Saturday, November 4, 2017


“မသန်စွမ်းသူတွေ အပေါ်မှာ အမြင်စောင်းသွားမှာကိုတော့ မဖြစ်စေချင်ဘူး” မြန်မာဇာတ်ကားများတွင် မသန်စွမ်းသူများ၏ လူနေမှုဘဝအခြေအနေကို ထင်ဟပ်စေသည့် ဇာတ်လမ်းများ ရိုက်ကူးရာတွင် မသန်စွမ်းသူများကို နှိမ့်ချခွဲခြားခြင်း၊ မသန်စွမ်းသူများအခွင့်အရေးကို ချိုးဖောက်ဖိနှိပ်ခြင်း ပါဝင်လေ့ရှိသည့် အပေါ် မသန်စွမ်းသူများ ဘက်မှ သဘောထားနှင့် ယင်းသို့ မဖြစ်ပွားစေရန် လုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်ကို ဧရာဝတီသတင်းဌာန သတင်းထောက် သဇင်လှိုင် က တွေ့ဆုံ မေးမြန်းထားပါသည်။ မေး ။ ။ မြန်မာဇာတ်ကားတွေထဲမှာ မသန်စွမ်းတွေကို ဟာသလုပ်ပြီး ရိုက်တဲ့ပြကွက်မျိုးတွေ ထည့်သွင်းရိုက်ကူးနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲရှင်။ ဖြေ ။ ။ နံပတ် ၁ အချက်က မသန်စွမ်းသူတွေရဲ့ ဘဝသရုပ်ကို အတုယူပြီးတော့ ဖျော်ဖြေ တင်ဆက်တာကို အစ်ကိုတို့ အနေနဲ့ ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ ရိုက်လို့ရပါတယ်။ ဒါပေမယ့် မလုပ်ခင် မရိုက်ခင်မှာ မသန်စွမ်းသူတွေ အကြောင်း အမှန်တကယ် သိနိုင်ဖို့လိုပါတယ်။ သိဖို့အတွက် သေသေချာချာ လေ့လာဖို့ သေချာမေးမြန်းဖို့ လိုပါတယ်။ အဲဒီလို ရိုက်ပြီးဖျော်ဖြေ တင်ဆက်မှုက မသန်စွမ်းသူ အမျိုးအစားတွေ မှားသွားတယ်ဆိုရင် လူအားလုံးကို မက်ဆေ့ချ် ပေးတာ မှားသွားမယ်ပေါ့။ ဥပမာ ပြောရမယ်ဆိုရင် မျက်စိမမြင်တဲ့သူတွေက အိပ်မက်မမက်ဘူးတို့ မျက်ရည်မကျဘူးတို့ မျက်စိမမြင်တဲ့သူ သုံးတဲ့ ဒုတ်က အဘိုးအိုတွေ သုံးတဲ့ ဒုတ်ကောက် ဖြစ်နေတာတို့ ဒါမျိုးတွေက မလုပ်သင့်ဘူးပေါ့။ ပိုလီယို ဆိုတာ ဘယ်လိုလူမျိုးကို ခေါ်တာလဲ ဒါမျိုးတွေ ရှိတယ်။ နောက်တချက်ကတော့ မြန်မာ့လောကမှာ မသန်စွမ်းသူတွေ အပေါ်မှာ မြင်နေတဲ့ အမြင်ရှိတယ်။ မြန်မာနိုင်ငံတင် မကပါ ဘူး။ တကမ္ဘာလုံးမှာ ရှိတယ်။ အဲဒီအမြင်တွေက ရှေးရိုးအစဉ်အလာ အယူဝါဒ အမြင် ဘာသာရေးရှုထောင့် အမြင်ဆိုပြီး အမြင်တွေရှိတယ်။ ဒါတွေအကုန်လုံးက အမြင်ဟောင်းပေါ့။ နောက်ဆေးဘက်ဆိုင်ရာ အမြင်ပေါ့။ ဒါတွေ ရှိတယ် အဲဒီတော့ ပြောရမယ်ဆိုရင် အဲဒီ အမြင်တွေကြောင့် မသန်စွမ်းသူတွေ လူ့ဘောင်အဖွဲ့အစည်းမှာ အများနည်းတူ တန်းတူ အကျုံးဝင် ပါဝင်နိုင်မှုက အားနည်းလျက်ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဒီလိုမျိုးဇာတ်ကား ရိုက်ပြီးတော့ ဖျော်ဖြေတင်ဆက်မှုက အဲဒီအမြင်တွေကို အားပေးလိုက်တဲ့ ပုံစံမျိုးတွေ ဖြစ်ပေါ်မယ်ဆိုရင်တော့ မသန်စွမ်းသူတွေ အတွက် ဝမ်းနည်းစရာ ကောင်းတာပေါ့။ ဒါကြောင့် အစ်ကို အနေနဲ့က ရိုက်ကူးတင်ဆက်တာတွေကို မကန့်ကွက်ဘူး။ ရိုက်လို့လည်း ရတယ် ရိုက်လည်း ရိုက်ရမှာ ရိုက်မှလည်း မသန်စွမ်းသူတွေ အကြောင်းကို ပြည်သူတွေ သိမှာ။ ဒါပေမယ့် ရိုက်ပုံရိုက်နည်းမှားသွားရင် ဘာဖြစ်မလဲ ဆိုတော့ အစ်ကိုတို့ဆို လူတယောက်ဆို တယောက် ပြောဖို့က ခက်ခဲတယ်လေ။ အနုပညာရှင်တွေက ဇာတ်ကားတွေ ရုံတင်လိုက်တာနဲ့ ပြသလိုက်မယ်ဆို လူပေါင်းများစွာ ကြည့်မှာပေါ့။ အဲဒီကြည့်မယ့်ထဲမှာ မသန်စွမ်းသူတွေလည်း ပါတယ်။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ ၂၃ သိန်းတောင် ရှိတယ်နော်။ ၂၀၁၄ သန်ခေါင်းစာရင်းအရ မသန်စွမ်းသူတွေလည်း အနုပညာရှင်တွေကို ချစ်ကြတယ်။ ဒါကြောင့် လွဲမှားစွာ သရုပ်မဆောင်မိဖို့၊ ပုံ မဖော်မိကတော့ အထူးဂရုပြုဖို့လိုပါတယ်လို့ ပြောချင်ပါတယ်။ မေး ။ ။ ရုပ်ရှင်ရိုက်ကူးတဲ့ အခါမှာ မသန်စွမ်းတွေရဲ့ သရုပ်ကို ထည့်သွင်း ရိုက်ကူးနေတာတွေရှိတော့ အဲဒီအပေါ်မှာ အမြင်လေးပြောပြပေးပါ။ ဖြေ ။ ။ ဖျော်ဖြေတင်ဆက်မှု အရ ရိုက်ကူးနေတာကိုတော့ သဘောတူပါတယ်။ ဘာကြောင့်ရိုက်တာ လဲ ဆိုတာ တချို့က သနားစရာအမြင် နဲ့ ပုံဖော်တယ်။ အခုဖြစ်နေတဲ့ ကိုးရိုးကားယား ဇာတ်လမ်းဆိုရင် ဟာသအနှစ်သာရကို ပေးတဲ့ ဇာတ်လမ်း ဟားစရာ အနေနဲ့ ဖော်ပြကြတာပေါ့။ ပြောပြချင်တာကတော့ သနားခြင်း ကရုဏာကတော့ မသန်စွမ်း သူပဲဖြစ်ဖြစ် သန်စွမ်းသူပဲဖြစ်ဖြစ် သနားစရာကောင်းရင် သနားကြတာပဲ ။ မေး ။ ။ ကိုးရိုးကားယား ဇာတ်လမ်းနဲ့ ပတ်သက်ပြီး တချို့ပြောနေကြတာက ဟာသကို ဟာသအမြင်နဲ့ပဲ ကြည့်ပါဆိုတာမျိုး ပေါ့။ ဒီလိုဟာသက မသန်စွမ်းသူ တယောက်ရဲ့ဇာတ်ကောင်ဖြစ်နေတယ်ဆိုတော့ အစ်ကို ဘယ်လိုထင်သလဲရှင့်။ ဖြေ ။ ။ လူတစ်ယောက်ကို ငါဒီလိုပြောပြမယ် မင်းဒီလို ခံစားပါလို့ ပြောပိုင်ခွင့် မရှိဘူးလေ။ အနုပညာရှင်တွေကိုလည်း ဒီလိုသရုပ်မဆောင်နဲ့ လုံးဝမကြိုက်ဘူး ဒီလိုပဲ သရုပ်ဆောင်လို့ ပြောပိုင်ခွင့်မရှိဘူး။ သူရဲ့ခံစားချက်နဲ့ သူ့ရဲ့ လွတ်လပ်ပိုင်ခွင့် လူ့အခွင့်အရေးအရ အနုပညာရှင်ဆိုရင် သူတို့ အနုပညာပိုင်းအရ သရုပ်ဆောင်မှု လုပ်လို့ရတယ်။ ဒါကြောင့် အစ်ကိုတို့က ပြောတာ ရိုက်လို့ရတယ် ရိုက်တာကိုလည်း အားပေးတယ်။ ခံစားတဲ့ ပရိသတ်ကလည်း လွတ်လွတ်လပ်လပ် ခံစားလို့ ရတယ်။ ဘယ်လိုခံစားပါတို့ ဟာသအမြင်နဲ့ ကြည့်ပါလို့ ပြောလို့မရဘူး။ ကြည့်ချင်တဲ့သူက ကြည့်ချင်တဲ့ မျက်စိနဲ့ ကြည့်ချင်သလို ကြည့်မှာ။ မေး ။ ။ တချို့ကတော့ ကိုးရိုးကိုးယာဇာတ်လမ်းမှာ မသန်စွမ်းဇာတ်ကောင်ကို သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ဝေဖန်တာ ရှိတယ်။ အဲဒီအပေါ်မှာ ပြောပြပေးပါလားရှင့်။ ဖြေ ။ ။ အစ်ကိုရဲ့ ခံစားချက်က သူတို့သည် မသိသေးလို့ ဒီလိုလုပ်လိုက်ခြင်းဖြင့် ဒီလောက်ထိ ကြီးသွားမယ်လို့ မသိသေးလို့ပေါ့ ။ သူတို့သိတာ အနုပညာလို့ပဲ စဉ်းစားတယ်။ အနုပညာလိုပဲ ပရိသတ်ရဲ့ ချစ်ခင်မှုကို ရဖို့ စဉ်းစားတယ်။ ကာယကံရှင်တွေက တစ်မျိုး စဉ်းစားတယ်။ စဉ်းစားတာ မတူတဲ့ အခါကျတော့ မတူကွဲပြားမှုတွေရဲ့ တန်ဖိုးထားမှုတွေပေါ့။ သတိမထားမိလို့ ဖြစ်သွားတယ်လို့ပဲ ခံစားမိပါတယ်။ ဆိုးရွားတဲ့ ပြဿနာကြီးလို့ မမြင်ဘူး။ ဖြေရှင်းလို့ရတယ်။ ညှိနှိုင်းလို့ရတယ်။ အဲဒါကြောင့်လည်း ကြေညာချက်လည်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ မသန်စွမ်းသူများအတွက် တန်းတူအခွင့်အရေးများရရန် နည်းဥပဒေပြဋ္ဌာန်းတော့မည် မေး ။ ။ မသန်စွမ်းတွေ အပေါ်မှာ မြင်နေတဲ့ မကောင်းတဲ့အမြင် အလေ့အထ အချို့ ပြောင်းလဲသွားဖို့ အစ်ကိုတို့ အနေနဲ့ လုပ်ဆောင်ဖို့ ရှိလား။ ဖြေ ။ ။ အလေ့အထတွေ ပြောင်းလဲဖို့ အဓိက တာဝန်ရှိတာက မသန်စွမ်းတွေ အပေါ်မှာ တာဝန်ရှိတာ။ နံပါတ်တစ် မသန်စွမ်းသူတွေက ကိုယ့်ရဲ့အခွင့်အရေးက ဘာလဲဆိုတာကို မှန်မှန်ကန်ကန် သိဖို့လိုတယ်။ နံပါတ် ၂ က ကိုယ့်အခွင့်အရေးကို သူတစ်ပါး သိလာအောင် မှန်ကန်တဲ့ နည်းလမ်းနဲ့ Advocacy တနည်းအားဖြင့် အရေးဆို တင်ပြတတ်ဖို့ လိုတယ်။ နံပါတ် ၃ ကလည်း အဲဒီလို လုပ်တဲ့ အခါမှာလည်း ထိထိရောက်ရောက် လုပ်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ဖြစ်လာမှ ဒီလို အခြေအနေမျိုးတွေက လျော့ကျလာမှာ ဖြစ်တယ်။ အခုလို ဒီလိုလုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလိုလျော့ကျလာပြီလား ဆိုရင်တော့ မလျော့ကျသေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းမှာ နှစ်ရှည်လများ ဒီလို ဖြစ်လာခဲ့တာကြာပြီ အဲဒီလို နှစ်ရှည်လများ ဖြစ်လာတဲ့ ခွဲခြားဆက်ဆံမှုတွေ မသန်စွမ်းသူတွေရဲ့ သဘောသဘာဝကို နားမလည်မှုတွေက ကြာလှပြီဖြစ်နေတယ်။ ဒါကြောင့် ရှေးရိုးစဉ်လာထုံးစံနဲ့ မြင်တဲ့လူက ရှိတယ်လို့ပြောတယ်။ နှစ်ပေါင်းမျာစွာကြာပြီး ချက်ချင်း ပြောင်းလဲပစ်ဖို့ကတော့ မလွယ်ပါဘူး။ မသန်စွမ်းသူတွေက သူတို့ အခွင့်အရေးတွေ စသိလာပြီးတော့မှ သူတို့ အခွင့်အရေးတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာနိုင်တယ်ဆိုတာက မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တခုတောင် မရှိသေးပါဘူး။ အများကြီး လုပ်ဖို့ လိုပါသေးတယ်။ မှန်မှန်ကန်ကန်နဲ့ လုပ်တတ်ဖို့ လိုပါတယ်။ မေး ။ ။ ခုနကပြောသွားသလို ရုပ်ရှင်ရိုက်ကူးမှုကို မရိုက်နဲ့လို့ ပြောတာမျိုး မဟုတ်ဘူးဆိုရင် ရိုက်ကူးမယ် ဆိုရင်ရော ဘယ်လိုအချက်တွေ ရှောင်ကျဉ်သင့်ပါသလဲ။ ဖြေ ။ ။ မသန်စွမ်းတဲ့ သူထဲမှာ မကောင်းတဲ့သူ ရှိသလို ကောင်းတဲ့ သူလည်း ရှိတယ်။ ဒါကြောင့် မသန်စွမ်းထဲသူထဲက မကောင်းတဲ့သူတွေ ကို ရိုက်မပြရဘူးလို့ အစ်ကိုတော့ မပြောဘူးလေ။ အဓိကက ဘယ်လို ရှောင်ကျဉ်သင့်တာလဲလို့ ပြောမယ်ဆိုရင် အဓိကကတော့ ကိုယ့်ရဲ့ အခွင့်အရေးက အနုပညာကို လွတ်လပ်စွာ ပုံဖော်ပိုင်ခွင့်ရှိသလို ကိုယ့်ရဲ့ အခွင့်အရေးကြောင့် တစ်ပါးသူကို အမြင်စောင်း သွားစေမယ့် မသန်စွမ်းသူတွေ အပေါ်မှာ အမြင်စောင်းသွားစေမယ့် လွဲမှားသွားစေမှာကိုတော့ မဖြစ်စေချင်ဘူး။ ပရိသတ် ရယ်စေချင်တာ ရဖို့၊ ပရိသတ် မျက်ရည်ကျဖို့ တခုထဲကို၊ ပရိသတ်က ကိုယ့်ကို တော်တယ်ဆိုတာမျိုး တခုထဲကို ၊ ပရိသတ်က ဒီဇာတ်လမ်းကောင်းတယ်ဆိုတာမျိုး တခုထဲကို ဖန်တီးပြီးတော့မှ ဇာတ်ညွှန်းရေး ဆရာတို့ ၊ ဒါရိုက်တာတို့ ၊ သရုပ်ဆောင်သူတွေက သတိထားဖို့ လိုပါတယ်။ ဒါပေမယ့် ပြောနေတာက ကိုးရိုးကားယားဇာတ်လမ်းကို ဆိုရင် ဖြစ်စဉ်အပေါ်မှာပဲ ပြောတာ။ ဒီလို ဖြစ်စဉ်မျိုးတွေ မဖြစ်ဖို့ကို ပြောတာ မင်းသားအရမ်းတော်တယ် ဒါရိုက်တာလည်း တော်တယ်။ အဲဒီလို တော်လို့ သူတို့ သရုပ်ဆောင်တောင် ပီပြင်သွားတဲ့အခါ သူတို့ပေးတဲ့ မက်ဆေ့ချ်ကို ရမယ့် သူတွေ ဘယ်လိုလွဲသွားနိုင်လဲဆိုတာ သိဖို့တော့ လိုပါတယ်။ သူတို့ရည်ရွယ်တာက အဆုံးပိုင်းလေးမှာ မသန်ပေမယ့် စွမ်းတယ်ပေါ့။ တကယ့်တကယ် အဆုံးပိုင်း မက်ဆေ့ချ်ကို ပေးချင်ပေမယ့် ပြည်သူတွေက ရပါ့မလား။ အနုပညာခံစားတဲ့သူတွေက တကယ် သဘောပေါက်ပါ့မလား။ သူတို့သဘောပေါက်မှာက ရယ်စရာအနေနဲ့ ကိုးရိုးကားယား ဆိုတဲ့ အသုံးအနှုန်းနဲ့ မသန်စွမ်းနဲ့ တွေ့လိုက်တဲ့ အခါ ဟိုမှာဟေ့ ကိုးရိုးကားယားတယောက်လာပြီ ဆိုပြီး ဖြစ်သွားမလား။ ဂျင်းကောင်ဆိုရင် လက်သုံးစကား ဖြစ်သွားတယ်လေ။ အဲဒါမျိုးတွေ လွဲမှားမှု မဖြစ်အောင် သတိထားဖို့ လိုပါတယ်လို့ ပြောချင်တာ။ မသန်စွမ်းသူများ ( ဓာတ်ပုံ- သက်ထွန်းနိုင်/ ဧရာဝတီ) မေး ။ ။ ဒီဇာတ်လမ်းပေါ်မှာ အမြင် အမျိုးမျိုး ရှိကြတော့ အစ်ကို့အမြင်ကရော ဘယ်လိုရှိပါသလဲ။ ဖြေ ။ ။လူတွေကတော့လေ အမျိုးမျိုးမြင်ကြမှာပေါ့။ ကိုယ်တို့ မသန်စွမ်းတွေရဲ့ ခံစားချက်တောင်မှ တယောက်နဲ့ တယောက် မတူကြဘူး။ ရအမြင်တွေမတူဘူး။ လိုလားချက်တွေ မတူဘူးဆိုတာကတော့ နိုင်ငံမပြောနဲ့ မိသားစုတစု တည်းမှာတောင် အမြင်တွေမှ မတူကြတာ။ တခုပဲ အဓိက ကျတာက မတူကွဲပြားတဲ့ အမြင်တွေပေါ်မှာ ရှူမြင်သုံးသပ်ပြီးမှ ဆောင်ရွက်တတ်ဖို့ လိုတယ်။ ခုလည်း ဒီလိုပဲ အမြင်တွေကွဲပြားနေမှာပဲ ဆိုတာကို သိဖို့လိုတယ်။ အဲဒီကွဲပြားနေတဲ့ အပေါ်မှာ ကွဲပြားရမလား၊ ခြားနားရမလားဆိုပြီးတော့ ဝေဖန် အပြစ်ပြောနေလို့ မရဘူး။ အဲဒီအမြင်တွေ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ရှာဖို့လိုတယ်။ နောင်ဒါမျိုး မဖြစ်ရအောင် လုပ်ဖို့လိုတယ်။ ဒါပေမယ့် မြင်တဲ့သူတွေကလည်း ဘယ်လိုပဲ အကောင်းဆုံး လုပ်လုပ် အကောင်းမမြင်တဲ့သူက အကောင်းကို မမြင်ဘူး။ ပြောချင်တာ သူတို့ လွပ်လပ်စွာ မြင်တဲ့ မြင်ပိုင်ခွင့်တွေကို ဘာမှ မစွက်ဖက်ဘူး။ ဒါပေမယ့် မတူကွဲပြားတဲ့ အမြင်တွေကိုတော့ အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောချင်တယ်။ မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းမှာရော အတိအလင်းပြောထားတာမျိုး ရှိလား။ ဖြေ။ ။ ရှိပါတယ်။ မသန်စွမ်းဥပဒေမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နှိမ့်ချပြီး လုပ်တဲ့ အပြုအမူတွေကို၊ အပြောအဆိုတွေကို မလုပ်ရဘူးလို့ ပြောထားတယ်။ ဒါပေမယ့် အစ်ကိုတို့က လောလောဆယ် ဒါကို ဥပဒေနဲ့ မလုပ်သေးဘူးလေ။ ဒါတွေက ဒီလိုလုပ်ရခြင်း၊ ဖြစ်ရခြင်းဟာ သူတို့မသိတာ။ သူတို့ မသိလို့ ဖြစ်နေတာ။ တကယ်တော့ ဥပဒေမှာက သိသိ၊ မသိသိ၊ သိလို့ လုပ်သည်ဖြစ်စေ၊ မသိလို့ လုပ်သည် ဖြစ်စေ ဥပဒေအတိုင်း သွားမယ်ဆိုရင်တော့ ဥပဒေအရ စကားပြောရမှာပေါ့လေ။ အစ်ကိုတို့က ဥပဒေအကြောင်းအရာမသွားသေးဘူး။ လောလောဆယ် Advocacy လို့ခေါ်တဲ့ တွေ့ဆုံညှိနှိုင်းတဲ့ အရေးဆိုတဲ့ ကိစ္စနဲ့ စပြီးသွားနေတယ်။ မေး ။ ။ မသန်စွမ်းဥပဒေကတော့ ရှိနေတယ်။ ခုနပြောသလို အချက်တွေလည်း ပါနေတယ်။ ဒါပေမယ့် အနုပညာရှင်ရော၊ ပြည်သူတွေရော ဒီဥပဒေနဲ့ ပတ်သက်ပြီး မသိကြဘူး။ အစ်ကိုတို့အနေနဲ့ ဒါကို သိအောင် ဘာတွေ လုပ်သွားမလဲ။ ဖြေ ။ ။ အနုပညာရှင်တွေ ဘာတွေ မသိတာက နေပါဦး။ ဥပဒေပိုင်းက ဥပဒေရေးရာ ဝန်ထမ်းတွေတောင် ဒီဥပဒေကို မသိကြသေးဘူး။ နိုင်ငံသားတွေလည်း မသိသေးဘူး။ မသန်စွမ်းသူတွေ ကိုယ်တိုင်တောင် မှန်မှန်ကန်ကန် မသိကြသေးဘူး။ အဲဒီတော့ အစ်ကိုတို့က ရုပ်ရှင် အစည်းအရုံးနဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ မပြီးသွားဘူး။ သဘင်အစည်းအရုံး၊ မီဒီယာကောင်စီ စတာတွေနဲ့ လည်း ထပ်တွေ့သွားဦးမယ်။ တောက်လျှောက် နိုဝင်ဘာလထဲမှာတွေ့မယ်။ Advocacy လုပ်သွားမယ်။ ဒါဥပဒေကို မသိလို့ ဖြစ်နေကြတာ။ အစ်ကိုတို့က သိအောင် ဆောင်ရွက်သွားမယ်။ မေး ။ ။ နောင် ဖြစ်လာရင်ရော ဘယ်လို ဆောင်ရွက်မလဲ။ ဖြေ ။ ။ နောင်လည်း ဖြစ်လာနိုင်ကောင်းပါတယ်။ ဒါကြောင့်လည်း အစ်ကိုတို့ ရုပ်ရှင်အစည်းအရုံးနဲ့ တွေ့မယ်။ သဘင်အစည်းအရုံးနဲ့ တွေ့မယ်။ ဒါတွေက နောင်မဖြစ်အောင် ကြိုတင်ကာကွယ်တာပါ။ မေး ။ ။ မသန်စွမ်းသူတွေကိုသာမက လိင်စိတ်ကွဲပြားသူတွေနဲ့လည်း ဒီလိုပဲ အနုပညာဆိုပြီး အသုံးချတာတွေ ရှိနေတဲ့ အပေါ် အဲဒါကိုရော ဘယ်လိုမြင်လဲ။ ဖြေ ။ ။ အနုပညာရှင်တွေက ပရိသတ်ဆီက ချစ်ခြင်းမေတ္တာကို ရအောင်ယူတာမှာ။ မသန်စွမ်းသူများအုပ်စုတို့၊ ဒီလိင်တူအုပ်စုပေါ့။ ဒါတွေကို အသုံးချတယ်။ ပြက်လုံးထုတ်တယ်။ ဒါကို အသုံးချတယ်။ ကိုယ့်ဘဝအောင်မြင်ဖို့ အတွက် ကိုယ့်ကို ပြည်သူလူထုချစ်ဖို့ အသုံးချတယ်ဆိုတာ။ အသုံးချလို့ရတယ်။ မှန်မှန်ကန်ကန် အသုံးချဖို့ လိုပါတယ်။ ကိုယ့်အခွင့်အရေး ကိုယ့်အောင်မြင်မှုရဖို့ တခြားသူကို အသုံးချတယ်ဆိုတာ တဦးတယောက်ရဲ့ အခွင့်အရေး၊ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားအောင် မလုပ်မိဖို့လိုပါတယ်။ လူ့အခွင့်အရေး ဂုဏ်သိက္ခာဆိုတာ လူတိုင်းမှာ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအပြည့်အဝရှိတယ်။ ကိုယ့်အခွင့်အရေးကို တန်းတူအပြည့်အဝလိုချင်လို့ တစ်ဖက်သားရဲ့ အခွင့်အရေး ဂုဏ်သိက္ခာ ဆုံးရှုံးသွားရမှာမျိုး ညှိုးနွမ်းသွားမှာမျိုးကို သတိထားပြီး ရှောင်ကြည်သင့်တယ်လို့ပဲ မှတ်ချက်ပေးချင်တယ်။ မသန်စွမ်းသူများ ( ဓာတ်ပုံ- သက်ထွန်းနိုင်/ ဧရာဝတီ) မေး ။ ။ မသန်စွမ်းသူတွေနဲ့ ပတ်သက်ပြီးရိုက်မယ်ဆိုရင် မသန်စွမ်း ကာရိုက်တာမျိုးကို လေ့လာပြီးမှ ရိုက်သင့်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဖြေ။ ။ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ လေ့လာပါ။ ဘယ်လိုတင်ပြရင် ကောင်းနိုင်မလဲဆိုတာ ပြောပါမယ်။ အကြံပေးပါမယ်။ ဟိုတုန်းကရှိတယ်လေ မျက်မမြင်သရုပ်ဆောင် ပြေသိမ်းဆို မျက်မမြင်ကျောင်းကို တပတ်လောက် လာနေကြည့်တယ်။ သူ့ရဲ့ ကာရိုက်တာ ဘယ်လိုရှိတယ်။ အဲဒါမျိုးကို ပြောချင်တာ။ ရုပ်ရှင်တခုရိုက်ဖို့က အချိန်တိုတိုလေးမှာ လုပ်တယ်ဆိုရင် အနှစ်သာရ အရ တကယ်အောင်မြင်ဖို့။ သူများနိုင်ငံမှာ ရုပ်ရှင်ကားကြီး တကား ရိုက်ရင် ဘယ်လိုလုပ်လဲ။ ကြိုတင်ပြင်ဆင်မှု က အရေးကြီးတယ်လေ။ သဏ္ဍာန်လုပ်သရုပ်တူအောင် ဘယ်လိုလုပ်မလဲဆိုတာ လေ့လာဖို့လိုတယ်။ အဲဒါမှ တကယ်မှန်ပါတယ်။ မေး ။ ။ ကောင်းတဲ့ဘက်တချက်ကြည့်မယ်ဆိုရင် အနုပညာရှင်တွေ Advocacy လုပ်တာက ကျန်တဲ့သူတွေထက် အများကြီးထိရောက်တယ်လေ။ အဲဒီတော့ အစ်ကိုတို့အနေနဲ့ ကောင်းတဲ့ ဘက်ကနေ မက်ဆေ့ချ် ပေးနိုင်ရင် ဘယ်လိုကောင်းကျိုး ပေးနိုင်မလဲ။ ဖြေ ။ ။ အဲဒါကြောင့်ပြောတာလေ။ လူတယောက်က လူဘယ်လောက်ကို ပြောနိုင်မှာလဲ။ ဥပမာ အစ်ကို့အနေနဲ့ ပြောတာ ဘယ်သူက အုံနဲ့ကျင်းနဲ့ နားထောင်မလဲ။ အနုပညာရှင်ပြောတာကို သဘောကျတာပေါ့။ သူတို့သာ Advocacy မှန်မှန်ကန်ကန်လုပ်ပေးရင် အများကြီးထိရောက်တာပေါ့။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက အမြင်တွေ သနားခြင်း၊ ဂရုဏာရှုထောင့်ကနေ မြင်နေတဲ့ တစ်ခုတည်းကနေ လူ့အခွင့်အရေး ရှူထောင့်ကနေ ပြောင်းပြီး မြင်ဖို့လိုတယ်။ အစ်ကိုတို့ ပြောနေတဲ့ လူ့အခွင့်အရေးရှူထောင့်ကနေ မြင်တတ်၊ ပြောဆိုတတ်၊ နေရာပေးလာတတ်ဖို့ လိုတာပါ။ မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲရှင်။ ဖြေ ။ ။ မသန်စွမ်းသူလည်း နိုင်ငံသားပဲ။ လူတွေထဲက လူပဲ။ လူကို လူလိုမြင်တဲ့အခါ လူ့အခွင့်အရေး ရှူထောင့်ကနေပဲ ကြည့်ကြဖို့ လိုပါတယ်လို့။ The post “မသန်စွမ်းသူတွေ အပေါ်မှာ အမြင်စောင်းသွားမှာကိုတော့ မဖြစ်စေချင်ဘူး” appeared first on ဧရာဝတီ.
Source : http://ift.tt/2yu4sRS
via IFTTT

No comments:

Post a Comment