Thursday, November 23, 2017


ရခိုင်မြောက်ပိုင်း ပြန်လည်ထူထောင်ရေး ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အစိုးရမှ ပွင့်လင်းမြင်သာစွာချပြရန် ယမန်နေ့ကပြုလုပ်သည့် ပြည်နယ် လွှတ်တော်တွင် အဆိုတရပ် တင်သွင်းခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မောင်တောမဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ဦးမောင်အုန်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဦးမောင်အုန်းက “ အစိုးရအဖွဲ့အနေနဲ့ ကျနော်ကိုလည်း ဘာမှ မပြောဘူး။ လွှတ်တော်ကိုလည်း ဘာမှ အလေးမထားဘူး။ အလေးမထားဘူးဆိုတော့ အလေးထားအောင် ဥပဒေနဲ့ အညီလုပ်ရမယ်။ ခေတ်ကလည်း ပြောင်းသွားပြီလေ။ မောင်တောဒေသမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စလုပ်နေပြီ ဆိုတာလောက် တော့ သိတယ်။ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ ဘာမှလည်း မသိရတဲ့အတွက်ကြောင့် သိသင့် သိထိုက်တယ် ထင်လို့ အဆိုတင်ရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိမောင်တောဒေသအတွင်း အခြေခံအဆောက်အအုံများကို တည်ဆောက်ခြင်း လုပ်ငန်း အချို့ စတင် လုပ်ဆောင်နေပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု အစိုးရအနေက ဆောင်ရွက်မည့် အစီအစဉ်၊ ပြည်နယ်အစိုးရ အနေဖြင့် မည်သည့်အခန်းကဏ္ဍက ပါဝင်ပြီး လုပ်ကိုင်သွားမည်ကို သိရှိလိုကြောင်းကို ဦးမောင်အုန်းက လွှတ်တော်တွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။ မောင်တောဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ငွေကြေးအမြောက်အများ သုံးစွဲရမည် ဖြစ်သလို အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းလည်း ဖြစ်ကြောင်း၊ မည်သို့ပင် ဖြစ်စေ ဥပဒေ လုပ်ထုံး လုပ်နည်းအရ ပြည်နယ် အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်နှင့် ကြီးကြပ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရလိမ့်မည် ဖြစ်ရာ လွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ တင်ပြသွားရန် တိုက်တွန်းကြောင်းကို ၎င်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။ “ မောင်တောဒေသ ပြန်လည်ထူထောင်ရေးကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ တာဝန်ခံမှု ၊ တာဝန်ယူမှု အပြည့်နဲ့လွှတ်တော်ကို ချပြဖို့လိုပါတယ်” ဟု အဆိုအား ထောက်ခံဆွေးနွေးသူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက ဆိုသည်။ အဆိုနှင့်ပတ်သက်ပြီး မြောက်ဦးမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ထောက်ခံ ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် သဘောထား ဆန္ဒခံယူရာ ကန့်ကွက်မည့်သူ မရှိသဖြင့် အဆိုအား ဆက်လက် ဆွေးနွေးရန် အတည်ပြုခဲ့သည်။ အနောက်ဖက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည် တည်ဆောက်ရေး အထောက်အကူပြု ကော်မတီ ( ယာယီ ) မှ အတွင်းရေးမှူး ဖြစ်သူ ဦးသန်းထွန်းကလည်း မောင်တောကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များမှာ တိုင်းရင်းသား အရေးနှင့် ပတ် သက်လာပါက ယနေ့ အချိန်ထိ ကျေနပ်အားရလောက်သည့် လုပ်ဆောင်ချက်များကို မတွေ့ရသေးကြောင်း ထောက်ပြဝေဖန်သည်။ ဦးသန်းထွန်းက “ အစိုးရအနေနဲ့ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို လက်ခံဖို့ ကိစ္စလောက်နဲ့ပဲ လုံးထွေး လုပ်ဆောင်နေတယ်လို့ မြင်တယ်။ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို စနစ်တကျနဲ့ လုံခြုံစွာ စိတ်ဓာတ် ရေးရာပိုင်း၊ လုံခြုံစွာ ပြန်လည်နေရာချထားပေးရေး၊ စပါးရိတ်သိမ်းရေးကအစ ဒေသခံတိုင်းရင်းသား တွေအပေါ်မှာ လျစ်လျူရှုထားလွန်းတယ်လို့ပဲ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဟိန္ဒူဘာသာအပါအဝင် ဒေသခံ ရခိုင်တိုင်းရင်းသားများ သောင်းချီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး ဘင်္ဂါလီ အမြောက်အများ တဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ The post ရခိုင်မြောက်ပိုင်း ပြန်လည်ထူထောင်ရေး ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2zuOtDm
via IFTTT

No comments:

Post a Comment