနှစ်ခုတွင် လုပ်ကိုင်နေသည့် ယာဉ်လုပ်သားများမှာ ခရီးသည်နှင့် အဆင်ပြေစွာ ဆက်ဆံရန်လိုအပ်ပြီး ယခုကဲ့သို့ တစ်ဖက်ကုမ္ပဏီ၏ ယာဉ်လုပ်သားအနေနှင့် ရိုင်းပျစွာ ပြုမူနေထိုင်ခြင်းမှာ ၎င်းတို့၏ကုမ္ပဏီနာမည်ပါ ပျက်ရကြောင်း Power Eleven ကုမ္ပဏီ တာဝန်ခံ ဦးတရုတ်လေးက ပြောကြားသည်။ YBS 21 ယာဉ်လိုင်းကို Power Eleven ကုမ္ပဏီမှ ယာဉ်စီးရေ ၇၁ စီး၊ ခေတ်သစ် ဘုရင့်နောင်ကုမ္ပဏီမှ ယာဉ်စီးရေ ၁၅၀ စီးခန့်ဖြင့် ဆူးလေ၊ အင်းစိန်၊ တညင်းကုန်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် ခရီးလမ်းကြောင်းများကို ပြေးဆွဲလျက်ရှိသည်။
Source : https://goo.gl/7asFPT
via IFTTT
No comments:
Post a Comment