MICA အေဂျင်စီနှင့် ပတ်သက်သူများကို အရေးယူရန် အမတ်များ တောင်းဆို သမ္မတ ဦးသိန်းစိန်လက်ထက်က နိုင်ငံ၏ သားငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံရန်ဆိုသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် မြန်မာ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (MICA) သည် လူတစု အကျိုးရှိအောင်သာ လုပ်ဆောင်ခဲ့၍ ယင်းအဖွဲ့ကို အသုံးချ စီးပွားရှာခဲ့သည့် အစိုးရ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များကို ဥပဒေနှင့်အညီ အရေးယူပေးရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့က အမျိုးသား လွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက MICA ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ ကွင်းဆင်းလေ့လာခဲ့သည့် ကြားဖြတ် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးစဉ် အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ “ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကို ဘယ်လို အရေးယူပြီးတော့ ဆောင်ရွက်မလဲ ဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စဉ်းစားပေးပါ။ ဆုံးဖြတ်ပေးပါ။ ကျနော်တို့ ပြည်သူတွေ ကျေနပ်အောင် ပြုလုပ်ပေးပါ။ တာဝန်ရှိသူတွေ ဆိုရင် နိုင်ငံဝန်ထမ်း ဥပဒေ ရှိပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ရှိပါတယ်။ နိုင်ငံတော် သမ္မတရုံး ကနေပြီးတော့ ထွက်ထားတဲ့ ညွှန်ကြားချက်တွေ ရှိပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ရှိပါတယ်။” ဟု ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ဘောဂဗေဒ) က ပြောသည်။ ဆက်လက်၍ ၎င်းက “တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ သည် တဆင့်ခံ လွှဲပြောင်းခြင်း မပြုရဆိုတာတွေလည်း ရှိပါတယ်။ ဒီလိုကိစ္စတွေမှာ ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက စဉ်းစားပေးဖို့ လိုပါတယ်” ဟု သုံးသပ်သည်။ MICA ကို သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးအုန်းမြင့်၊ ဦးစိုးသိမ်းတို့က ဦးဆောင်ဖွဲ့စည်း ခဲ့ပြီး အစိုးရအရာရှိများ ပါဝင်ခဲ့သည်။ MICA အဖွဲ့သည် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ခြံစက်ရုံပေါင်း ၄၈ ခု၊ အုတ်စက်ရုံနှင့် တညင်းကုန်း မြေဧရိယာ ၆၄ ဒသမ ၅၄ ဧက၊ ငါးလုပ်ငန်း ဦးစီးဌာနပိုင် လုပ်ငန်း ၁၇ ခု အပြင် အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာန ပိုင်မြေ ၁၃၄ ဒသမ ၇၃၈ ဧကထဲမှ အနုပညာ ဗဟိုဌာနသို့ ၈ ဒသမ ၄၁ ဧက အပ်နှံခဲ့ကြောင်း၊ မွေးမြူရေးနှင့် ဆေးကုသ ရေး တက္ကသိုလ်သို့ ၃၁ ဒသမ ၃၂၁ ဧကအပ်နှံပြီး ကျန်မြေအားလုံးကို အဖွဲ့က လွှဲပြောင်းရယူခဲ့ကာ ယနေ့အထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း သိရသည်။ ထို့နောက် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အာကာမိုး က နိုင်ငံနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြုနိုင်ခြင်းမရှိဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေသည့် MICA ကို ဖျက်သိမ်းရန် တိုက်တွန်းရာ လွှတ်တော်တွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။ ယခုကြားဖြတ် အစီရင်ခံစာကို ခြုံငုံသုံးသပ်ကြည့်ပါက MICA ၏ ဆောင်ရွက်ချက်များသည် တရား ဥပဒေကို ချိုးဖောက်ခြင်း၊ အဂတိ လိုက်စားခြင်း၊ နိုင်ငံပိုင် ပစ္စည်းများကို အလွဲသုံးစား ပြုလုပ်ခြင်းနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ကြောင်း ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် ၃ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောသည်။ ဒေါ်ရွှေရွှေစိန်လတ်က “MICA ဖျက်သိမ်းရေးနဲ့ စာရင်းရှင်းလင်းရေးတို့ကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ကော်မတီကရော၊ လွှတ်တော်ကနေရော တိုက်တွန်းပြီးတော့မှ နိုင်ငံတော်နဲ့ ပြည်သူအကျိုးအတွက် ပြောချင်ပါတယ်”ဟု ပြောသည်။ ရန်ကုန်နှင့် ဧရာဝတီတိုင်းသို့ စစ်ဆေးခဲ့သည့် လွှတ်တော်ကော်မတီ၏ အစီရင်ခံစာအရ MICA လုပ်ငန်းများသည် ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်နှင့် ကွဲလွဲနေကြောင်း၊ သမ္မတရုံး၏ ဖျက်သိမ်းရန် သဘောတူညီချက်တွင် အချိန်အကန့်အသတ် မပါဝင်ခြင်း၊ MICA နှင့် အစိုးရ ဌာနများမှာ ရောထွေးနေခြင်းနှင့် MICA ဖွဲ့စည်းသူများကို ဖျက်သိမ်းရာတွင်လည်း တာဝန်ပေးထားခြင်းတို့ကို ထောက်ပြထားသည်။ လုပ်ပိုင်ခွင့်ရှိသည့် လူပုဂ္ဂိုလ်တဦးက ကိုယ့်အကျိုးစီးပွား အလို့ငှာ မရိုးသားဘဲ ကျင့်ဝတ်နဲ့ မညီသည့် လုပ်ရပ်မျိုးကို ဆောင်ရွက်ပါက Corruption ဟု အဓိပ္ပါယ် ဖွင့်ကြောင်း၊ Political Corruption ဆိုသည်မှာ အစိုးရ အရာရှိများက ဥပဒေနှင့် မညီဘဲ ကိုယ့် အကျိုးအမြတ်အတွက် အာဏာကို အလွဲ အသုံးပြုခြင်းဟု အဓိပ္ပါယ်ဖွင့်ရာ MICA အဖွဲ့၏ လုပ်ဆောင်ချက်များသည် ယခု သဘောတရားနှင့် အတူတူပဲ ဖြစ်နေကြောင်း မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ မှ ဦးမျိုးဝင်းက ပြောသည်။ “ဒီလို အဂတိလိုက်စားမှုကို မြိန်ရေယှက်ရေ စားသုံးလာတာ ရာစုနှစ်ဝက် ကျော်လာခဲ့ပါပြီ။ MICA လိုပဲ နိုင်ငံပိုင်လုပ်ငန်းများကို လူတစုက ကိုယ်ကျိုးစီးပွားအတွက် လွှဲပြောင်းရယူခဲ့တဲ့ ဖြစ်ရပ်တွေ၊ နိုင်ငံဘဏ္ဍာ ပစ္စည်း အလွဲသုံးမှုတွေ၊ လုပ်ငန်းရှင်က အာဏာပိုင်ကို Corruption အစား ကန်တော့တာလို့ ခွင့်ပြုပြီး လာဘ်ပေးနေတာတွေတို့၊ ပြည်သူတွေ ဘယ်လောက်ပဲ အော်အော်၊ တိုင်သူတွေ ဘယ်လောက်ပဲ ရှိရှိ၊ တည်ဆဲ ဥပဒေပါ ပြစ်ဒဏ်တွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် လုပ်ခဲ့သူတွေကတော့ ပန်းပန်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်”ဟု ဦးမျိုးဝင်းက ပြောသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုကို လူမုန်းခံ၍ တိုင်ကြားရပြီး အခန့်မသင့်ပါက တိုင်ကြားသူများ တရားခံ ပြန်ဖြစ်နိုင်ကြောင်း၊ အချက်အလက် ခိုင်လုံတိကျစွာဖြင့် ဖော်ထုတ်နိုင်သည့် ၂၀၁၅-၁၆ စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါသည့် နိုင်ငံပိုင် ဘဏ္ဍာကို အလွဲသုံးစားမှု ကျူးလွန်သည့်ဖြစ်ရပ်ကိုပင် ယူထားသမျှ ပြန်ပေးလျှင် ပြီးပြီဆိုသည့် သဘောထားကြောင့် အနာဂတ်တွင် MICA ကဲ့သို့ အဖြစ်အပျက်များ တန်းစီး ဖြစ်နေဦးမည်ဟု ၎င်းက ထောက်ပြသည်။ MICA ကို စနစ်တကျ ဖျက်သိမ်းသွားနိုင်ပြီးနောက် မွေးမြူရေးနှင့် ရေလုပ်ငန်း ပြန်ဖွံ့ဖြိုးလာရန် လိုအပ် ကြောင်း ယင်းအဆိုကို တင်သွင်းခဲ့သူ ဒေါက်တာ အားကာမိုးက လွှတ်တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။ MICA လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ စာချုပ်များ၏ အားနည်းချက်မှာ စကားလုံး တိကျမှု မရှိဘဲ Agreement များကို ဖောက်ဖျက်ခြင်း၊ အကျိုးအမြတ် ခွဲဝေမှု ရှုပ်ထွေးခြင်း၊ နှုတ်ဖြင့် သဘောတူခြင်းနှင့် အစိုးရသစ် တာဝန်ယူသည့် ကာလတွင် ဝန်ကြီးနှင့် ဒုဝန်ကြီးများကို အသိပေး တင်ပြခြင်းများ မရှိခဲ့ကြောင်း တွေ့ရ သည်ဟု ဧရာဝတီတိုင်း မဲဆန္ဒနယ် အမှတ် ၇ မှ ဒေါက်တာ ပြည့်ဖြိုးက လွှတ်တော်တွင် ပြောသည်။ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ ကြားဖြတ် အစီရင်ခံစာအရ MICA နှင့် ပတ်သက်သည့် လုပ်ငန်းများသည် ရှုပ်ထွေးမှု ရှိနေ၍ ဌာနတွင်းလုပ်ဆောင်ခဲ့သည့် လုပ်ငန်းများသည် အဂတိလိုက်စားမှု ရှိ၊ မရှိ စိစစ်ရန် လိုအပ်ပြီး ပေါ်ပေါက်ပါကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်ပါ အရေးယူဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။ ၎င်းတို့ ကော်မတီ၏ အစီရင်ခံစာသည် လွှတ်တော်မှတဆင့် အစိုးရ တာဝန်ရှိသူများထံ ရောက်ရှိသွားပြီ ဖြစ်၍ MICA ကိစ္စကို ကိုင်တွယ်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြဿနာ အတိမ်အနက်ပေါ် မူတည်၍ ကိုင်တွယ်ရမည့် ကိစ္စဖြစ်ကြောင်း၊ ကော်မတီ အနေဖြင့် မည်သို့ လုပ်သင့်သည်ဟု ဆုံးဖြတ်ချက် မပေးသင့်ကြောင်း ယင်းကော်မတီ၏ ဥက္ကဌ ဦးသိမ်းဆွေက မီဒီယာများသို့ ပြောသည်။ “ကျနော်တို့က ကော်မတီဖြစ်လို့ သုံးသပ်အကြံပြုချက်တွေကိုပဲ ပေးလို့ရပါတယ်။ ပြန်လည် စိစစ်သုံးသပ်ဖို့ လို့ ရေးထားပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေကို အစိုးရသစ်ကာလမှာ တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့က ကိုင်တွယ်ပါလိမ့်မယ်။ ဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်ပြီးတော့မှ အခြေအနေတွေ အပေါ်မှာ သုံးသပ် အကြံပြုတာက မှန်ကန်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။ အစီရင်ခံစာ လုပ်ငန်း ၁၁ ခုကို လေ့လာကြည့်ပါက အနှစ် ၃၀၊ ၄၀၊ ၅၀ သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့သည့် ရက်များသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီး အစိုးရ အပြောင်းအလဲဖြစ်ရန် သေချာနေပြီဆိုသည့် အချိန်တွင် အလျင်စလို ချုပ်ဆိုထား သည်ကို တွေ့ရကြောင်း၊ နိုင်ငံတော် သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ကဏ္ဍထက် နိုင်ငံပိုင် မြေပေါ်တွင် လက်ကားဈေး၊ Shopping Center၊ လူနေတိုက်ခန်းများ၊ ကွန်ကရက် ဖျော်စက်များ ဆောက်လုပ်ခြင်း၊ မြေနေ ရာငှားစား၊ ရောင်းစားခြင်းများ လုပ်ဆောင်ခြင်းများသာ တွေ့ရကြောင်း အမတ်များက ဆွေးနွေးခဲ့ကြသည်။ ဆက်စပ်ဖတ်ရှုရန်- MICA ဖျက်သိမ်းမည့်အဆို အမျိုးသားလွှတ်တော် အတည်ပြု The post MICA အေဂျင်စီနှင့် ပတ်သက်သူများကို အရေးယူရန် အမတ်များ တောင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2jg9h6F
via IFTTT
No comments:
Post a Comment