သစ်အခြေခံလုပ်ငန်းများ ခွင့်ပြုမိန့် ထုတ်ပေးခြင်း ယာယီရပ်ဆိုင်း မြန်မာနိုင်ငံရှိ သဘာဝသစ်တောများမှ ထွက်ရှိသည့် သစ်ကုန်ကြမ်းများအား အသုံးပြု၍ ထုတ်လုပ်ဆောင်ရွက်သော သစ်အခြေခံ စက်မှုလုပ်ငန်းသစ်များကို ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့်ထုတ်ပေးခြင်းတို့အား နိုဝင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC မှ သိရသည်။ MIC ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “လက်ရှိစက်ရုံတွေနဲ့ တော့မဆိုင်ဘူး။ အသစ်ထပ်မပေးတာပါ။ သဘာဝတောထွက်သစ်တွေကိုပဲ ကန့်သတ်တာပါ။ စိုက်ခင်းထွက်သစ်တွေနဲ့ ပြည်ပက သစ်ကုန်ကြမ်းတွေ သုံးမယ်ဆိုရင်ခွင့်ပြုတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)နှင့် ပုုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သစ်အခြေခံ စက်မှုလုပ်ငန်းများကို ယာယီရပ်ဆိုင်းခြင်းမှာ သဘာ၀ ပတ်ဝန်းကျင်မှ ထုတ်လုပ်မည့် လုပ်ငန်းများကိုသာ ရပ်ဆိုင်းခြင်း ဖြစ်ပြီး ကိုယ်ပိုင်စိုက်ခင်းဖြင့် ထုတ်လုပ်မှု ပြုလုပ်သော သစ်အခြေခံ စက်မှုလုပ်ငန်းများကို ခွင့်ပြုပေးသွားမည် ဖြစ်သည်။ ပုဒ်မ ၂၅၊ ပုပ်မခွဲ(က)နှင့် ပုုဒ်မ ၁၀၀၊ ပုဒ်မခွဲ(ခ)ဆိုသည်မှာ အစိုးရက MIC ကို တာဝန်ပေး အပ်နှင်းထားသည့် ဥပဒေ ပုဒ်မဖြစ်ပြီး ယင်းဥပဒေပုဒ်မအရ MIC သည် ကြေညာချက်များကိုု ထုတ်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သော ဥပဒေပုဒ်မဖြစ်ကြောင်း သိရသည်။ အဆိုပါ သစ်အခြေခံစက်မှု လုပ်ငန်းသစ်များကို ယာယီရပ်ဆိုင်းလိုက်ခြင်းမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သစ်ထုတ်လုပ်မှုုုကို လျော့ချလိုက်သောကြောင့် သစ်အချောထည်စက်ရုံသစ်များ ပေါ်ပေါက်လာလျှင် သစ်ကုန်ကြမ်းရရှိမှုအတွက် အာမခံချက်မပေးနိုင်သဖြင့် Supply နှင့် Demand တို့ မညီမမျှ ဖြစ်ပြီး အရူံးပေါ်လာနိုင်သောကြောင့် ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ဦးစီးဌာနမှ တာဝန်ရှိသူတဦးကလည်း“ ဒီကဏ္ဍက နိုင်ငံခြားသားကိုလည်း ၁၀၀ ရာခိုင်နူန်း ခွင့်ပြုပေးတယ်။ ကျမတို့ နိုဝင်ဘာလ ၁၆ ရက်နေ့က စာထုတ်လိုက်တယ်။ အကုန်လုံးကို ရပ်တာ မဟုတ်ဘူး။ ခဏရပ်လိုက်တဲ့ သဘောပဲ။ ခွင့်ပြုတာတော့ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာ လုပ်ငန်း အစီအစဉ် ပြနိုင်တဲ့သူပေါ့။ ကိုယ်တိုင် စိုက်ထားတဲ့ စိုက်ခင်းရှိတယ်။ အဲဒီ စိုက်ခင်းကနေမှ ခွဲစိတ်မယ်ဆိုရင် လုပ်ငန်းကို ခွင့်ပြုတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ယခုကဲ့သို့ ယာယီရပ်ဆိုင်းခြင်းသည် သဘာဝသစ်တောကြိုးဝိုင်းများမှ ထုတ်လုပ်ထားသည့် သစ်များကို ထုတ်လုပ်လျှင် MIC မှ ခွင့်ပြုမည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။ “အကြမ်းအတုံးအကြီးတွေ ထုတ်တာမဟုတ်ဘူး။ ပါးလွှာတဲ့ သစ်တွေကို ပရိဘောကတွေ လုပ်တာမျိုးခွင့်ပြုတယ်။ ကိစ္စတိုင်းကို ရပ်တာမဟုတ်ဘူး လုပ်ငန်းသဘောကို ရှင်းပြနိုင်ရင် ရတယ်။ ကိုယ်သုံးမယ့် သစ်ကုန်ကြမ်းက ဘယ်ကရတယ်ပေါ့ အဲဒီလိုမျိုး ရှင်းပြနိုင်ရင် ရတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ ကျွန်းစိုက်ခင်းပိုင်ရှင် တဦးဖြစ်သည့် ဦးစိန်လွင်က “အလုံးလိုက် နိုင်ငံခြားပို့တာကို နိုင်ငံခြားမပို့ရဘူး ကန့်သတ် လိုက်တဲ့အခါကျတော့ ထွက်လာတဲ့သစ် နည်းသွားတဲ့အတွက် အရင် အစိုးရသစ် ပေါ်လစီက နိုင်ငံတော်အတွက် လိုအပ်တဲ့ သယံဇာတတွေ ထုတ်ပြီး မရှာတော့ဘူးဆိုတာ ဆုံးဖြတ်ခဲ့တယ်။ လက်ရှိအစိုးရအထိ ကျင့်သုံးတယ်။ ပြည်တွင်းလိုအပ်ချက်ရှိတယ်။ ပြည်စုံအောင်ခုတ်ရတယ်။ ဒါပေမယ့် နှစ်စဉ် စံသတ်မှတ်ချက်နဲ့ ခုတ်ရတဲ့ အခါကျတော့ စက်ရုံတွေထပ်တည်ရင် သူတိို့မထောက်ပံ့နိုင်တော့ဘူးပေါ့နော်။ အဲဒီတော့ ရှိပြီးသား စက်ရုံတွေ အလုပ်သမားတွေ ထိခိုက်မှာ စိုးရိမ်လို့ အခုလိုကန့်သတ်တယ်လို့ မြင်တယ်”ဟု ဧရာဝတီသို့ပြောသည်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလအကုန်အထိ စက်မှုကုန်ထုတ်လုပ်ငန်း စုစုပေါင်း ၈၉ ခုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄၈၄ ဒသမ ၃၅၅ ကို နိုင်ငံခြားသားလုပ်ငန်းရှင်များသို့ ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန စာရင်းများအရ သိရသည်။ ယခုအစိုးရသစ်လက်ထက် ပေါ်လစီအရ သဘာဝသစ်များမှ ပရိဘောဂထုတ်လုပ်မှုကို ကာကွယ်လိုက်ခြင်းဖြစ်ပြီး သစ်အခြေခံ စက်မှု၊ လက်မှုလုပ်ငန်းဆိုသည်မှာ ပရိဘောဂထုတ်လုပ်သည့် လုပ်ငန်းများ၊ အထပ်သားစက်ရုံများ၊ အိမ်ဆောက်ပစ္စည်းလုပ်သည့် သစ်ခွဲသားထုတ်လုပ်ခြင်း လုပ်ငန်းများပါဝင်သည်။ MIC မှ လက်ရှိထုတ်ပေးမည့် အဓိကဦးစားပေး သစ်အခြေခံလုပ်ငန်းသစ်များမှာ ရော်ဘာပင်အိုများကို ခုတ်လှဲသောသစ်မှ ထွက်ရှိသော သစ်အခြေခံ ထုတ်လုပ်သည့် လုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သောကြောင့် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ The post သစ်အခြေခံလုပ်ငန်းများ ခွင့်ပြုမိန့် ထုတ်ပေးခြင်း ယာယီရပ်ဆိုင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2zmeKDL
via IFTTT
No comments:
Post a Comment