ဆက်ကပ်မှလွတ်ပြီး ပါရီမြို့ထဲ လျှောက်သွားနေသည့် ကျားကို ပစ်သတ်ခဲ့ရ ဆပ်ကပ်တစ်ခုမှ လွတ်လာပြီး ပါရီမြို့ လမ်းများပေါ် လျှောက်သွားနေသော ကျားတစ်ကောင်ကို ပစ်သတ်ခဲ့ရကြောင်း သိရသည်။ ပြင်သစ် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၄ ရက်တွင် ပါရီမြို့ရှိ နာမည်ကျော် အိုင်ဖယ်လ်မျှော်စင်ကြီး တောင်ဘက် လမ်းများပေါ်တွင် ကျားတစ်ကောင် သွားလာနေခဲ့ကြောင်း အတည်ပြုခဲ့သည်။ ကျားကို ပြန်လည် ဖမ်းဆီးရာတွင် စွန့်စားရလွန်းသည့် အခြေအနေနှင့် ပတ်ဝန်းကျင်တွင် လူစည်ကား ရှုပ်ထွေးနေမှုများကြောင့် ဆက်ကပ် တာဝန်ရှိသူများက ပစ်သတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုဖြစ်စဉ်တွင် အခြား ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိဟု ဆိုသည်။ ပါရီ ရဲတပ်ဖွဲ့က ကျားကို ပစ်သတ်ပြီးနောက် “အန္တရာယ်ကို ရှင်းလင်းနိုင်ခဲ့ပါပြီ”ဟု Twitterပေါ်တွင် ရေးသားထားခဲ့သည်။ ကျားကြီးမှာ အလေးချိန် ၂၀၀ ကီလိုဂရမ်မျှထိ အရွယ်အစား ကြီးမားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မြို့ထဲလမ်းများပေါ်တွင် ကျားလွတ်နေသည့်နောက် အနီးရှိ လမ်းများကို ပိတ်ထားလိုက်ရသည်။ ကျားကို တွေ့လိုက်ရသူများကလည်း ညနေဘက် အေးအေးလူလူ လမ်းလျှောက်နေသည့် သားရဲကောင်ကြီးနှင့် ပတ်သက်၍ ရဲများကို ဖုန်းဆက် အကြောင်းကြားကြသည်။ “နည်းတဲ့ကောင်ကြီး မဟုတ်ဘူး။ ကျွန်တော်တို့လည်း ကြောက်လို့ အိမ်ထဲ ပုန်းနေကြတယ်။ နောက်တော့ သေနတ်သံ နှစ်ချက်၊ သုံးချက် ကြားရပြီး ရဲတွေက သယ်ထုတ်သွားတာ တွေ့လိုက်ရတာပဲ”ဟု မျက်မြင် တစ်ဦးက ဆိုသည်။ ကျားကို နောက်ဖေးလမ်းကြား တစ်နေရာတွင် ချောင်ပိတ်ကာ ပစ်သတ်ခဲ့ခြင်းဟု သိရသည်။ ကျားကို ပြောင်းတိုသေနတ် တစ်လက်ဖြင့် ကိုယ်တိုင် ပစ်သတ်ခဲ့သည့် ဆက်ကပ်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းလျက် ရှိသည်။ အဆိုပါကျား လွတ်သွားသည့် ဖြစ်ရပ်နှင့် ပတ်သက်၍လည်း ရဲများက စစ်ဆေးနေသည်။ Bormann Moreno ဆက်ကပ်အဖွဲ့သည် ပါရီမြို့သို့ ရောက်ရှိနေပြီး နိုဝင်ဘာ ၃ ရက်တွင် စတင်ဖျော်ဖြေရန် စီစဉ်ထားကြောင်း သိရှိရသည်။ Ref: NBC
Source : http://ift.tt/2iOBMsT
via IFTTT
No comments:
Post a Comment