ပလက်ဝ တိုက်ပွဲများ ရပ်ရန် ဝေဠုကျော် တောင်းဆို တိုက်ပွဲများဖြစ်ပေါ်စေရန် ဖန်တီးနေသူများကို တိုက်ပွဲများ မဖန်တီးကြရန် အကယ်ဒမီသရုပ်ဆောင် ဝေဠုကျော်က ချင်းပြည်နယ်၊ ကုန်ပြင်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများကို သွားရောက် ကူညီထောက်ပံ့ပေးနေစဉ် တောင်းဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားပြီးခဲ့ရာ ကုန်ပြင်ကျေးရွာမှ ဒေသခံ ၃၀၀ ကျော်မှာ ရှင်းလက်ဝကျေးရွာသို့ တိမ်းရှောင်နေခဲ့ကြရသည်။ “ဘာကြောင့်ပဲဖြစ်ဖြစ် တိုက်ပွဲတွေ မဖြစ်ပါစေနဲ့။ အဲ့ဒီတော့ တိုက်ပွဲတွေ လုပ်နေတဲ့သူတွေကလည်း မလုပ်ကြပါနဲ့လို့ ကျနော်တို့တောင်းဆိုလိုပါတယ်။ ကိုယ့်နေရာ ဒေသမှာ တနိုင်တပိုင် အလုပ်လေးတွေ လုပ်နိုင်ဖို့ လိုပါတယ်။ အဲ့ဒါလေးတွေ လုပ်နိုင်ဖို့ကလည်း နယ်မြေတွေ ဒေသတွေ အေးချမ်းနေဖို့လိုအပ်ပါတယ်” ဟု ဝေဠုကျော်က ဧရာဝတီသို့ ပြောသည်။ ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု ၆၇ စု၊ လူဦးရေ ၃၃၄ ဦးသည် လက်ရှိတွင် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရှင်းလက်ဝကျေးရွာ အပါအဝင် အောက်ဘလိုင် ၊ ဘဲဒင်ဝ၊ ကာရမိတ်၊ ဒိုးချောင်းဝ စသည့် ကျေးရွာများ၌ ခိုလှုံနေကြရသည်။ ထိုတိုက်ပွဲရှောင်ပြည်သူများကို ချင်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနနှင့် ဝေဠုကျော်ဖောင်းဒေးရှင်းတို့က ဆန်၊ ဆီ၊ ဆား၊ စောင်၊ အိုး၊ ခွက်၊ ပန်းကန် တို့ကို နိုဝင်ဘာ ၁၈ ရက်က ရှင်းလက်ဝကျေးရွာသို့ သွားရောက်ထောက်ပံ့ပေးခဲ့သည်။ “ ကျနော်တို့ ဆန်အိတ် ၁၀၄ အိတ်နဲ့ ၉ ပြည့် ထောက်ပံ့ပေးခဲ့တယ်။ ပြီးတော့ ဆီ၊ ဆား အပါအဝင် တခြား ပစ္စည်းလေးတွေကို ထောက်ပံ့ပေးခဲ့တယ်။ တလစာပေါ့။ လိုအပ်ရင်လည်း ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားပါ တယ်”ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဟားခါးမြို့နယ်မှူး ဦးမြင့်အောင်က ပြောသည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများထဲမှ အိမ်ထောင်စု ၁၂ စုကို ရှင်းလက်ဝကျေးရွာ၏ ကုလားတန်မြစ်ကမ်းနဘေးတွင် ယာယီ နေရာချထားပေးပြီး အခြား အိမ်ထောင်စု ၄၇ စုမှာ ရှင်းလက်ဝကျေးရွာရှိ ဆွေမျိုးများနေအိမ်နှင့် ခန်းမဆောင်တို့တွင် နေထိုင်လျက်ရှိသည်။ ထို့ပြင် ကျန်အိမ်ထောင်စုု ၁၀ စုသည် အောက်ဘလိုင်၊ ဘဲဒင်ဝ၊ ကာရမိတ်၊ ဒိုးချောင်းဝ စသည့် ကျေးရွာများ တွင် နေထိုင်လျက်ရှိကြသည်။ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန ဒုဦးစီးမှူး ဦးမြင့်နိုင်ဝင်းက “ အခု ကျနော်တို့ ကုန်ပြင်ကျေးရွာ က အိမ်ထောင်စု ၅၉ စု ဒီ ရှင်းလက်ဝအုပ်စုကို ပြောင်းရွေ့လာခဲ့ပါတယ်။ ပြောင်းရွေ့လာတဲ့ အိမ်ထောင်စုတွေထဲက တချို့ကို ခန်းမဆောင်မှာရယ်၊ ဆွေမျိုးသားချင်း နေအိမ်မှာရယ်၊ ကုလားတန်မြစ်ဘေးကျောက်ပြင်ပေါ်က အိမ်ထောင်စု ၁၂ စုရယ်ကို ပြောင်းရွေ့ပေးဖို့ လွတ်တဲ့နေရာလေးတွေမှာ တပတ်အတွင်း အမြန်ဆုံးဆောက်ဖို့ ကျနော်တို့ ရှင်းလက်ဝကျေးရွာ အုပ်ချုပ်ရေးမှူးရယ်၊ ကုန်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရယ်ကို မှာပြီးပါပြီ။ အဲဒါကို အမြန်ဆုံးဆောက်မယ် ဆောက်ပြီးရင် ပြောင်းရွေ့ နေခိုင်းပါမယ်”ဟု ပြောသည်။ တပ်မတော်နှင့် AA တိုက်ပွဲတွင် AA ဘက်က အရပ်သားများ စီးနင်းလိုက်ပါလာသော စက်လှေကို ပစ်ခတ်ခဲ့ခြင်းကြောင့် GTI ဒုတိယနှစ် ကျောင်းသား ကိုအောင်စိုးနှင့် ဒေါ်ကာလာတို့ သေဆုံးခဲ့ကြရပြီး အရပ်သား ၃ ဦး ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြရသည်။ ထို့ပြင် တပ်မတော်သားများ စီးနင်းလိုက်ပါလာသော စက်လှေ ၂ စီး ထပ်မံပစ်ခတ်ခံရသဖြင့် တပ်မတော်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြရပြီး တချို့ ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။ လက်ရှိတွင် တပ်မတော်နှင့် AA အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နဟန်းကျေးရွာတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း AA သတင်းနှင့်ပြန်ကြားဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ The post ပလက်ဝ တိုက်ပွဲများ ရပ်ရန် ဝေဠုကျော် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2yZK8Ur
via IFTTT
No comments:
Post a Comment