ဝေဠုကျော် အမှတ်တံဆိပ်ဆိုင်ကယ်ထုတ်ပြီး ပရဟိတအတွက် အကျိုးအမြတ် တဝက်လှူမည် ဝေဠုကျော် အမှတ်တံဆိပ်(WLK)ပါ ဆိုင်ကယ်ထုတ်ပြီး ပရဟိတလုပ်ငန်းအတွက် အကျိုးအမြတ်ကို တဝက် လှူဒါန်းသွားမယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုဝေဠုကျော်က ပြောပါတယ်။ “ကျနော် ဝေဠုကျော်(WLK)ဆိုတဲ့ တံဆိပ်နဲ့ ဆိုင်ကယ်ထုတ်မယ်။ 110 ဆိုင်ကယ်အမျိုးအစားနဲ့ 125 ဆိုင်ကယ် အမျိုးအစားကို ထုတ်သွားမယ်။ လူလတ်တန်းစား အကုန်စီးလို့ရအောင် လုပ်ပေးမယ်။ ရတဲ့ အကျိုးအမြတ်ထဲက တဝက်ကို ကျနော် ပရဟိတလုပ်ငန်းအတွက် သုံးမယ်။ ဝေဠုကျော် ဆိုင်ကယ်စီးရင် ကုသိုလ် ယူလို့ရပါတယ်”လို့ ဆိုပါတယ်။ အဆိုပါ WLK အမှတ်တံဆိပ်ပါ ဆိုင်ကယ် ထုတ်လုပ်မှုကို ဝေဠုကျော် ကုမ္ပဏီလီမိတတ်မှ ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလအတွင်း စတင် ရောင်းချပေးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဝေဠုကျော် အမှတ်တံဆိပ် ဆိုင်ကယ်များဟာ တရုတ်နိုင်ငံထုတ် ဆိုင်ကယ် အမျိုးအစားများဖြစ်တယ်လို့ သိရပါတယ်။ ဝေဠုကျော် အမှတ်တံဆိပ် ဆိုင်ကယ် / ဝေဠုကျော် အဆိုပါဆိုင်ကယ်များ 110 နဲ့ 125 အင်ဂျင်ဆိုင်ကယ်အမျိုးအစားများ ဖြစ်ကာ လိုင်စင်ပါပြီးသား ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ “ဈေးနှုန်းကတော့ ပြည်တွင်းဈေးနှုန်းနဲ့ မတိမ်မယိမ်းပဲ ဖြစ်မှာပါ။ အင်ဂျင်ကို အရည်အသွေး မြင့်ထားပါတယ်” လို့ု ၎င်းက ပြောပါတယ်။ အဆိုပါ ဆိုင်ကယ်များကို ဝယ်ယူသည့်အခါ မိမိနေထိုင်ရာ မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရဲစခန်းနဲ့ သန်းခေါင်စာရင်း ထောက်ခံစာများကို ယူခဲ့ရမှာဖြစ်ကြောင်း ကိုဝေဠုကျော်က ပြောပါတယ်။ ကိုဝေဠုကျော်ဟာ ဝေဠုကျော် ဖောင်းဒေးရှင်းကို ထူထောင်ထားပြီး ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ စစ်ဘေး စတဲ့ အကူအညီလိုအပ်နေသူများကို လိုအပ်တဲ့ အကူအညီများ ထောက်ပံ့ပေးလျက်ရှိပါတယ်။ The post ဝေဠုကျော် အမှတ်တံဆိပ်ဆိုင်ကယ်ထုတ်ပြီး ပရဟိတအတွက် အကျိုးအမြတ် တဝက်လှူမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2j83KPC
via IFTTT
No comments:
Post a Comment