ရခိုင်ပြည်နယ်မြောက်ပိုင်း၌ “လူမျိုးစုရှင်းလင်းရေး” ဖြစ်ပေါ်နေဟု အမေရိကန် ပြောကြား ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် “လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုများ” ဖြစ်ပေါ်နေသည်ဟု အမေရိကန် ပြည်ထောင်စုက ပြစ်တင်လိုက်ပြီး ကျူးလွန်သူများကို အရေးယူရန်လည်း တိုက်တွန်းလိုက်သည်။ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၅ ရက်နေ့က လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က နိုဝင်ဘာ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန် ပြောကြားခြင်း ဖြစ်သည်။ “မိမိတို့ ရရှိထားသည့် အချက်အလက်များအပေါ် ဂရုတစိုက် စေ့စပ်သေချာစွာ လေ့လာဆန်းစစ်ခြင်းများ လုပ်ဆောင်ပြီးသည့်အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေမှာ ရိုဟင်ဂျာများကို လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှုဖြစ်ကြောင်း ထင်ရှားစေပါသည်” ဟု တေလာဆန်က ပြောကြားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းက ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများအပြီးတွင် စစ်တပ်က ဆောင်ရွက်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း ဒုက္ခသည်ခြောက်သိန်းခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ “အာရကန် ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် (ARSA) က မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် ပြုလုပ်ခဲ့သော ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်မှုများကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချကြေင်း ထပ်လောင်း ပြောကြားလိုပါသည်” ဟု ၎င်းက ပြောကြားသည်။ သို့သော် ထိုသို့ တိုက်ခိုက်မှုများကို “တုန်လှုပ်ဖွယ် ရက်စက်မှုများဖြင့် တုံ့ပြန်စီရင်ခြင်းများ မပြုလုပ်သင့်” ဟုလည်း ပြောကြားသည်။ “မြန်မာ့တပ်မတော်မှ အချို့သော တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့များမှ အချို့သော တပ်ဖွဲ့ဝင်များနှင့် မိမိဒေသ လုံခြုံရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသော ဒေသခံအချို့ကြောင့် အမျိုးသား အမျိုးသမီးများနှင့် ကလေးသူငယ်များ သိန်းနှင့်ချီပြီး နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေရှ့နိုင်ငံတွင် ခိုလှုံနေရမှုကို ဖြစ်ပေါ်စေပါသည်” ဟု တေလာဆန်က ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံအစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံနယ်နိမိတ်အတွင်းရှိ လူတိုင်းအပေါ် ထားရှိရမည့် လူ့အခွင့်အရေးကို လေးစားရမှာဖြစ်ပြီး လိုက်နာရန်ပျက်ကွက်သူများကို အရေးယူရမည်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ “ထိုရက်စက်သော လုပ်ရပ်များအတွက် ကျူးလွန်သူများကို အရေးယူရမှာ ဖြစ်ပါသည်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထိုသို့ အရေးယူမှုများ ပြုလုပ်သည့်အခါ အထောက်အကူဖြစ်စေမည့် မြေပြင်အချက်အလက်များကို အတည်ပြုနိုင်ရန် ယုံကြည်စိတ်ချရပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အမေရိကန် ပြည်ထောင်စုက ဆက်လက် ပံ့ပိုးသွားမည်ဟုလည်း ၎င်းက ပြောကြားထားသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် ချမှတ်ခဲ့သော ရခိုင်ပြည်နယ်ပဋိပက္ခအတွက် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကိုလည်း အမေရိကန်အနေဖြင့် ထောက်ခံသည်ဟု တေလာဆန်က ပြေကြားသည်။ “အမေရိကန်ပြည်ထောင်စုကလည်း အမေရိကန်ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပစ်မှတ်ထား အရေးယူမှုများလည်း ပါဝင်လာနိုင်ခြေ ရှိပါသည်” ဟု ၎င်းကပြောကြားသည်။ ဒုက္ခသည်များနှင့် ပြည်တွင်းရှိ နေရပ်စွန့်ခွာထွက်ပြေးသူအားလုံး နေရပ်သို့ ဆန္ဒအလျောက် ဘေးကင်းစွာ ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဟူသည့် မြန်မာအစိုးရ၏ ကတိကဝတ်ကို ၎င်းက ထောက်ခံလိုက်ပြီး မြန်မာအစိုးရ၏ ကြိုးပမ်းချက်များအပေါ် တပ်မတော်၏ ထောက်ခံအားပေးမှုကလည်း အလွန်အရေးပါသည်ဟု ပြောကြားသည်။ “အခြေအနေသည် ခက်ခဲပြီး ရှုပ်ထွေးသော အခြေအနေတစ်ရပ်လည်း ဖြစ်ပါသည်။ တိုးတက်ကောင်းမွန်လာစေရန် ပါဝင်ပတ်သက်သူများစွာ အတူတကွ ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါသည်” ဟု တေလာဆန်က ပြောကြားသည်။ “ယခုအရေးကိစ္စအပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်မှုသည် ဒီမိုကရေစီနည်းလမ်း ပိုမိုကျသည့် အသိုက်အဝိုင်းဆီ အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက် မှတ်ကျောက်တင်ရာတွင် များစွာအရေးပါလှသည်” ဟု တေလာဆန်က ပြောကြားသည်။
Source : http://ift.tt/2zfhwGU
via IFTTT
No comments:
Post a Comment