Tuesday, November 21, 2017


မအူပင်တွင် အော့ချက် ကုမ္ပဏီပိုင်ရှင်ကို လယ်သမား ၁၀၀၀ ခန့် ဆန္ဒပြမှု ဖြစ်ပွား မြေယာ အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း မလက်တို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြိုင်အား တရားစွဲဆို သည့် အော့ချက် ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာ မြင့်စိန် ကို မလက်တို ကျေးရွာအုပ်စု အတွင်းမှ လယ်သမား ၁၀၀၀ ခန့်က မအူပင်မြို့တွင် ယနေ့ ဆန္ဒပြကြောင်း သတင်း ရရှိသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက မလက်တို ကျေးရွာအုပ်စုရှိ ပလောင် ကျေးရွာ အနီးတွင် သိမ်းဆည်းခံ လယ်ယာ မြေ များနှင့်ပတ်သက်၍ ဒေသခံ တောင်သူ လယ်သမားများနှင့် အော့ချက် ကုမ္ပဏီ တို့ကြား တင်းမာမှုများ ဖြစ်ပွားနေသည့် အတွက် အုပ်ချုပ်ရေးမှူး ဦးကြိုင်က အငြင်းပွား ဧရိယာအတွင်း မည်သူမျှ ဝင်ရောက် လုပ်ကိုင်ခြင်း မပြုလုပ်ရန် တားမြစ်ခဲ့ သည်။ ယင်းသို့ တားမြစ်ခြင်းကို ၄ နှစ်အကြာတွင် အော့ချက် ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာ မြင့်စိန်က ဦးကြိုင်အား မြေယာ ဥပဒေ ပုဒ်မ နှင့် တရားစွဲဆိုခဲ့သည့် အတွက် မလက်တို ဒေသခံများက ဒေါက်တာ မြင့်စိန်ကို ဆန္ဒပြ ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။ “မလက်တို ကျေးရွာအုပ်စုမှာ ၂၀၁၃ ခုနှစ်တုန်းက အော့ချက်ကုမ္ပဏီက သိမ်းဆည်း မြေယာတွေကို ကျောက်တိုင်တွေ စိုက်တော့ ကျနော်တို့ လယ်သမားတွေ ကလည်း လယ်တွေ ပြန်ဝင်လုပ်မယ် ဆိုတော့ အုပ်ချုပ်ရေးမှူးက ပဋိပက္ခတွေ ဖြစ်မှာစိုးလို့ တောင်သူရော ကုမ္ပဏီကိုပါ ဘယ်သူမှ လယ်ထဲမဆင်းဖို့ တားမြစ်လိုက်တယ်။ အဲဒါကို အုပ်ချုပ်ရေးမှူး ဦးကြိုင် ဟာ လယ်သမားတွေ ဘက်က လိုက်လုပ်ပေးတယ် ဆိုပြီး လွန်ခဲ့တဲ့ ၄ နှစ်က ဖြစ်ခဲ့တဲ့ကိစ္စကို အခုမှ ပြန်တရားစွဲတဲ့ အတွက် မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်”ဟု မလက်တိုအုပ်စု ပလောင် ကျေးရွာမှ လယ်သမား ဦးငြိမ်းမောင် က ဧရာဝတီကို ပြောသည်။ မလက်တို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြိုင်ကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါက်တာ မြင့်စိန် က မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပုဒ်မ ၂၈ ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က မအူပင်မြို့မ ရဲစခန်း တွင် အမှုဖွင့်ခဲ့ရာ ရဲတပ်ဖွဲ့က မြို့နယ်၊ ခရိုင်၊ တိုင်း အုပ်ချုပ်ရေးဌာန အဆင့်ဆင့် တင်ပြခဲ့ပြီးနောက် အုပ်ချုပ်ရေး ဌာနက ခွင့်ပြုချက်ပေးခဲ့သည့် အတွက် ရဲတပ်ဖွဲ့က အမှုတည်ဆောက်ကာ မအူပင်မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒေါက်တာ မြင့်စိန် နှင့် ဦးကြိုင် အမှုကို မအူပင်မြို့နယ် တရားရုံးက နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဒုတိယအကြိမ် အဖြစ် ကြားနာရန် ချိန်းဆိုထားကြောင်း သိရသည်။ မလက်တို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြိုင်ကို တရားစွဲဆိုသည့် ကိစ္စ၊ ဆန္ဒဖော်ထုတ် ခံရသည့်ကိစ္စနှင့် ပတ်သက်၍ အော့ချက် ကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးမြင့်စိန်ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်း စက်ပိတ်ထားသည့် အတွက် မေးမြန်းခွင့် မရခဲ့ပါ။ မလက်တို ဒေသတွင် ၂၀၁၃ ဖေဖော်ဝါရီလ အတွင်းက ဒေသခံ လယ်သမားများနှင့် ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ခိုက် သည့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် အတွက် မိမိအနေဖြင့် ပဋိပက္ခများ ထပ်မံ ဖြစ်ပွားခြင်း မရှိစေရန် နှစ်ဖက်စလုံးကို တားမြစ် ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခံရသူ မလက်တို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြိုင်က ပြောသည်။ “မလက်တိုမှာ ပထမအရေးအခင်း ဖြစ်ပြီးတော့ ပြန်လည် တည်ငြိမ်အေးချမ်းတဲ့ အချိန်မှာ ဒေါက်တာ မြင့်စိန်တို့ရဲ့ အော့ချက် ကုမ္ပဏီက အစာဂိုထောင် ဆောက်ဖို့ လုပ်တယ်။ အဲဒါကို ရွာသားတွေက မကျေနပ်တော့ ဒုတိယမြောက် ပဋိပက္ခတွေ ထပ်ဖြစ်မှာစိုးတဲ့ အတွက် ခရိုင် အုပ်ချုပ်ရေးမှူးကို တင်ပြတော့ ခရိုင်မှူးက ခင်ဗျား တားလိုက်ပါ ဆိုလို့ နှစ်ဖက်စလုံးကို တားမြစ်တာပါ။ အဲဒါကို ၄ နှစ်ကြာတော့မှ ကျနော့်ကို တရားစွဲတာ။ တရားရုံးမှာ ကျနော်မမှားဘူး ဆိုတဲ့ အကြောင်း တင်ပြပြီး အမှုကို ဆက်လက် ရင်ဆိုင်သွားမှာပါ”ဟုလည်း သူက ပြောပြသည်။ ဆန္ဒဖော်ထုတ်သူ လယ်သမားများမှာ“ဒေါက်တာမြင့်စိန် အလိုမရှိ”“အော့ချက် ကုမ္ပဏီ အလိုမရှိ” “တရားစွဲဆို ခံရသည့် ဦးကြိုင် ကိစ္စ ဖြေရှင်းပေးရေး” “တရားမျှတမှု ပေါ်ပေါက်ရေး”စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ မအူပင်မြို့ ကမ်းနားလမ်း ဗောဓိ ဘုန်းကြီးကျောင်းရှေ့မှ မြို့ထဲရှိ လူစည်ကားရာ နေရာများသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဘုရား အနောက် ရန်ကုန် – မအူပင် အဝေးပြေး ကားလမ်းဘေးတွင် ဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အော့ချက် ကုမ္ပဏီသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွ့ဲ (နဝတ) စစ်ကောင်စီ လက်ထက် ၁၉၉၄ ခုနှစ် က စတင်၍ မလက်တို ကျေးရွာအုပ်စု အတွင်းရှိ ရွာပေါင်း ၁၅ ရွာမှ မြေဧကပေါင်း ၅၀၀၀ ကျော်ကို သိမ်းဆည်း ရယူထား ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် ဧက ၃၀၀၀ ကျော် ရယူထားဆဲဖြစ်ကြောင်း မြေသိမ်းခံ လယ်သမားများက ပြောသည်။ အဆိုပါ သိမ်းဆည်း မြေယာများနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ဒေသခံ လယ်သမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်များ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ရဲတပ်သား ၁ ဦး သေဆုံးခဲ့ပြီး ဒေသခံ မလက်တို လယ်သမား ၂ဝ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ အဓိကရုဏ်းနှင့် ပတ်သက်၍ ဒေသခံလယ်သမား ၃ ဦးကို လူသတ်မှုဖြင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ The post မအူပင်တွင် အော့ချက် ကုမ္ပဏီပိုင်ရှင်ကို လယ်သမား ၁၀၀၀ ခန့် ဆန္ဒပြမှု ဖြစ်ပွား appeared first on ဧရာဝတီ.
Source : http://ift.tt/2zVYNDI
via IFTTT

No comments:

Post a Comment