Thursday, November 23, 2017


အဆီစားလို့ မဝနိုင်.. သကြားစားမှ ဝ လာနိုင်သည် ဆေးပညာရှင်တွေရဲ့လေ့လာမှုနဲ့အတူ သိရှိလာရတဲ့ ရလဒ်အရဆိုရင်တော့ မူလက ကျနော်တို့ အသိထဲမှာ စွဲနေတဲ့ အဆီစားများရင် ဘေးထွက်ဆိုးကျိုးများတယ်၊ ဝလာနိုင်တယ် ဆိုတဲ့ အသိက တကယ်တမ်း မှားနေတယ်ဆိုတာ လက်ခံရတော့မှာပါ။ အကြောင်းကတော့ တစ်ဒါဇင်လောက်သော သိပ္ပံပညာရှင်များ ကိုယ်တိုင်က အဆီစားများခြင်းနဲ့ အဝလွန်ခြင်းဟာ သက်ဆိုင်မှု မရှိဘူး ဆိုတာ ပြောလာကြလို့ပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက အဆီလျော့ထားတဲ့ အစားအစာတွေနဲ့ အဆီလျော့စားသုံးဖို့ ဆိုတာထက် အခုတော့ သကြားကို လျော့စားဖို့ အကြံပေးလာကြပါတယ်။ တကယ်တမ်း ဆီထက် သကြားက လူကိုယ်ခန္ဓာကို ကိုယ်အလေးချိန် တက်စေဖို့ရော အဝလွန်ဖို့ကိုပါ ပိုပြီး အားပေးတယ်လို့ ဆိုလာပါတယ်။ Eat fat, get fat ဆိုတဲ့ ဆီစားရင် ဝလာမယ် ဆိုတဲ့ စကားဟာ ကျနော်တို့ဆီမှာတင် မဟုတ်ဘဲ အမေရိကန်လို နိုင်ငံမှာတောင် လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုအတွင်း လူတိုင်း သိနေ၊ စွဲနေတဲ့ စကားလုံးနဲ့ အသိတရား ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုတော့ လေ့လာချက် အသစ်တွေနဲ့အတူ သိရှိလာမှုက ဆီစားလို့ မဝဘူး ဆိုတာပဲ ဖြစ်ပါတယ်။ အခုလို ဆီစားခြင်းထက် သကြားစားများခြင်းက အဝလွန်စေ၊ ကိုယ်အလေးချိန် တက်လာစေနိုင်တယ် ဆိုတာကို အမေရိကန်နိုင်ငံ၊ Indiana ဆေးတက္ကသလိုလ်က ပါမောက္ခ Aaron Carrollက သူ့ရဲ့ ကိုယ်တိုင်ရေး စာအုပ် The bad food bible: How and why to eat sinfully မှာ ထည့်သွင်းရေးသားဖော်ပြမှုနဲ့အတူ လူအများ လက်ခံ သိရှိလာရတာပဲ ဖြစ်ပါတယ်။ ဆီစားများလို့ အဝလွန်ခြင်းဆိုတာမျိုး ဖြစ်မလာစေပါဘူး၊ ဒါပေမယ့် လုံး၀ မဝစေဘူးလို့တော့ မဆိုလိုပါဘူး၊ အလေးချိန် ပေါင် အနည်းငယ် တက်စေရုံလောက်ကိုတော့ အားပေးပါတယ်လို့ သူက ရှင်းပြပါတယ်။ တဆက်တည်း အစားထိုး အစားအစာတွေအဖြစ် ဆယ်လမွန်ငါး၊ ပဲတွေကို စားဖို့ကောင်းတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်တွေက အဆီပါတဲ့၊ များတဲ့ အစားတွေကို ရှောင်ခဲ့ကြတာ၊ အခုတော့ ပြန်စားလို့ ရပါပြီလို့ ပြောပါတယ်။ လေ့လာသူတွေက အဝလွန်နေသူတွေအပေါ်မှာ ဆီစားခြင်း၊ မစားခြင်းနဲ့ ကိုယ်ခန္ဓာကနေ စားသုံးလိုက်တဲ့ ဆီကို ရယူ အသုံးပြုမှုတွေကို လေ့လာပြီး အခုလို သိရှိလာတယ်လို့လည်း ဆိုပါတယ်။ အာရွန်ရဲ့ လေ့လာချက်မှာ အဝလွန်နေသူကို ဆီလုံး၀ မပါတဲ့ အစာတွေပဲ စားသုံးစေပေမယ့် ထူးပြီး ပိန်မလာခဲ့သလို၊ ဆီစားများတဲ့ ပုံမှန်လူတယောက်ဟာလည်း ဝ မလာကြောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့ကို ဝလာစေတဲ့ တရားခံက ဘယ်သူပါလဲ။ သြဂုတ်လထုတ် The Lancet ဂျာနယ်ထဲမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက လူပေါင်း ၁၃၅၀၀၀ အပေါ်မှာ လေ့လာ ချက် လုပ်ဆောင်ပြီး ရလဒ်ကို ဖော်ပြပါရှိတာ တွေ့ရပါတယ်။ အဆိုပါ ရလဒ်တွေထဲမှာ အဆီလျော့ထားတဲ့၊ အဆီမပါတဲ့ အစားအစားတွေဟာ လူတွေကို မပိန်စေနိုင်သလို ဆီစားများခြင်းကလည်း လူတွေကို မဝစေနိုင်ဘူးလို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒီလို လေ့လာသိရှိလာရမှုတွေနဲ့အတူ အဆိုပါ လေ့လာသူတွေက ဂျာနယ်ရဲ့ ဖော်ပြချက် အဆုံးမှာလည်း တကမ္ဘာလုံးက ဆီနဲ့ ပတ်သက်ပြီး လျော့ချစားသုံးမှုပုံစံကို ပြောင်းလဲဖို့ ပြန်စဉ်းစားသင့်ပြီလို့ မှတ်ချက်ပေး ဖော်ပြထားတာလည်းတွေ့ရပါတယ်။ နောာက်ထပ် လေ့လာချက်တခုမှာဆိုရင်လည်း ၈ နှစ်ကြာအောင် အမျိုးသမီး ၅ သောင်းကို အဆီနဲ့သကြား စားသုံးမှုတွေအပေါ်မှာ လေ့လာစောင့်ကြည့်မှု လုပ်ဆောင်ထားခဲ့ပြီး အဆီလျော့စားတဲ့ အမျိုးသမီးတွေမှာ အခြား ဆီစားများတဲ့သူတွေထက် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ နှလုံးရောဂါတွေ ဖြစ်နိုင်ချေဟာ ထူးပြီး လျော့ကျမသွားသလို ကိုယ်အလေးချိန်လည်း လျော့ကျစေမှု သိသာလောက်အောင် မရှိဘူးလို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ဆီစားလို့ ဝတာ၊ ရောဂါများတာ မဟုတ်တော့ဘူးပေါ့။ နောက်ဆက်တွဲ လေ့လာချက်မှာတော့ ခန္ဓာကိုယ်အနေနဲ့ ဆီကို ဇီဝဖြစ်စဉ် လုပ်ငန်း ပုံမှန် လည်ပတ်ဖို့အတွက် လုံလောက်အောင် ရရှိဖို့ လိုအပ်တာ ပြန်လည်တွေ့ရှိလာရပြန်ပါတယ်။ သွေးဥတည်မြဲဖို့အတွက် ဆီက မဖြစ်မနေ လိုအပ်တယ်၊ ဆဲလ်အလွှာပါး တည်ဆောက်ဖို့အတွက်လည်း မရှိမဖြစ် လိုအပ်တယ်၊ ကျနော်တို့ စားသုံးလိုက်တဲ့ အစာတွေထဲက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုပ်ယူနိုင်မှု အားကောင်းဖို့လည်း ဆီက အားပေး ကူညီပေးတယ်၊ ဒါဆိုရင် ၀ မှာ အလှပျက်မှာ စိုးလို့ ဆီလုံးဝမစားဘူး ဆိုတာ မှားနေပြီပေါ့။ ဆီစားလို့ ဝလာတယ် ဆိုတာကိုလည်း မေ့လိုက်ဖို့ သင့်ပါပြီ။ လုံလောက်တဲ့ ဆီပမာဏကိုတော့ ပုံမှန် စားသုံး ပေးသင့်သလို ဆီးချိုလို ရောဂါကိုပါ နောက်ဆက်တွဲ ရလဒ် အနေနဲ့ ဖြစ်စေနိုင်တဲ့ အဝလွန်မှုနဲ့ ကိုယ်တွင်း အဆီစုဖွဲ့မှုကို အားပေးတဲ့ သကြားစားသုံးမှုကိုပဲ ထိန်းဖို့ သင့်တယ်လို့ လေ့လာသူတွေက ပြောလာပါတယ်။ သကြားဓါတ် အများအပြား ပါရှိမယ့် ရေခဲ့မုန့်နဲ့ အချိုရည်တွေကနေ အခြား သကြားစားသုံးမှုကိုပါ သင့်ရုံပဲ စားသုံးပြီး ထိန်းချုပ်စားသုံးခြင်းကမှ ဆီစားများခြင်းထက် အဝလွန်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းကောင်း တခု ဖြစ်တယ်လို့ ပြောလာကြပါပြီနော်။ http://ift.tt/eKERsB တွင် ဖော်ပြထားတဲ့ A professor of medicine explains why eating fat won’t make you fat but sugar will ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post အဆီစားလို့ မဝနိုင်.. သကြားစားမှ ဝ လာနိုင်သည် appeared first on ဧရာဝတီ.
Source : http://ift.tt/2BcVQNb
via IFTTT

No comments:

Post a Comment