Friday, November 24, 2017


ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံး ဆေးရွက်ကြီး ငုံဝါးသူများ ဖြစ် မြန်မာနိုင်ငံတွင် ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံးသည် ဆေးရွက်ကြီး ငုံဝါး သုံးစွဲသူများ ဖြစ်ကြောင်း ESMO (The European Society for Medical Oncology) ၏ အာရှ ၂၀၁၇ ညီလာခံတွင် တင်သွင်းသည့် သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။ အရွယ်ရောက်ပြီးသူများသည် ကွမ်းစားကြသဖြင့် ခံတွင်းကင်ဆာ အဖြစ်များပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက် ခြင်း တို့လည်း ခံတွင်းကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများတွင် အကျုံးဝင်သည်။ ကမ္ဘာတဝန်း ခံတွင်းကင်ဆာ ဖြစ်ပွားသူ အားလုံး၏ ထက်ဝက်ကျော်မှာ အာရှတိုက်မှ ဖြစ်ပြီး ဒေသတွင်းတွင် ၂၀၁၂ ခုနှစ်က ရောဂါအသစ် ဖြစ်ပွားသူ ခန့်မှန်းခြေ ၁၆၈၈၅၀ ဦး ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကင်ဆာတိုက်ဖျက်ရေး လှုပ်ရှားမှု GLOBOCAN 2012 ၏ အဆိုအရ သိရသည်။ ထိုအရေအတွက်မှ ခံတွင်းကင်ဆာ ဝေဒနာရှင် ၁၁ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှမှ ဖြစ်သည်။ တောင်ငူဆေးရုံမှ ကင်ဆာရောဂါ ပါရဂူ ဒေါက်တာ ခင်ခင်နွယ်က “ပါးစပ်ကင်ဆာလို့လည်း ခေါ်တဲ့ ခံတွင်း ကင်ဆာဖြစ်ပွားမှု ယခင် လေ့လာချက်များအရ နှစ်ပေါင်းများစွာ အတွင်း အရှေ့တောင်အာရှမှာ စိုးရိမ်စရာ တိုးပွားလာပြီ ဖြစ်ပါတယ်။ ဒီဒေသတွင်းမှာ ဆေးရွက်ကြီး စားသုံးမှု ရှိနေတယ် ဆိုတာ ပြသနေပါတယ်။ ဥပမာ အနေနဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ၅၀ ရာခိုင်နှုန်းအထက်က ကွမ်းစားကြပါတယ်” ဟု ပြောသည်။ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ ဝေဒနာရှင်များ၏ နေ့စဉ်ဘဝမှာ အဆိုပါ ရောဂါလက္ခဏာစု ဖြစ်နိုင်ခြေ များကြောင်း ဤ လေ့လာဆန်းစစ်ချက် အရ တွေ့ရှိရသည်။ ၂၀၁၆ ခုနှစ်က တောင်ငူဆေးရုံ၊ ကင်ဆာရောဂါ ရှာဖွေကုသရေး ဌာနတွင် စံနမူနာပြု သုတေသန ပြုလုပ်ခဲ့သည်။ ဦးခေါင်းနှင့် လည်ပင်းကင်ဆာကြောင့် ဆေးရုံရောက်လာကြသူများ အားလုံး အဆိုပါ သုတေသန လေ့လာမှုတွင် ပါဝင်ခဲ့သည်။ ယင်း ဝေဒနာရှင်များကို ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် အရက်သောက်ခြင်းများနှင့် ပတ်သက်ပြီး မေးမြန်းစိစစ်သည်။ ကွမ်းယာထဲတွင် အိန္ဒိယမှ တင်သွင်းလာသော ဆေးရွက်ကြီးကို ထည့်စားတတ်ကြသည် ထိုနှစ်က တောင်ငူဆေးရုံ ရောက်လာသည့် ကင်ဆာဝေဒနာရှင် ၃၀၇ ဦး၏ ၂၂ ရာခိုင်နှုန်းဖြစ်သည့် ၆၇ ဦးမှာ ဦးခေါင်းနှင့် လည်ပင်းကင်ဆာ ဖြစ်ကြပြီး ၎င်းတို့လည်း သုတေသန လေ့လာမှုတွင် ပါဝင်ကြသည်။ အဆိုပါ ၆၇ ဦး အနက် ၄၁ ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး ၂၆ ဦးမှာ အမျိုးသမီးများ ဖြစ်သည်။ ၎င်းတို့ ပျမ်းမျှအသက်မှာ အမျိုးသား ဝေဒနာရှင်များ အတွက် ၅၉ ဒသမ ၂ နှစ် (အသက် ၃၆ နှစ်မှ ၈၁နှစ်) နှင့် အမျိုးသမီး ဝေဒနာရှင်များ အတွက် ၅၈ ဒသမ ၇ နှစ် (အသက် ၁၉ နှစ်မှ ၈၆ နှစ်) အသီးသီးဖြစ်ကြသည်။ လေ့လာချက် အရ ၎င်းတို့၏ နေ့စဉ်ဘ၀ အလေ့အထများကို ထောက်ရှုလျှင် လူနာ ၂၀ (၃၀ ရာခိုင်နှုန်း) မှာ ကွမ်း သီးသန့်စားသူများ၊ လူနာ ၁၉ ဦး (၂၈ ရာခိုင်နှုန်း) မှာ ကွမ်းလည်းစား၊ ဆေးလိပ်လည်း သောက်သူ၊ လူနာ ၁၉ ဦး(၂၈ ရာခိုင်နှုန်း) မှာ ကွမ်းလည်းစား၊ ဆေးလိပ်လည်းသောက်၊ အရက်ပါ သောက်သူများ ဖြစ်ကြသည်။ လူနာ ၂ ဦးမှာ ဆေးလိပ်သောက်၊ အရက်သောက်သူများ ဖြစ်ကြပြီး ဆေးလိပ်သီးသန့် သောက်သူ ၂ ဦး၊ ရောဂါအန္တရာယ် မရှိသူ ၂ ဦးနှင့် ရောဂါဇစ်မြစ် မသိရသူ ၃ ဦးတို့ ဖြစ်သည်။ ခံတွင်းကင်ဆာ လူနာအားလုံးမှာ ကွမ်းစားသူများ ဖြစ်ကြသည်။ ထို့ပြင် ၄၈ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သူနှင့် ၄၄ ရာခိုင်နှုန်းမှာ အရက်သောက်သူ ဖြစ်ကြသည်။ ခံတွင်းကင်ဆာ ဖြစ်ပွားသူ ၈၇ ရာခိုင်နှုန်းက ၎င်းတို့သည် အချိန် အတော်များများ ပါးစောင်တွင် ကွမ်းငုံထားတတ်ကြကြောင်း ဆိုပါသည်။ “ခံတွင်းကင်ဆာ လူနာတွေ အားလုံးက ကွမ်းစားကြတာ ကျမတို့ တွေ့ရပါတယ်။ အများစုက ဆယ်ကျော်သက် အရွယ် ကတည်းက စားလာကြပြီးတော့ ဖြတ်ဖို့ခက်တာကို တွေ့ရပါတယ်။ ကွမ်းစားတာက ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာတို့နဲ့ပါ ဒွန်တွဲပြီး စွဲလန်းစေတာ ဒီလူအုပ်မှာ ပေါ်လွင်နေပါတယ်” ဟု ဒေါက်တာခင်ခင်နွယ်က ရှင်းပြသည်။ ဆေးရွက်ကြီးက ခံတွင်းကင်ဆာဖြစ်စေကြောင်း သတိပေးထားသော်လည်း ဂရုမပြု “အရှေ့တောင်အာရှမှာ မြန်မာအပါအဝင် နိုင်ငံ အတော်များများမှာ ကွမ်းစားကြပါတယ်။ ကွမ်းစားတာဟာ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်ပြီး အခုဆိုရင် ပြည်သူ့ ကျန်းမာရေးပြဿနာ တခု ဖြစ်လာနေပြီ ဆိုတာ ကျမတို့ လေ့လာချက်က ပြသနေပါတယ်။ ကွမ်းရဲ့ အန္တရာယ်ကို အသိအမြင် တိုးတက်လာဖို့ အားထုတ်ဖို့ လိုသလို ဆယ်ကျော်သက် အရွယ်တွေ အကျင့် မလုပ်မိဖို့နဲ့ လူကြီးတွေကလည်း ကွမ်းစားတာ ရှောင်ဖို့ လိုပါတယ်။ အဲဒီနည်းနဲ့ ဦးခေါင်းနဲ့ လည်ပင်းဆိုင်ရာ ကင်ဆာရောဂါတွေ ဖြစ်ပွားမှုကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ ဂျပန်နိုင်ငံ၊ ချီဘာမြို့၊ အရှေ့ပိုင်းဆေးရုံ အမျိုးသားကင်ဆာဗဟိုဌာန၊ ဦးခေါင်းနှင့် လည်ပင်း ကုသရေးဌာနခွဲ အကြီးအကဲ ဒေါက်တာ မာကိုတိုတဟာရက “ကျန်းမာရေးဆိုင်ရာ အရေအတွက် တွေက ကွမ်းစားတာနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာနဲ့ ရှေ့ပြေးအခြေအနေတွေဖြစ်တဲ့ ခံတွင်းအမြှေးပါးရောင်ယမ်းတာ၊ ခံတွင်းအနာဖြစ်တာတွေ ဆက်စပ်နေတာပါ။ ကွမ်းစားတာ လျှော့ချဖို့ နားလည်သဘောပေါက်ခြင်း ဆိုတဲ့ နည်းလမ်းဟာ ကမ္ဘာ့လုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အတွက် အရေးကြီးတဲ့ အချက်ပါပဲ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီ (IARC) က ကွမ်းစားခြင်းကို ကင်ဆာဖြစ်ပွားစေတဲ့ အကြောင်းရင်း အုပ်စု ၁ မှာ ထည့်သွင်းသတ်မှတ်လိုက် ပါတယ်” ဟု ရှင်းပြသည်။ “ကွမ်းစားခြင်းကို အစပျိုးတာ (ဒါမှမဟုတ်) ထိန်းထားဖို့ အတွက် အပြုအမူနဲ့ စိတ်ပညာဆိုင်ရာ အချက်အလက်တွေကို နားလည် သဘောပေါက်ရေး စီမံချက်တွေကို သုတေသနပြုပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။ “ကွမ်းစားတဲ့ ဓလေ့လျှော့ချဖို့ ပစ်မှတ်ထားပြီးတော့ ကာကွယ်ရေးနဲ့ ကုသရေး ပုံစံအတွက် စိတ်ပညာဆိုင်ရာနဲ့ အပြုအမူ အဆိုင်ရာ အချက်အလက်တွေ လိုမျိုး သတ်မှတ်ချက်တွေက အကူအညီပေးမှာ ဖြစ်ပါတယ်။ အနောက်ပစိဖိတ်ဒေသအတွင်း နိုင်ငံ အတော်များများမှာ လူမှုဘဝထဲကို ကွမ်းစားခြင်းက အခိုင်အမာ အမြစ်တွယ်နေဆဲပါ။ ကွမ်းစားခြင်း အတွက် လူမှုဆိုင်ရာ အရေးကြီးတဲ့ အကြောင်းပြချက် တခုအနေနဲ့က ကွမ်းစားတဲ့ သူတွေဟာ အနုတ်လက္ခဏာ ဆောင်တဲ့ လူမှုဂယက်ဖြစ်မှာ စိုးရိမ်နေကြပါတယ်။ ဥပမာပြောရရင် ကွမ်းနဲ့ ဧည့်ခံတာကို လူမှုရေး (ဒါမှမဟုတ်) ဓလေ့ထုံးစံ အရ သီးသန့် ဧည့်ဝတ်ပြုတာ ရှိနေတုန်းပါပဲ။ ကွမ်းနဲ့ ဧည့်ဝတ်ပြုတာ ငြင်းဆန်မိရင် အိမ်ရှင်ကို စော်ကားမိသလို ဖြစ်မှာလည်း စိုးကြပါတယ်” “ကွမ်းစားတာ ကာကွယ်ခြင်းနဲ့ ကုသခြင်းပုံစံတွေကြား ဝင်ပေးဖို့ အတွက် ကြီးမားတဲ့ လူမှုရေး၊ ဓလေ့ထုံးစံ အစိတ်အပိုင်း တွေ လိုအပ်နိုင် ပါတယ်။ နမူနာအနေနဲ့ အဲဒီလို ကြားဝင်ခြင်းဟာ ကွမ်းစားသူတွေ ကွမ်းပြတ်စေဖို့ လူမှုရေးနဲ့ ဓလေ့ထုံးစံ ဘက်ကနေ လှည့်ပြီး ဖိအားပေးတာမျိုးပါ။ ကာကွယ်ဖို့ အတွက် အလေးထားမယ် ဆိုရင်တော့ လူငယ်တွေကြားမှာ ကွမ်းစွဲဖို့ အစပျိုးစေတာမျိုး လူမှုရေး လွှမ်းမိုးမှုတွေ ရှိပါတယ်။ အဲဒီ လူမှုရေး လွှမ်းမိုးမှုအပေါ် အခြေခံပြီးတော့ ဆေးလိပ် ဆန့်ကျင်ရေး ကြားဝင်မှုကဲ့သို့ ထိရောက်မယ့် အသက်အရွယ် အပိုင်းအခြားကို ပစ်မှတ်ထားပြီး ကွမ်းစားတာ ပညာပေး တားမြစ်ရမှာပါ” (www.news-medical.net တွင် ဖော်ပြထားသည့် All mouth cancer patients in Myanmar use smokeless tobacco, study finds ကို ဘာသာပြန်သည်။) The post ခံတွင်းကင်ဆာ ဝေဒနာရှင်အားလုံး ဆေးရွက်ကြီး ငုံဝါးသူများ ဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2hOqSlP
via IFTTT

No comments:

Post a Comment