နေပြည်တော် လွှတ်တော်တွင်းရှိ ACE လုပ်ငန်းပိုင် စားသောက်ဆိုင်များ ရပ်ဆိုင်း နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များတွင် ၇ နှစ်နီးပါးခန့် စားသောက်ဆိုင် လုပ်ငန်းများ ဖွင့်လှစ်ထားသည့် ACE လုပ်ငန်းစုပိုင် ဘောဂသိဒ္ဓိ စားသောက်ဆိုင်များမှာ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ လုပ်ငန်းများအားလုံးကို ရပ်ဆိုင်း သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်သူ့လွှတ်တော်မှ ညွှန်ကြားရေးမှူးချုပ်တဦးက “ဒီမှာ သူတို့ ရောက်နေတာ ၇ နှစ် ရှိပြီ။ ကျနော်တို့ ခေါ်ထားတာလည်း မဟုတ်ဘူး။ သူတို့ မရောင်းဘူး ဆိုလို့ လူသစ်ရှာရတာ။ ဆိုင်က ပြီးခဲ့တဲ့ သောကြာနေ့က ဖယ်သွားတယ်။ ဒီနေ့ တနလာၤနေ့မှာ အသစ်ဝင်တယ်။ အဲဒါကတော့ လူကြီးတွေက စီမံပေးတာပေါ့။ မလုပ်တော့ဘူးလို့ သူတို့က လာပြောတာ”ဟု ယနေ့တွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။ လွှတ်တော်တွင် လာရောက် ရောင်းချသည့် ဆိုင်များသည် လုံခြုံရေးအရ တာဝန်ရှိ လူကြီးများ၏ ထောက်ခံချက် ရရှိရန် လိုအပ်ပြီး လက်ရှိ ACE လုပ်ငန်း၏ အခြေအနေအရ သူ့သဘောနှင့်သူ မထွက်ပါကလည်း နောက်ပိုင်းတွင် လွှတ်တော်အတွင်းမှ ထွက်ခွာ ရနိုင်ကြောင်း၊ ယခင်က လွှတ်တော်ထဲတွင် ၎င်းတို့ကို စားသောက်ဆိုင် ၃ ဆိုင် ဖွင့် ခွင့်ပြုထားပြီး လွှတ်တော်သို့ တလလျှင် ကျပ် ၂ သိန်းကို လစဉ်ကြေးအဖြစ် ကောက်ခံလျက်ရှိကြောင်း အထက်ပါ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ယင်းရပ်ဆိုင်းသွားခဲ့သည့် ဆိုင်များ နေရာတွင် စစ်မှန်၊ ရန်ကုန်စတိုင်၊ မောခမ်းနွံနှင့် Peace ဆိုင်များက ဝင်ရောက် နေရာယူမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်တွင် Peace က ဆိုင်ခန်းရရှိပြီး လွှတ်တော် ဝန်ထမ်းများကို ထမင်းကျွေးသည့် အလုပ်ကိုပါ လွှဲယူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ Peace ဆိုင်ရှင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခက်ထိန်နန်ကလည်း “ဘောဂသိဒ္ဓိက လွှတ်တော်မှာ သူတို့ ရောင်းချနေတဲ့ စားသောက်ဆိုင် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တယ်။ ပြင်ပလောကမှာ ဖြစ်ပျက်နေတဲ့ သူတို့ကိစ္စတွေက လုံခြုံရေးတွေနဲ့ ပတ်သက်တယ်။ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အနေအထားကြောင့်လို့ သုံးသပ်ရတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။ ယခု လွှတ်တော်တွင်းမှ ရုတ်သိမ်းသွားသည့် ဘောဂသိဒ္ဓိ စာသောက်ကုန်လုပ်ငန်း၊ နေပြည်တော်ရှိ ဘောဂသိဒ္ဓိ ဆေးရုံတို့မှာ ACE လုပ်ငန်းစုမှ ဖြစ်သော်လည်း ဦးဖြိုးကိုကိုတင့်ဆန်းပိုင် မဟုတ်ဘဲ ၎င်း၏ ညီဖြစ်သူ ဦးစံကိုကိုတင့်ဆန်းပိုင်သည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ သို့သော် လက်ရှိ ဖြစ်ပွားနေသည့် ဦးဖြိုးကိုကိုတင့်ဆန်း၏ ဖြစ်စဉ်များကြောင့် ယခုလို စီးပွားရေး လုပ်ငန်းများကို ထိခိုက်နေရခြင်း ဖြစ်ကြောင်း ACE လုပ်ငန်းစုများနှင့် ဆက်စပ်သူတဦးက ဧရာဝတီသို့ ပြောသည်။ “လွှတ်တော်ထဲမှာ အဲဒီအလုပ်တွေက လုပ်နေတာ တော်တော်တောင် ကြာနေပြီ။ အခုက ဟိုကိစ္စတွေကြောင့် ဖြစ်သွားရတာ။ ရိုက်ခတ်မှုတွေက အနည်းနဲ့အများတော့ ရှိတယ်။ ပြီးတော့ သမ္မတအိမ်တော်၊ လွှတ်တော်နဲ့ အားကစားကွင်းက ပြုပြင်ထိန်းသိမ်းမှုတွေလည်း အကုန်ပြန်အပ်လိုက်ပြီ။ တနှစ်တောင် မပြည့်သေးဘူး”ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက နေပြည်တော်လေဆိပ်တွင် ACE ဟိုတယ်ပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်း နှင့် ACE ဟိုတယ်မှ အခြားအမျိုးသား ၂ ဦးကို တရားမဝင် လက်နက်များ၊ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိရာမှာ နောက်ဆုံးတွင် ACE လုပ်ငန်းစုမှ လူ ၁၅ ဦးကို ပုဒ်မပေါင်း ၁၇ ခုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။ The post နေပြည်တော် လွှတ်တော်တွင်းရှိ ACE လုပ်ငန်းပိုင် စားသောက်ဆိုင်များ ရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2zhrtV3
via IFTTT
No comments:
Post a Comment