မြို့တော် ရီယတ်ဒ်သို့ ဦးတည်လာသည့် ဒုံးကျည်ကို ဆော်ဒီစစ်တပ် ကြားဖြတ် ပစ်ချ ယီမင်ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည် တစ်စီးကို ရီယတ်ဒ်မြို့တော် အထက် ကောင်းကင်ယံတွင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ဆော်ဒီအာရေးဘီးယား စစ်ဘက်က ကြေညာခဲ့သည်။ အဆိုပါ ဒုံးကျည်သည် ယီမင်ရှိ ဟိုသီ သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေမှ ပစ်လွှတ်လိုက်ခြင်းဟု ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ ဆော်ဒီသည် ယီမင် အစိုးရကို ကူညီကာ ဟိုသီများကို လေကြောင်းမှ ထိုးစစ်ဆင်နွှဲမှုများ ပြုလုပ်လျက် ရှိသည်။ နိုဝင်ဘာ ၄ ရက်က ဟိုသီတို့ ပစ်ခတ်ခဲ့သည့် ဒုံးကျည်သည် ရီယတ်ဒ်မြို့တော်ထံ တည့်မတ်စွာ ရောက်ရှိခဲ့သော်လည်း အောင်မြင်စွာ ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ပါရှိသည်။ ယင်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ကြောင်းလည်း သိရသည်။ ဒုံးကျည်သည် ရီယတ်ဒ်ရှိ ဘုရင်ခါလစ်ဒ် လေဆိပ်ကို ပစ်မှတ်ထားခဲ့သော်လည်း လေဆိပ်၏ လုပ်ငန်းလည်ပတ်မှုများကို သက်ရောက်မှု မဖြစ်ပေါ်ခဲ့ကြောင်းလည်း လေဆိပ် စီမံအုပ်ချုပ်ရေး ဌာနက သီးခြား ထုတ်ပြန်ခဲ့သည်။ ဆော်ဒီ စစ်တပ်က အဆိုပါ ဒုံးကျည်သည် ယီမင်တွင် ထုတ်လုပ်သည့် တာဝေးပျံသန်းနိုင်သော Burqan 2H အမျိုးအစားဟု ပြောကြားခဲ့သည်။ ဆော်ဒီစစ်ဘက်က ယင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေဖြင့် ထိုနေ့ ညနေပိုင်းတွင်ပင် ယီမင်ရှိ ဆာနားမြို့တော် အနီးတဝိုက်ရှိ ဟိုသီတို့၏ စစ်ရေးပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။ ဆော်ဒီသည် အီရန် အစိုးရ အားပေးထောက်ခံနေသည့် ဟိုသီ သူပုန်များကို ပူးပေါင်း တိုက်ခိုက်နေသည့် အာရပ် မဟာမိတ် လေကြောင်းတပ်ဖွဲ့များကို ၂၀၁၅ ကတည်းက ဦးဆောင်လျက် ရှိသည်။ ဟိုသီတို့သည် ယခင်က ဆော်ဒီနိုင်ငံ ပိုင်နက်ကို တန်ပြန် ခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း ရီယတ်ဒ်မြို့တော် ပိုင်နက်ကို ဒုံးကျည်ဖြင့် ထိထိရောက်ရောက် တိုက်ခိုက်လာမှုသည် ယခုတစ်ကြိမ် ပထမဆုံးဟု သိရသည်။ Ref: Fox
Source : http://ift.tt/2y3wzmq
via IFTTT
No comments:
Post a Comment