ဦးသောင်းထွန်းကို ဝန်ကြီးခန့်မှု နိုင်ငံလုံခြုံရေးကို ထိခိုက်နိုင်ဟု သမ္မတရုံး ဝန်ကြီးဟောင်းပြော အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကို အစိုးရအဖွဲ့ ရုံး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်း သည် နိုင်ငံတော် လုံခြုံရေးနှင့် တရုတ်- မြန်မာ ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ကြောင်း သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက နိုဝင်ဘာလ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီး သတင်းထောက်များကို ပြောသည်။ ဦးသောင်းထွန်း၏ ကိုယ်ရေးရာဇဝင်တွင် ၎င်းသည် အမေရိကန် ဂျူးသူဌေးကြီး ဂျော့ဆိုးရော့စ်ထံ၌ အကြံပေးအဖြစ် အလုပ်လုပ်ခဲ့ဖူး ကြောင်း ဖော်ပြထားခြင်း မရှိရာ ယင်းအချက်သည် မရိုးသား ကြောင်း၊ လွှတ်တော်သို့ အထောက်အထားနှင့် တကွ တင်ပြရမည် ဖြစ်ရာ ရသည့်အချိန် ၃ ရက် အတွင်း အမေရိကန်မှ အထောက်အထား စာမပြန်လာခဲ့ကြောင်း ဦးစိုးသိမ်းက ပြောသည်။ ဦးစိုးသိမ်း “ဂျော့ဆိုးရော့စ်အောက်မှာ လုပ်ခဲ့တယ်ဆိုတာ သူဖော်ပြရမယ်လေ။ ရိုးသားရင် ဖော်ပြလေ။ မရိုးသားလို့သာ မဖော်ပြတာလို့ ကျနော်က ယူဆတာပေါ့။ နောက်တခုက ဂျော့ဆိုးရော့စ်က အမေရိကမှာ ပေါက်ရောက်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် သူ့ခန့်ထားတဲ့ သူဆိုရင် တချိန်မှာ နိုင်ငံတော် လုံခြုံရေးနဲ့သော်လည်းကောင်း တရုတ်-မြန်မာ ဆက်ဆံရေးအတွက်ပါ ထိခိုက်နိုင်တယ်”ဟု ပြောသည်။ ၎င်းသည် ယခင် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူဖြစ်၍ ဦးသောင်းထွန်းနှင့် ဂျော့ဆိုးရော့စ်တို့၏ ပတ်သက်မှု ကို အသိဆုံး လူ သက်သေ ဖြစ်ကြောင်း၊ လွှတ်တော်တွင် မဲခွဲပါကလည်း ရှုံးမည်ကို သိသော်လည်း ဦးသောင်းထွန်းသည် ဂျော့ဆိုးရော့စ်၏ လူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ ကို သိစေချင်၍ ဖြစ်ကြောင်း ဦးစိုးသိမ်းက ဆိုသည်။ “ကျနော်က စေတနာနဲ့ပြောတာ၊ ဦးသောင်းထွန်းနဲ့ ကျနော်နဲ့က ခင်တယ်၊ တိုင်းပြည်အတွက်မလို့ ကျနော်က ပြောတာ။ ကျနော် ဒီတိုင်း ငြိမ်ငြိမ်လေးနေလည်း ဘာမှ မဖြစ်ဘူး။ ဒါပေမယ့် အဲဒီအကြောင်းတွေ အသိဆုံးက ကျနော်ဖြစ်နေတယ်။ ကျနော် စက်မှုဝန်ကြီးမှာတုန်းက ဂျော့ဆိုးရော့စ်ရဲ့ Open Society ဖောင်ဒေးရှင်းနဲ့ လက်မှတ်ထိုးလိုက်တယ်။ MOU ထိုးခဲ့တာ တရားဝင်။ အဲဒီရုံးမှာ သူ အကြံပေး Consultant လုပ်ခဲ့တာပဲ”ဟု ဦးစိုးသိမ်းက ပြောသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၂၁ (ဆ)နှင့် ၂၃၂ (က) တို့ကို ဦးစိုးသိမ်းက ညွှန်းဆိုခဲ့ပြီး ၁၂၁ (ဆ)မှာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်၏ အရည်အချင်း ဖြစ်ပြီး နိုင်ငံခြား အထောက်အပံ့တခုခုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရယူခြင်းကို ကန့်သတ်ထားခြင်း၊ ၂၃၂ (က)တွင် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်းဟု ဖော်ပြထားသည်။ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းသည် ဂျော့ဆိုးရော့စ်ထံတွင် အကြံပေးအဖြစ် အလုပ်လုပ်ကိုင်ဖူးပြီး သမ္မတကြီး ဦးသိန်း စိန်နှင့်ဆိုးရော့စ်တို့ကို တွေ့ဆုံနိုင်ရန် ကြားခံလူအဖြစ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ဦးသောင်း ထွန်းနှင့်အတူ ဦးစိုးသိမ်းလည်း ပါဝင်ခဲ့ကြောင်း ၎င်း၏ ကိုယ်ရေးအရာရှိ ဖြစ်သူ ဦးဝင်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။ ဦးဝင်းထွန်းဦးက “သူ(ဦးသောင်းထွန်း)က ကြားခံတွေ့ပေးတာ။ အဲဒါပါ။ အဲဒီတုန်းက သူတို့ကလည်း တိုက်ရိုက်ဆက်တာ မဟုတ်ဘဲနဲ့ ကြားခံတခုနဲ့ ခေါ်တဲ့သဘောကိုး။ ပြီးတော့ ဆိုးရော့စ်ဆီမှာ လုပ်ခဲ့တာက ကာလတို(Short Term)လေးပါ။ သူလုပ်ခဲ့တဲ့ Short Term အလုပ်တွေက အများကြီးပဲလေ။ အဲတော့ မလိုအပ်ဘူး ထင်လို့ မထည့်တာ”ဟုလည်း ဆိုသည်။ မနေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဦးသောင်းထွန်းအား ဝန်ကြီးခန့်အပ်မှုကို သမ္မတရုံး ဝန်ကြီးဟောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိမ်းက ကန့်ကွက်ခဲ့သော်လည်း အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်သဖြင့် ဦးသောင်းထွန်းကိုသာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးအဖြစ် အတည်ပြုနိုင်ခဲ့သည်။ တပ်မတော် အစိုးရလက်ထက်ကလည်း တပ်မတော်ခေါင်းဆောင်ကြီးများက ဦးသောင်းထွန်းကို ချီးမြင့် မြှောက်စားခဲ့ဖူးကြောင်း၊ ဦးသောင်းထွန်းသည် တပ်မတော် အစိုးရခေါင်းဆောင်များအတွက် စကားပြန်(Interpreter)လုပ်ပေးခဲ့သူ လူတော်တယောက် ဖြစ်သော်လည်း ကိုယ်ရေးရာဇဝင်တွင် မှန်မှန်ထည့်ပေးရန် လိုကြောင်း ဦးစိုးသိမ်းက ထောက်ပြသည်။ “သူ့ကိုလည်း ဝန်ကြီးခန့်ပေးပါဆိုတော့ သမ္မတကြီးကို ကျနော်တင်ပြတယ်။ ဒါပေမယ့် ကျနော်တို့ လက်ထက်မှာ ခန့်လို့မရဘူး။ ဘာ ကြောင့်လဲ ဂျော့ဆိုးရော့စ်က ပြောတဲ့လူမိုလို့။ အခုလည်း လုပ်တယ်။ လုပ်တာ သဘောကျပါတယ်။ သူက ဖော်ပြဖို့ ကောင်းတာပေါ့။ ဒီလူဟာ အမေရိကုန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရော့စ်အောက်မှာ လုပ်ခဲ့တယ်ဆိုတာ အဲဒီ Message ကို ကျနော် ပေးချင်တာ။ ဒါကိုတော့ ပြည်သူတွေ အကဲဖြတ်ပေါ့။ မဲခွဲလည်း ကျနော်ရှုံးမှာ။ မခွဲလည်း ကျနော်ရှုံးမှာဆိုတော့ မထူးပါဘူး”ဟု ဦးစိုးသိမ်းက ပြောဆိုခဲ့သည်။ The post ဦးသောင်းထွန်းကို ဝန်ကြီးခန့်မှု နိုင်ငံလုံခြုံရေးကို ထိခိုက်နိုင်ဟု သမ္မတရုံး ဝန်ကြီးဟောင်းပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2A3JAk5
via IFTTT
No comments:
Post a Comment