မီးညှိပြီးသား ၁။ ၁၉၇၀ မိုးဝေကဗျာခေတ် နောက်ပိုင်းမှာ စစ်ဝတ်စုံနဲ့ တွေ့ခဲ့ဖူးတဲ့ ကဗျာဆရာ နှစ်ယောက် ရှိပါတယ်။ တယောက်က ဖော်ဝေး၊ တယောက်က အုန်းသစ်။ ကိုဖော်ဝေးကို တပ်မတော် ကြည်းတပ် အရောင် စစ်စိမ်းရောင်ဖြင့် တွေ့ခဲ့ဖူးပြီး၊ ကိုအုန်းသစ်ကို လေတပ်အရောင် ကာကီရောင်ဖြင့် တွေ့ခဲ့ဖူးပါတယ်။ ၁၉၇၅ တဝိုက်မှာတော့ နှစ်ယောက်စလုံး တပ်က ထွက်ခဲ့ကြပါတယ်။ ၁၉၇၈ မှာ ကိုဖော်ဝေး ကွယ်လွန်ပြီး ကိုအုန်းသစ်နဲ့တော့ ပန်းဆိုးတန်းမှာ၊ ဘားလမ်းမှာ၊ ရန်ကုန်မြို့လယ် တနေရာရာမှာ ဆုံဖြစ်ခဲ့ကြပါတယ်။ စာအုပ်အဟောင်းတွေ ရောင်းနေတဲ့ ကိုအုန်းသစ်ကိုလည်း တွေ့ခဲ့ဖူးပါတယ်။ သူလည်း အဆင်မပြေ၊ ကိုယ်လည်း အဆင်မပြေ၊ တိုင်းပြည်လည်း အဆင်မပြေခဲ့သော နေ့များပါပဲ။ ပြက္ခဒိန်စာရွက်တွေပေါ်မှာ ရာသီတွေ ပြောင်းသွားပုံ မပြတော့ဘဲ အဆင်မပြေမှုတွေ ကြာမြင့်ရှည်လျားခဲ့သော နေ့များပါပဲ။ နှစ်များစွာ မတွေ့ကြရတော့ဘဲ ပြန်တွေ့ကြတော့ ၂၀၁၂-၁၃ Facebook စာမျက်နှာပေါ်မှာ။ အသက်တွေကလည်း ၂၀ ကျော် လူငယ်များ မဟုတ်ကြတော့ပါ။ အခုရော အဆင်ပြေကြပြီလား။ ဟိုတုန်းက ပြည့်စုံခဲ့သော ရှုမ၀ မဂ္ဂဇင်းကလည်း အပြောင်းအလဲများ ကြုံချိန်၊ မပြည့်စုံခဲ့သော မိုးဝေမဂ္ဂဇင်းကလည်း မဂ္ဂဇင်းတိုက်နေရာ အတည်တကျ မရှိနိုင်ဘဲ ပြောင်းရွှေ့နေခဲ့ရာ ခဏခဏ နေရာပြောင်းနေရသော ဘတ်စ်ကားမှတ်တိုင်နှင့်ပင် တင်စားခဲ့ရပါသည်။ အတည်တကျ မရှိနိုင်ခဲ့သော နေ့များစွာကို ဖြတ်သန်းပြီး ကျနော်တို့ ပြန်တွေ့ကြပြန်ပါသည်။ အခုရော အဆင်ပြေကြပြီလား။ ကျနော်က စမ်းချောင်းမှာ၊ ကိုအုန်းသစ်က ဘိုကလေး လယ်ကွင်းကြီးတွေ အနားမှာ။ ၂။ ပြန်တွေ့ကြတော့ သတိပြုမိတာက သူ့ဘက်မှာလည်း ကဗျာကို စိတ်မကုန်နိုင် အချစ် မကုန်နိုင်သေးခြင်းပင်။ စစ်နှင့် ငြိမ်းချမ်းရေးတွေ တောရိုင်းမြေတွေ ဒေါက်တာဇီဗားဂိုးတွေ လေရူးသုန်သုန်တွေ မိုးဝေကဗျာတွေ ပုဂံစာအုပ်တိုက် ခေတ်တွေ ဘယ်မှာ ကျန်ရစ်ခဲ့လို့လဲ။ ပြန်တွေ့ကြပြီး ၄-၅ နှစ်လောက် အရောက်မှာတော့ သူ့ဘ၀ အသက်တာအတွက် အမှတ်တရ ကဗျာစာအုပ်တအုပ်လုပ်မည်။ ကောင်းသော အလုပ်ပဲ။ ကျနော့်ကို ကဗျာများ ပေးဖတ်သည်။ တခုခု ရေးစေချင်သည်။ ရေးစရာက တခုမကပါ။ မသေဘဲ ကျန်ရစ်ခဲ့တော့ ဒီနေ့ခေတ်ကြီးကို ရပြီး၊ ဒီနေ့ အသွားအလာများနှင့် မိုးဝေကဗျာခေတ်ကို သိမ်မွေ့စွာ ချိတ်ဆက်ချင်ပုံ ရတာပဲ။ လောဘမပါဘဲ လုံလောက်စွာ ပြောပြစရာများက အသင့်ရှိနေခဲ့တာပဲ။ ကျနော်တော့ ကြိုက်တယ်။ ကဗျာတွေကို အရသာခံ ဖတ်ရန်က တခု ဖြစ်ပြီး သူ အလုပ် လုပ်လာပုံကို ကျနော်တော့ ကြိုက်တယ်။ ၃။ သူ့ကဗျာ တပုဒ်၏ တနေရာမှာ ‘အသက်ရှင်သန် နေထိုင်မှုဟာ …. မီးညှိပြီးသား’ ထိုစာကြောင်းကို တွေ့သော အခါ ကျနော် ရေးသော စာကို သူ၏ ‘မီးညှိပြီးသား’ ကိုပင် ပြန်လည် အသုံးပြုမိသွားပါသည်။ သူ၏ ကဗျာ အဆုံးပိုဒ်လိုပင် … ဖွာရှိုက်သူ မရှိလည်း ….. သူ့ အလိုလို လောင်ကျွမ်း ကုန်ဆုံးစေမှာပါ’ သူ့ကဗျာတပုဒ်ထဲကလို… ‘သူ့ဘာသာရပ်နဲ့သူ၊ သူ့ခေတ်နဲ့ သူ နေရာကျကျ ချခင်း ပြသရတာ အနုပညာပဲတဲ့’ နဲ့လည်း လိုက်ဖက်ပါတယ်။ ‘အဖေ မရှိတော့ဘူး၊ ငွေက ရှားဆဲပဲ စပျစ်သီးကတော့ ပေါပါတယ် အဖေ’ ‘စာအုပ်ထဲက စာသားထက် … မျက်နှာဖုံးပေါ်က ပန်းချီကားက ပိုလှနေတတ်တော့’ ‘ကမ္ဘာကျော်တိုင်းလည်း … … ကမ္ဘာကြီးက အသဲမစွဲပါဘူး’ ‘၂၀၁၆ နွေမှာ အားလုံး ပျော်ဖို့’ ‘ပေါင်းကြည့်စမ်း အဲဒါ ဘယ်လောက်ကျမလဲ’ သူ့ကဗျာများ ဖတ်ပြီး ပြောစရာက တခုမကပါ။ အလိုရှိလျှင် ဖတ်ကြည့်စေချင်ပါသည်။ ဖတ်ပြီး ကျနော့် ရင်ထဲမှာ ဝင်းပသွားပါတယ်။ ဒါဆိုရင် မီးလျှံပေါ့။ ဟုတ်သားပဲ။ အသက်ရှင် နေထိုင်မှုဟာ မီးညှိပြီးသားပဲ။ အလေးအနက်ဖြင့် … ( ‘ကမ္ဘာကျော်တိုင်းလည်း ကမ္ဘာကြီးက အသဲမစွဲပါဘူး’ ကဗျာစာအုပ်တွင် ပါဝင်သော စာမူကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။) စာရေးသူ – အုန်းသစ် စာအုပ်အမည် – ကမ္ဘာကျော်တိုင်းလည်း ကမ္ဘာကြီးက အသည်း မစွဲပါဘူး အမျိုးအစား – ကဗျာ (မြန်မာ-အင်္ဂလိပ် ၂ ဘာသာ) ထုတ်ဝေသည့်တိုက် – နှစ်ကာလများ ထုတ်ဝေသည့် ခုနှစ် – ၂၀၁၇၊ အောက်တိုဘာ တန်ဖိုး – ၂၀၀၀ ကျပ် The post မီးညှိပြီးသား appeared first on ဧရာဝတီ.
Source : http://ift.tt/2hPsX18
via IFTTT
No comments:
Post a Comment