ပြည်ပသို့ တင်ပို့နိုင်မည့် ရေထွက်ပစ္စည်း မွေးမြူရေး ဇုန် ၃ ခု ရန်ကုန်တိုင်းတွင် တည်ဆောက်မည် ပြည်ပသို့ နိုင်ငံတကာအဆင့်မီ တင်ပို့ရောင်းချနိုင်သော ရေထွက် ပစ္စည်း မွေးမြူရေး ဇုန် ၃ ခုကို ရန်ကုန်တိုင်း ဒေသ ကြီး တွင် လာမည့် ၂၀၁၈ ခုနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံ ငါး၊ ပုစွန် အစာထုတ်လုပ် ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူးက “ဒီ မွေးမြူရေး ဇုန်ကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်က ပူးပေါင်း ပါဝင်ပြီးတော့ ရေထွက်ပစ္စည်း ထုတ်လုပ်ရေး ဖွံံဖြိုးဖို့ အဓိကတော့ ငါး၊ ပုစွန် လုပ်ငန်း မွေးမြူဖို့ ဖြစ်တယ်။ ငါး၊ ပုစွန်ကို ခေတ်မီ နည်းပညာနဲ့ နိုင်ငံတကာ စံချိန်မီ မျိုးကောင်းမျိုးသန့်များကို မွေးမြူသွားမှာ ဖြစ်တယ်။ လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်မှာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ မွေးမြူရေးဇုန်ကို ရန်ကုန်တိုင်း အတွင်းရှိ မြေဧက ၁ သောင်းကို စီမံကိန်း ဧရိယာအဖြစ် လျာထားပြီး လက်ရှိ တွင် မြေနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် က ဦးဆောင်၍ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် နှင့် နေရာ ရွေးချယ်နေကြောင်းလည်း ၎င်းက ပြောဆိုသည်။ ထို့အပြင် ယင်းဇုန်တွင် မွေးမြူရေး ရေထွက်ကုန်များ အပြင် အစာစပ် စက်ရုံများကိုလည်း တည်ဆောက်သွားမည် ဖြစ်ပြီး ယခုနှစ် အတွင်း မြေနေရာ အပြီးသတ် ရွေးချယ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရ သည်။ ထိုမွေးမြူရေးဇုန်မှ တဆင့် ထွက်ရှိလာသော ငါး၊ ပုစွန် ကုန်ချောပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည့် အအေးခန်း များ၊ ထုပ်ပိုးပြုပြင်သည့် စက်များအားလုံး တည်ဆောက်သွားမည့် အစီစဉ်များကိုလည်း စီမံကိန်းတွင် ထည့်သွင်း ထားကြောင်း ပုစွန် မွေးမြူရေး လုပ်ငန်းရှင်လည်းဖြစ်သူ ဒေါက်တာ သက်မှူးက ပြောသည်။ ဆက်လက်၍ ၎င်းက“အခု လောလောဆယ်က မြေနေရာ ပထမဆုံး စပြီး ရွေးချယ်တဲ့ အပိုင်း စနေပြီ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ ဦးတို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ကွင်းဆင်း စစ်ဆေးနေကြတယ်။ မြေနေရာက ရွေးတုန်း ရှိသေးတယ်။ အတိအကျတော့ မရသေးဘူး။ ရွေးတဲ့နေရာက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ကလည်း ပေးလို့ ရရမယ်။ နောက်ပြီးတော့ ဦးတို့အဖွဲ့ကလည်း မွေးမြူရေးနဲ့ အတည်ဖြစ်မယ်။ အဲဒါမှ လုပ်လို့ရမှာ ဖြစ်တယ်။ အဓိက တော့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာပဲ လုပ်ဆောင်သွားမှာ၊ ဒါကတော့ သေချာတယ်။ ဝန်ကြီးချုပ်ကတော့ ဦးဆောင် လုပ်မယ်ဆိုတော့ ဘယ်လောက်အထိ အသေးစိတ် လုပ်ဆောင်သွားမလဲ ဆိုတာတော့ မသိသေးဘူး”ဟု လည်း ရှင်းပြသည်။ ယင်းသို့ ဇုန် တည်ဆောက်ရာတွင် လုပ်ငန်း ကဏ္ဍအလိုက် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကိုလည်း ရင်းနှီး မြှုပ်နှံခွင့် ပြုပေးသွားမည် ဖြစ်သော်လည်း လုပ်ငန်းများကို လုပ်ကိုင်ရာတွင် ၁၀၀ ရာခိုင်နူန်း ပေးသွားမည် မဟုတ် ကြောင်း ဒေါက်တာ သက်မှူး က ပြောသည်။ စီမံကိန်းကာလ စတင်ချိန်ကို လာမည့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်နိုင်ရန် ရည်မှန်းထားပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် မြေနှင့်ပတ်သက်သည့် ပြုပြင်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရ သည်။ အထက်ပါ အခြေအနေများ ပြီးစီးလျှင် ဇုန် အင်္ဂါရပ်နှင့် ကိုက်ညီမည့် လမ်းများ၊ အခြေခံ အဆောက်အအုံများကို ပြုလုပ် သွားမည် ဖြစ်ပြီး စီမံကိန်း အစီအစဉ်ကို တဆင့်ပြီးတဆင့် ရေးဆွဲသွားမည် ဖြစ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့် တင်ပို့ခဲ့ပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၆၅၀ တင်ပို့ရန် မျှော်မှန်းထားပြီး ယခု ၆ လကျော် ကာလ အတွင်း အမေရိကန် ဒေါ်လာ သန်း ၃၅၀ ကျော်ကို ဥရောပ နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် ထိုင်း နိုင်ငံများသို့ တင်ပို့ထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။ လက်ရှိတွင် အခွန် ကင်းလွတ်ခွင့်ဖြင့် ဥရောပ နိုင်ငံများသို့ ရေထွက်ကုန်များ ပြန်လည်တင်ပို့ခွင့် ရရှိခဲ့သော်လည်း တန်ဖိုး မြင့် ထုတ်ကုန်များ အတွက် အရည်အသွေးပိုင်း၊ နည်းပညာနှင့် ငွေကြေး အရင်းအနှီး လိုအပ်ချက်များကြောင့် ဈေးကွက် တွင် မျှော်မှန်းသကဲ့သို့ တင်ပို့နိုင်ခြင်း မရှိ ဖြစ်နေကြောင်း ရေထွက်ကုန် လုပ်ငန်းရှင်များက ပြောသည်။ The post ပြည်ပသို့ တင်ပို့နိုင်မည့် ရေထွက်ပစ္စည်း မွေးမြူရေး ဇုန် ၃ ခု ရန်ကုန်တိုင်းတွင် တည်ဆောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2mN1H8S
via IFTTT
No comments:
Post a Comment