Thursday, November 2, 2017

ဒီတပတ္ ဖတ္စရာ

ဒီတပတ် ဖတ်စရာ စာရေးသူ – ညီပုလေး စာအုပ်အမည် – ညီပုလေး ဝတ္ထုတိုပေါင်းချုပ် အမျိုးအစား – ဝတ္ထုတို လူထုဒေါ်အမာက “သူရှိတုန်းက စာတစ်လုံးမှ ရေးမပြတဲ့သားက ဝတ္ထုတိုကလေးတွေ ရေးလာတော့ သူ့အဖေများရှိရင် ဘာပြောမှာပါလိမ့်လို့ ကျမမတွေးဘဲ မနေနိုင်ဘူး”လိ့ု အမှာစာမှာ အမှတ်တရစကား ဆိုထားပါတယ်။ ဒီစာအုပ်မှာ ၁။ သူ့ထက်ကဲရွှေပြည်စိုး ညီပုလေးဝတ္ထုတိုများ၊ ၂။ ကလေးလူကြီး ကြိုက်ပြီးချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ၊ ၃။ တကြောင်းဆွဲကလေးပန်းချီနှင့် အခြားဝတ္ထုတိုများ၊ ၄။ လူအအိပ်မက် ဝတ္ထုတိုများ၊ ၅။ ငြိမ်သက်တမိနစ်နှင့် တခြားဝတ္ထုတိုများ၊ ၆။ ဆူးရစ်၊ ပဒုမ္မာ၊ ကျားလျှာ၊ ထနောင်း ဝတ္ထုတိုများ ၊ ၇။ တတိယမြို့တော်သားရဲ့အလွမ်း၊ ၈။ လမ်းပေါ်ကိုကိုးအုပ်တော့ မြတ်ကျော်မုဆိုးစုတ်နှင့် မဂ္ဂဇင်းဝတ္ထုတိုများစတဲ့ ဆရာညီပုလေးရဲ့ဝတ္ထုတိုလက်ရာစာအုပ် ၈ အုပ်မှပါဝင်တဲ့ ဝတ္ထုတိုလက်ရာ ၁၀၀ နီးပါးကို ဆရာညီပုလေးရဲ့ သရုပ်ဖော်ပန်းချီပုံတွေနဲ့အတူ ဖတ်ရှုရမှာဖြစ်ပါတယ်။ လူထုဒေါ်အမာ၊ သုခ၊ ခင်ဆွေဦးတို့ရဲ့ အမှာစာတွေကိုလည်းဖတ်ရှုရမှာဖြစ်ပါတယ်။ စိတ်ကူးချိုချိုက တန်ဖိုး ၉၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။ စာရေးသူ – မောင်ခင်မင် (ဓနုဖြူ) စာအုပ်အမည် – သင်္ကေတဗေဒနိဒါန်း အမျိုးအစား – သင်္ကေတဗေဒ “ဆီမီးသည် ပညာကိုရည်ညွှန်းသောသင်္ကေတ၊ အသည်းပုံသည် အချစ်ကိုရည်ညွန်းသောသင်္ကေတ။ အနီရောင်သည် ရဲရင့်ခြင်းကိုရည်ညွန်းသောသင်္ကေတ၊ ကိုဝင်းဦး၏ပုံတူ ပန်းချီကားသည် ကိုဝင်းဦးကို ရည်ညွန်းသောသင်္ကေတစသည် စသည်ဖြင့် သင်္ကေတအမျိုးအမျိုးကို စဉ်းစားကြည့်နိုင်ပါသည်” လို့ ဆရာမောင်ခင်မင် (ဓနုဖြူ)က မိတ်ဆက် တင်ပြထားပါတယ်။ ဒီစာအုပ်မှာ အခန်း ၁။ သင်္ကေတကမ္ဘာကြီးထဲမှာ၊ အခန်း ၂။ အညွန်းပြု-အညွန်းခံ၊ ခင်မောင်ရင်-ဗိုလ်အောင်ဒင်၊ အခန်း ၃။ သင်္ကေတသုံးမျိုးနှင့် သင်္ကေတသတ်မှတ်မှု၊ အခန်း ၄။ ပုံစံရင်းပုံစံတူသင်္ကေတ၊ အခန်း ၅။ အညွန်းပြု အညွန်းခံ ထင်မိယောင်မှား၊ အခန်း ၆။ အလျားလိုက်နှင့် ဒေါင်လိုက်၊ အခန်း ၇။ ဖြစ်စဉ်ထဲက ဖြစ်ရပ်များ၊ အခန်း ၈။ သင်္ကေတ၏ အနက်သုံးဆင့်၊ အခန်း ၉။ လမ်းသစ် ဥပစာ၊ လမ်းဟောင်းဥပစာ၊ အခန်း ၁၀။ သင်္ကေတဖွဲ့စည်းပုံစနစ်များ၊ အခန်း ၁၁။ အနက်ဖွဲ့ခြင်းနှင့် အနက်ဖော်ခြင်းစတဲ့ အခန်းတွေကိုဖတ်ရှုရမှာ ဖြစ်ပါတယ်။ “သင်္ကေတဗေဒဟာဘာသာစကား၊ စာပေ၊ ဓာတ်ပုံ၊ သတင်းစာ၊ ကြော်ငြာ၊ တေးဂီတ၊ သဘင်၊ ရုပ်ရှင်၊ ပြဇာတ်၊ ရုပ်မြင်သံကြားစတဲ့ နယ်ပယ်များစွာမှာနေရာယူလျက်ရှိပါတယ်” လို့လည်းဆရာမောင်ခင်မင် (ဓနုဖြူ)က ဆိုပါတယ်။ The key collection က တန်ဖိုး ၃၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – မောင်သာနိုး စာအုပ်အမည် – အင်္ဂလိပ်စာမတတ်ခြင်းဒုက္ခ အမျိုးအစား – ဘာသာစကား “ပြည်သူကိုချစ်ပါတယ်၊ အလုပ်အကျွေးပြုချင်ပါတယ် ဆိုကာမျှနဲ့ ကနေ့ခေတ်နိုင်ငံရေးလုပ်လို့မရဘူး။.. အင်္ဂလိပ်စာတတ်ပါ `လို့ ဆရာကြီးဦးသာနိုးက ဆိုပါတယ်။ ဒီစာအုပ်မှာဘာသာစကား ကြွယ်ဝရေး၊ ရှက်တတ်ကြဖို့ကောင်းတယ်၊ စနစ်တကျ အရေးအသားအလေ့အကျင့်၊ လူငယ်တွေ ဗမာစကားမပီကြဘူး၊ အရေးမပိုင်တာနဲ့ အမှားရေးတာ၊ ဒေါ်လှကြည် ရှာပုံတော်၊ ဗမာနာမည်နဲ့ အင်္ဂလိပ် စာလုံးပေါင်း၊ နှုတ်ကျိုးသွားတဲ့ အမှား၊ အင်္ဂလိပ်စာမတတ်တဲ့ စာပြင်သူ၊ အတ်ကိုအေမှတ်သူများ၊ အသံထွက်ပုံမတူကြ၊ ဆရာဆရာမတွေ စာတတ်ဖို့၊ ရီမုနဲ့ ဟန်းဆက်၊ အင်္ဂလိပ်စာမတတ်ခြင်းဒုက္ခ၊ ဗရုတ်သုတ်ခအင်္ဂလိပ်စာ ၊ ကလေးတွေကိုသနားကြပါ၊ အင်္ဂလိပ်စာတော်ချင် ဘာလုပ်မလဲ၊ တတ်ယောင်ကားအင်္ဂလိပ်စာ၊ ဗမာစကားထဲရောက် အင်္ဂလိပ်စကားလုံးများ၊ သဒ္ဒါ ဘယ်လောက် တတ်ရမလဲ၊ ရေရေလည်လည် မသိတာတွေ၊ အီးမေးလ် ရေးပုံရေးနည်းစတဲ့ ဆောင်းပါး ၂၂ ပုဒ်ကိုဖတ်ရှုရမှာဖြစ်ပါတယ်။ “ရခိုင်အရေးမှာ နိုင်ငံတကာရဲ့ တဘက်သတ် စွပ်စွဲချက်တွေကိုဗမာတို့ မတုံ့ပြန်နိုင်ခဲ့ပါ။ အကြောင်းကတော့ အင်္ဂလိပ်စာ မတတ်ကြလို့ ဖြစ်ပါတယ်” လို့ ထုတ်ဝေသူက ဆိုပါတယ်။ ကွမ်းခြံလမ်း စာပေက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ စာရေးသူ – ကျော်ဝင်း စာအုပ်အမည် – ဆရာကြီးမောင်စူးစမ်းကွယ်လွန်ခြင်း အထိမ်းအမှတ်စာစုများ အမျိုးအစား – အတ္ထုပ္ပတ္တိ “စွဲလမ်းသူအချို့က သူ့ကိုတသသဖြစ်နေကြသည့်တိုင်၊ မကျေနပ်သူများကား သူ့ကိုကျိန်ဆဲနေကြပါလိမ့်မည်။ သူကတော့ ဘာကိုမှကြားနိုင်တော့မည်မဟုတ်တော့။ အားလုံးကိုဥပေက္ခာပြုသွားခဲ့လေပြီ” လို့ ဆရာကျော်ဝင်းက ဆိုပါတယ်။ ဒီစာအုပ်မှာ ဘဝမာတိကာ၊ နိုင်ငံရေးမာတိကာနှင့် မဟာဗျူဟာမာတိကာများ၊ အဝေးမြင်ရုပ်ပုံလွှာ၊ ဆရာနှင့်ဆရာ့စာများ၊ စာအုပ်အညွန်းစတဲ့ အပိုင်း ၄ ပိုင်း ပါဝင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ချမ်းအေးစစ်တမ်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ဦးချမ်းအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးချမ်းအေး၊ အဝေးမြင်စာရေးဆရာ နိုင်ငံရေးသမားကြီးများ…၊ အနှစ်နှစ်ဆယ်၊ နိုင်ငံရေးသမား၊ စာရေးဆရာနှင့် ပညာရှင်စိတ်အခံ၊ စစ်အေးခေတ်မီးဖိုချောင်နိုင်ငံရေးတွင် အဘိုးတန်ကလောင်တချောင်းရပ်နားသွားခြင်း၊ အမေ့လျော့ခံ နိုင်ငံရေးသမားဘောဂဗေဒပညာရှင်နှင့် ဂျာနယ်လစ်၊ ဦးနှောက်ကိုဖိခြင်း၊ ဦးနှောက်ကိုဆွခြင်းနှင့် ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ ကြက်ဥပေါ် လမ်းလျှောက်ရင်း ဖူကူယားမားကိုလိုက်ကြည့်ခြင်းစတဲ့ စာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ UNITY စာပေက တန်ဖိုး ၁၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ The post ဒီတပတ် ဖတ်စရာ appeared first on ဧရာဝတီ.
Source : http://ift.tt/2hyLlM1
via IFTTT

No comments:

Post a Comment