Saturday, November 25, 2017


တိုက်ပွဲတွေ မဖြစ်တာ အကောင်းဆုံးပါ (ဝေဠုကျော်နှင့် တွေ့ဆုံခြင်း) ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၁၆ ရက်နေ့ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲများကြောင့် ကုန်ပြင်ကျေးရွာမှ အိမ်ထောင်စု ၆၇ စု လူဦးရေ ၃၃၄ ဦး (ကလေးငယ် ၆၇ ဦး)တို့ ရှင်းလက်ဝကျေးရွာကို တိမ်းရှောင်လာခဲ့ကြရတာပါ။ အဆိုပါ တိုက်ပွဲရှောင် ဒေသခံများကို ဝေဠုကျော် ဖောင်းဒေးရှင်းမှ သွားရောက်ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုဝေဠုကျော်က KNU ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ ပါဝင်လာနိုင်ရေးအတွက်လည်း ကူညီ ဆောင်ရွက်ခဲ့ဖူးကြောင်း သိရပါတယ်။ အဲဒီအခြေအနေများအပေါ် ကိုဝေဠုကျော်အား ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ချစ်မင်းထွန်း မှ ချင်းပြည်နယ်၊ပလက်ဝမြို့ရှိ ရှင်းလက်ဝကျေးရွာ တနေရာတွင် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရှောင် ဒေသံများကို သွားရောက် ထောက်ပံ့ကူညီခဲ့စဉ်။ (ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ) မေး ။ ။ KNU ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်လာအောင် ကိုဝေက တထောင့်တနေရာကနေ ပါဝင် ဆောင်ရွက်ပေးခဲ့တယ်။ ကူညီပေးခဲ့တယ်လို့ သိရတယ်။ အဲ့ဒါလေး ပြောပြပေးပါအုံး။ ဖြေ ။ ။ ကူညီတယ်လို့တော့ မဟုတ်ပါဘူး။ ကျနော် ဝိုင်းကူညီပေးခဲ့တယ် ဆိုတာကတော့ ကျနော်ကလည်း ကရင်သွေး စပ်တယ်လေ။ ကျနော့်အဘွားက ကရင်ဖြစ်တဲ့အတွက် ကရင်သွေးစပ်တဲ့အခါ ကျတော့ ကရင်ပြည်နယ်ဘက်ကို ရောက်ဖြစ်တယ်။ ရောက်ဖြစ်တယ် ဆိုတာကလည်း မြိုင်ကြီးငူ ဆရာတော်ကြီးနဲ့ ပတ်သက်ပြီး DKBA (ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်)ဘက်ကို သွားရင်လာရင်နဲ့ DKBA နယ်မြေထဲ ရောက်တဲ့အခါကျတော့ ရွာတွေက လာဖိတ်တယ်ပေါ့နော်။ အဲဒီရွာတွေက KNU ရွာတွေ ဖြစ်နေတယ်လေ။ အဲဒီလို သွားရင်နဲ့ KNU ဘက်ကို သွားဖြစ်ရင်း သွားဖြစ်ရင်းကနေ တဖြည်းဖြည်း ဝင်ဆံ့သွားတာပေါ့နော်။ ဟိုဘက်ကို ဝင်ဆံ့သွားတဲ့အခါကျမှ ဘာပဲဖြစ်ဖြစ် ကျနော်က ကျနော်တို့ ဒီဘက်ကို လာလို့ ရတယ်ဆိုတာက စစ်ရေး ငြိမ်းချမ်းနေလို့ တိုက်ပွဲတွေ မရှိလို့ လာလို့ရတာ နောင်ဆိုရင် တိုက်ပွဲတွေ ဒီထက်ပိုပြီး မရှိတော့ဘူးဆိုရင် ကျနော်တို့ ပိုပြီးလာမယ်။ ဒေသဖွံ့ဖြိုးရေးတွေ ပိုဖြစ်လာမယ်ဆိုတာ တဖြည်းဖြည်း ဒီလိုပါပဲ ကျနော်တို့ရဲ့ အမြင်လေးတွေ ပြောပြရင်း ပြောပြရင်းနဲ့ လုပ်တာပါ။ ကျနော်တို့က နိုင်ငံတော်က တာဝန်ပေးတာလည်း မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်က ဝါသနာပါလို့ တတ်နိုင်သလောက် သွားလုပ်တာပါ။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရှောင် ဒေသံများကို သွားရောက် ထောက်ပံ့ကူညီခဲ့စဉ်။ (ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ) မေး ။ ။ အဲဒီလိုမျိုး လုပ်ဆောင်တဲ့အခါမှာ KNU က ငြိမ်းချမ်းရေးကို ဘယ်အချိန်လောက်မှာ စတင်ခဲ့လဲ။ ဖြေ ။ ။ အဲဒါက နိုင်ငံတော်နဲ့ လုပ်တာပါ။ ငြိမ်းချမ်းရေးဆိုတာက ကျနော်တို့က နောက်ကနေ ကူတဲ့ အဆင့်ပဲ ဖြစ်တဲ့အတွက် နောက်ဆုံး လော်ခီးလာမှာ သူတို့လုပ်တဲ့ NCA လက်မှတ်မထိုးခင် အချိန်အထိ နောက်ဆုံးလုပ်တဲ့ ညီလာခံ အထိပေါ့နော်။ သူတို့ဆီ သွားခဲ့ပါတယ်။ အဲဒီမှာလည်း ကျနော် ဆန်အိတ် ၁၀၀၀ လှူပေးရင်နဲ့ ကျနော်တို့ ငြိမ်းချမ်းရေး NCA လက်မှတ်ထိုးတာကို မျှော်လင့်နေတယ်ဆိုတဲ့ဟာလေးကို ကျနော် ပြောပြခဲ့ပါတယ်။ မေး ။ ။ အခု AA နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီး ရှင်းလက်ဝကျေးရွာကို တိမ်းရှောင်လာတဲ့ တိုက်ပွဲရှောင်တွေကို အစ်ကိုလာရောက်ကူညီတာ အဲ့ဒီမှာ ဘယ်လိုအခြေအနေမျိုးတွေကို တွေ့မြင်ခဲ့ရလဲ။ အတွေ့အကြုံလေးကို ပြောပြပေးပါအုံး။ ဖြေ ။ ။ ဒီမှာတော့ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်ဆိုတာက အဓိကမဟုတ်ပါဘူး။ ဒါ ကျနော်တို့အတွက်ပေါ့နော်။ ဒါက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ကဏ္ဍတခု၊ တပ်မတော်အတွက် အရေးကြီးတဲ့ ကဏ္ဍတခုဆိုပေမယ့် ကျနော်တို့ ပရဟိတ သမားတွေအတွက်ကတော့ ဘယ်သူနဲ့ ဘယ်သူဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာ ကျနော်တို့အတွက် ဦးတည်ချက် မဟုတ်ပါဘူး။ ကျနော်တို့က အတိဒုက္ခရောက်နေတဲ့ သူတွေဆီလာပြီး သဘာဝဘေး၊ ရေဘေး၊ မီးဘေး၊ လူလုပ်တဲ့ ဘေးပေါ့နော်။ တိုက်ပွဲဘေးဆိုတာက ဒီလိုဟာတွေ ဖြစ်လာပြီဆိုရင် ကျနော်တို့က တိုက်ပွဲရှောင်တွေရှိတဲ့နေရာကို ကျနော်တို့ ရောက်အောင်လာတယ်။ သူတို့ရဲ့ အခက်အခဲတွေကို ကူညီတယ်ပေါ့။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရှောင် ဒေသံများကို သွားရောက် ထောက်ပံ့ကူညီခဲ့စဉ်။ (ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ) အခု အခြေအနေမှာဆိုရင်တော့ သူတို့က ကုန်ပြင်တဝိုက်က ရွာတွေကနေ ပြေးလာကြတယ်။ ချင်းပြည်နယ်ရဲ့မြေပြန့် အခက်အခဲပေ့ါနော်။ အခု လောလောဆယ်မှာတော့ သူတို့က သောင်ပြင်မှာ နေနေကြရတယ်။ အရိပ်မရှိတော့ အရမ်းလည်း ပူပါတယ်။ အခုလောလောဆယ်မှာတော့ ဒီမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ တာဝန်ရှိတဲ့သူတွေ အားလုံးက ယာယီနေရာပေးနိုင်တဲ့ နေရာတွေ ရှာဖွေနေပါတယ်။ ထိုက်သင့်တဲ့ နေရာတခုမှာ ခေတ္တ နေထိုင်ဖို့အတွက်ပေးပါလိမ့်မယ်။ လောလောဆယ် သူတို့က ဟိုဘက်မှာ စပါးလည်း သေချာမသိမ်းခဲ့ရဘူး။ ရိတ်စအချိန်ပဲ ရှိသေးတယ်။ နှမ်းလည်း မရိတ်ရသေးဘူး။ အဲဒီတော့ သူတို့မှာ စားဝတ်နေရေးဆိုတဲ့အခါမှာ နေရေးကလည်း အတည်တကျ မဟုတ်တဲ့အခါမှာ သူတို့က နေရေးကလည်း အခက်အခဲရှိနေသလို စားရေးမှာလည်း ခက်နေပါတယ်။ ဝတ်ရေးမှာကျတော့လည်း ပြေးလာတဲ့အခါမှာ အစုံပါမလာဘူး။ အခုဆို စောင်၊ အခင်း ဆိုတဲ့ဟာတွေ အခက်အခဲရှိသလို အဝတ်အစားတွေလည်း လိုအပ်နေပါတယ်။ ပြောရရင် အဖက်ဖက်က အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ အဲဒီတော့ ဒီတိုက်ပွဲတွေ ပြီးသွားမှ သူတို့နေရာ သူတို့ပြန် အခြေကျအောင် ကြိုးစားရမှာပါ။ ဒီနှစ် သူတို့ရဲ့ ပြောကြားချက် အရဆိုရင် စပါးသိမ်းလိုက်ပေမယ့် သေချာရိတ်သိမ်း ကြွေကျတဲ့အချိန် မရောက်သေးတဲ့အတွက် စားရေး ခက်ခဲပါတယ်။ နောက်တခါ သူတို့ရဲ့ စီးပွားရေးဖြစ်တဲ့ နှမ်း၊ နှမ်းကလည်း ရိတ်သိမ်းချိန် ရောက်နေပါပြီ။ သူတို့သွားပြီး ရိတ်သိမ်းဖို့အတွက် ဘယ်လိုမှ သွားလို့မရဘူးဆိုတဲ့ အခြေအနေရောက်နေတယ်။ နှမ်းကလည်း သူတို့ စီးပွားရေး အခြေအနေအရ တနှစ်ဝင်ငွေက ကောင်းတဲ့အဆင့်မှာ ရှိပါတယ်။ နှမ်း တတောင်းပေါ့၊ ကျနော်က နှမ်းတတင်းလို့ ထင်ပါတယ်။ တတောင်းဆိုတာကလေ။ အဲဒီတတင်းကို ၂၀၀၀၀ လောက် ရတယ်လို့ ပြောပါတယ်။ သူတို့ တမိသားစုကို အနည်းဆုံး တင်း ၅၀ လောက်၊ တောင်း ၅၀ လောက် အနည်းဆုံး တောင်း ၂၀၀ လောက်ရအောင် စိုက်ကြတယ်လို့ ပြောတယ်။ ဒီတော့ သူတို့ရဲ့ ဝင်ငွေက တနှစ်ကို ၁၀ သိန်းကနေ ၂၀၊ ၃၀ အနေအထား ဝင်တဲ့ အခြေအနေမှာ ရှိတယ်။ အဲဒါတွေ အားလုံး သူတို့ ပစ်ထားခဲ့ရတယ် ဆိုတဲ့ အတွက်ကြောင့် သူတို့ဘက်က ဒီနှစ်ပတ်စာအတွက် စားဝတ်နေရေး အခက်အခဲ တော်တော်ရှိသွားမှာပါ။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရှောင် ဒေသံများကို သွားရောက် ထောက်ပံ့ကူညီခဲ့စဉ်။ (ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ) မေး ။ ။ AA က အရပ်သားတွေ မောင်းလာတဲ့ စက်လှေကို ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ အဲဒီမှာ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်။ ဒဏ်ရာရတာတွေ ရှိတယ်။ အစ်ကိုက ရှင်းလက်ဝက တိုက်ပွဲရှောင်တွေကို လာကူတဲ့အခါ လမ်းမှာ ဘယ်လို အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ၊ ဘယ်လို စိုးရိမ်ကြောက်ရွံမှုတွေနဲ့ လာခဲ့ရလည်းဆိုတာ ပြောပြပေးပါအုံး။ ဖြေ ။ ။ ဒါကတော့ ကျနော်တို့ မြစ်ချောင်းထဲမှာ ဖြစ်စဉ်တွေ ရှိထားတယ်။ အရပ်သားတွေ သေထားတယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့လည်း ဒီလမ်းကို တက်လာရတာကတော့ စိုးတထိတ်ထိတ်တော့ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဘာမှ မဖြစ်ရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ ဖြစ်သွားတော့လည်း ဖြစ်သွားပြီဆိုတဲ့ အနေအထားမှာ ကျနော်တို့က အရဲစွန့်ပြီး တက်လာတယ်ဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ အခု ကျနော် ရှင်းလက်ဝကို ရောက်လာတဲ့အချိန်ထိ ဘာမှ တစုံတရာ အန္တရာယ်မရှိခဲ့ပါဘူး။ ဒါပေမယ့် လာနေတဲ့ ခရီးလမ်းမှာတော့ အားလုံးက မေ့မေ့ပျောက်ပျောက်နဲ့ စကားတွေ ပြောလာလိုက်၊ ငြိမ်သွားလို့ရှိရင် ဒီအကြောင်းပဲ သတိရလိုက်ဆိုတာမျိုးပေါ့နော်။ ဘယ်နေရာက ဘယ်လို ထွက်ပြီးတော့ ပစ်မလဲဆိုတာမျိုးပေါ့နော်။ ဒါပေမယ့် အခုတော့ ဘာမှအန္တရာယ်မရှိခဲ့ပါဘူး။ ကျနော်တို့ စီးရတာလည်း မနက် ၈ နာရီလောက်ကနေ ပလက်ဝကနေပြီး စက်လှေစီးခဲ့တာ ညနေ ၅ နာရီခွဲ ၆ နာရီမှ ရှင်းလက်ဝကို ရောက်ပါတယ်။ ဒီခရီးက ကျနော် ပြီးခဲ့တဲ့နှစ်က တခေါက်လာခဲ့ပြီးသားပါ။ အဲဒီတုန်းကတော့ ပျော်စရာ ခရီးစဉ်ပေါ့။ ဒီမှာ ဘာမှ အန္တရာယ်လည်း မရှိပါဘူး။ မရှိတဲ့အချိန်မှာ ကုလားတန်မြစ်ပေါ့။ မြစ်ကို ဆန်တက်လာတဲ့အခါမှာ အဲဒီအချိန်တုန်းက သင်္ကြန်ပြီးမှ လာတဲ့အခါကျတော့ ရေတွေ လျော့သွားတဲ့အခါကျတော့ ရေတံခွန်တွေ အများကြီး၊ အဆင့်ဆင့်ကို လှေတွေတွန်းခဲ့ရတယ်။ ဒီတခေါက်ကတော့ လှေလုံးဝတွန်းခဲ့ရတဲ့ အခြေအနေမရှိဘူး။ ဒါပေမယ့် လူဆင်းလျောက်ရတဲ့ နေရာတွေရှိတယ်။ ရေစီးကြမ်းတဲ့အခါမှာ အန္တရာယ်ရှိတဲ့အခါကျတော့ ကျနော်တို့ ဆင်းလျောက်ခဲ့ရတဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ စီးရတဲ့ ခရီးစဉ်ကတော့ မနက် ၇ နာရီခွဲလောက်က ထွက်လာတာ ဒီဘက်ကို ညနေ ၅ နာရီခွဲ ၆ နာရီမှာ ရောက်ပါတယ်။ တနေ့လုံး ကျနော်တို့ ထမင်း ဆင်းစားတဲ့ အချိန်ကလွဲရင် ကျန်တာအားလုံးက လှေပေါ်မှာပဲ လာခဲ့ရတာပါ။ ခရီးက အဲဒီလောက်အထိ သွားရတဲ့ ခရီးက ဝေးတယ်ပေါ့နော်။ ရှိတာကတော့ မိုင် ၆၄ မိုင်ပဲ ရှိပါတယ်။ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲရှောင် ဒေသံများကို သွားရောက် ထောက်ပံ့ကူညီခဲ့စဉ်။ (ဓာတ်ပုံ – ချစ်မင်းထွန်း/ဧရာဝတီ) မေး ။ ။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာလည်း အစ်ကိုက သွားရောက်ပြီးတော့ ပရဟိတတွေ လုပ်နေတာရှိတယ်။ တိုက်ပွဲဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖြစ်ခဲ့ရင် အစ်ကိုအနေနဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး ဘာများတိုက်တွန်း ပြောဆိုသွားဖို့ ရှိမလဲ။ ဖြေ ။ ။ ဒါကတော့ဗျာ။ ကျနော်ပြောပြမယ်။ တိုက်ပွဲဆိုတာကတော့ ဘယ်လိုပြောမလဲ သူဘက်က ကြည့်ရင် သူမှန်တယ်။ ကိုယ့်ဘက်က ကြည့်ရင် ကိုယ်မှန်တယ်ဆိုတဲ့ အဲဒီ အမှန်တရား တခုအပေါ်မှာ ထိုင်ပြီးတော့ လွန်ဆွဲနေလို့ ဖြစ်တာပါ။ တကယ်တမ်းကျတော့ ဒါတွေအားလုံးက ဘာကြောင့်လဲဆိုတဲ့ အရာကို ရှာရမှာပေါ့။ကိုယ် ဘာဖြစ်ချင်တာလဲ ကိုယ်က အကောင်းဆုံး ဖြစ်စေချင်တဲ့ ဆန္ဒတွေအားလုံးကို ပူးပေါင်းပြီး လုပ်လိုက်မယ်ဆိုရင် ကောင်းသွားမယ်လို့ ကျနော်က မျှော်လင့်တယ်ပေါ့နော်။ တိုက်ပွဲတွေ ဖြစ်လာလို့ရှိရင် ဒေသခံ ပြည်သူတွေရော၊ နှစ်ဖက်တပ်ရင်း တပ်ဖွဲ့တွေရော၊ အထိအခိုက် နစ်နာဆုံးရှုံးမှုတွေ ရှိပါတယ်။ အဲဒီတော့ တိုက်ပွဲတွေ မဖြစ်တာတော့ အကောင်းဆုံးပေါ့။ အဲဒီတော့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုညှိကြမလဲ။ ငါဆိုတဲ့ မာနတွေကို လျှော့ပြီးတော့ တက်နိုင်သ၍ ဟိုဘက် ဒီဘက် ညီအောင် ညှိလိုက်မယ်ဆိုရင်တော့ တချိန်ချိန်မှာ ညီသွားနိုင်ပါတယ်။ ညီသွားလို့ ငြိမ်းချမ်းရေး ရမယ်ဆိုရင်တော့ ပိုပြီးကောင်းမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီလို ဖြစ်စေချင်ပါတယ်။ ဘယ်သူ ဘယ်သူကိုမှ ဘာကြောင့်ဆိုတာ ကျနော် ပြောဖို့မရှိပါဘူး။ The post တိုက်ပွဲတွေ မဖြစ်တာ အကောင်းဆုံးပါ (ဝေဠုကျော်နှင့် တွေ့ဆုံခြင်း) appeared first on ဧရာဝတီ.
Source : http://ift.tt/2zo5ZFz
via IFTTT

No comments:

Post a Comment