Monday, November 20, 2017


အသက် ၃၀ ကျော်ရင် အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ မော်ဒယ်လ် ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ ရယ်လိုက်ရင် သွားထက်ပေါ်အောင် ပြုံးတတ်တဲ့ အပြုံးချိုချိုနဲ့ အသက် ၂၁ နှစ်အရွယ်၊ မော်ဒယ်လ် ပိုင်တံခွန်က Facebook မိန်းကလေး ပရိသတ်တွေကြားမှာ အထူးရေပန်းစားပါတယ်။ မော်ဒယ်လ် ပိုင်တံခွန်က Facebook မှာ Follower ၆ သိန်း ၃ သောင်းကျော်ရှိတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။ အနုပညာသက်တမ်း ၄ နှစ်ရှိပြီဖြစ်တဲ့ ပိုင်တံခွန်ဟာ မကြာသေးခင်က သူ့ရဲ့ ၂၁ နှစ်ပြည့် မွေးနေ့မှာ “ချစ်သူ” ဆိုတဲ့ Mini Album တကိုယ်တော် တေးစီးရီးခွေ ထွက်ရှိထားပြီး လက်ရှိမှာလည်း ကြော်ငြာများ၊ မော်ဒယ်ရှိုးများနဲ့ သီချင်း Music Video များမှာ သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင် မော်ဒယ်လ် ပိုင်တံခွန်ကို လတ်တလော သူ့အနုပညာလှုပ်ရှားမှုတွေ၊ သူ့ရဲ့အချစ်ရေး၊ ရှေ့လျောက် လုပ်သွားမယ့် သူ့အနုပညာလှုပ်ရှားမှုတွေအကြောင်းစတဲ့ အကြောင်းအရာတွေကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် သီဟတိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ။ လတ်တလော အနုပညာလှုပ်ရှားမှု ဘာတွေလုပ်နေလဲ ပြောပြပေးပါ။ ဖြေ။ ။ အနုပညာလှုပ်ရှားမှုကတော့ ထွေထွေထူးထူး မရှိပါဘူး။ ကျနော် ကြော်ငြာတွေ ရိုက်နေပါတယ်။ အဓိကကတော့ ကြော်ငြာရိုက်၊ ရှိုးလျှောက်၊ ပွဲတက် ပြီးတော့ Music Video ရိုက် ဒါပါပဲ ခင်ဗျ။ မေး။ ။ ဇာတ်ကားတွေ ရိုက်ဖို့ရော ကမ်းလှမ်းထားတာရှိလား။ ဖြေ။ ။ ဇာတ်ကားတွေကတော့ ခဏခဏတော့ ကမ်းလှမ်းပါတယ်။ ကမ်းလှမ်းတယ် ဆိုပေမယ့်လည်း မရိုက်ဘူးဆိုတဲ့ အပိုင်းကလည်း တခြားမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ရွေးချယ်ရတဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အသစ်တယောက် ဖြစ်တဲ့အတွက် ကျနော့်မှာ ရွေးချယ်ပိုင်ခွင့် အများကြီး မရှိဘူး။ ဒါပေမယ့် ရိုက်မယ့်ရိုက်တော့လည်း ပရိသတ်ကို ကောင်းကောင်းလေး အနုပညာ အရည်အသွေး ချပြနိုင်တဲ့အချိန်၊ ပြီးရင် ကောင်းကောင်းလေး ကိုယ့်ဘက်က လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် ရှိတဲ့ အရာလေးကိုပဲ ကျနော် ရွေးချင်တယ်။ ဒါကြောင့်လည်း ကျနော် ကြော်ငြာလေးတွေပဲ မင်းသားအနေနဲ့ သရုပ်ဆောင်တယ်။ ကျနော် ကြော်ငြာပဲ ရိုက်ဖြစ်နေတယ်ဗျ။ မေး။ ။ တကယ်လို့ ဇာတ်ကား ရိုက်ရမယ်ဆိုရင်ရော ဘယ်လို ကာရိုက်တာမျိုး သရုပ်ဆောင်ချင်လဲ။ ဖြေ။ ။ ကျနော် ဒရာမာကို ကြိုက်တယ်။ ပြီးတော့ ဖိုက်တင်၊ ဒရာမာနဲ့ ဖိုက်တင်တော့ ကျနော် ရိုက်ချင်တယ်။ ဟာသကျတော့ ကျနော့်အတွက် နည်းနည်း အခက်အခဲဖြစ်တယ်။ အခုလိုမျိုး ကျနော် ပြောတဲ့စကားကို နားလည်အောင်တောင် ကျနော် အများကြီး စာတွေကျက်ပြီး ကြိုးစားထားရတာ။ ဒီတော့ ဟာသ ဇာတ်ရုပ်ကျတော့ ကျနော် ဘယ်လိုပြောပြရမလဲ “ဟာသဇာတ်ရုပ် တခုလုပ်မယ်ဆိုရင် ကျနော်တို့က စကားတလုံးကို နင်းပြီးတော့ ဟာသဇာတ်ရုပ်ကို ဖောက်နိုင်မှ ဟာသမြောက်မှာ” ဒီတော့ အဲဒီလို မလုပ်နိုင်ရင် အရူးကြီးလို ကျနော်ဖြစ်နေမှာ။ ဒီတော့ ကျနော့်မှာ အားနည်းချက်ရှိတယ်။ ဒရာမာကျတော့ ခက်လည်း ခက်တယ်။ ဒါပေမယ့်လည်း ကျနော့်အတွက်တော့ ဟာသထက် ပိုပြီး လွယ်ကူတယ်လို့ ထင်တယ်ခင်ဗျ။ မေး။ ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို လေ့လာလဲ။ ဖြေ။ ။ ဘယ်လိုလေ့လာလဲဆိုတော့ အများကြီး ထွေထွေထူးထူး လေ့လာတာတော့ မရှိပါဘူး။ အဓိက ကတော့ နိုင်ငံခြားကားတွေ ကြည့်ဖြစ်တယ်။ ပြီးတော့ ကိုယ်က မြန်မာတယောက် ဖြစ်တဲ့အတွက် မြန်မာကားလေးတွေလည်း ကြည့်ဖြစ်တယ်။ ပြီးတော့ လက်တွေ့ဘဝမှာလည်း တကယ် သရုပ်ဆောင်တဲ့အတိုင်းပဲ နေထိုင်တယ်။ မေး။ ။ ရှေ့လျောက်ရော ကြော်ငြာရိုက်တာအပြင် တခြား အနုပညာလှုပ်ရှားမှု ဘာတွေလုပ်သွားဖို့ရှိလဲ။ ဖြေ။ ။ ဒီနှစ်ထဲမှာတော့ အဓိကကတော့ ကြော်ငြာပါပဲ။ ကြော်ငြာတွေ၊ Bill Board တွေ ရိုက်သွားမယ်။ ကျနော် ခရီးတွေ အများကြီး ထွက်ရမယ်။ ပြည်တွင်း ခရီးတွေရှိသလို၊ ပြည်ပခရီးတွေလည်း ရှိတယ်။ ပြည်ပကတော့ အဓိကက ဘန်ကောက်မြို့၊ ပြီးရင် တရုတ်ပြည် ရှန်ဟိုင်း ခရီးစဉ်ရှိတယ်။ ဒီလအတွင်း ရှန်ဟိုင်းမြို့မှာရှိတဲ့ Vitoria Secret ပွဲကို သွားတက်ရမယ်။ ပြီးတော့ OPPO နဲ့ ပတ်သက်ပြီးတော့ ရိုက်ကူးရေးတွေ ရှိပါတယ်။ မေး။ ။ ပိုင်တံခွန်ဆိုရင် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားတယ်၊ မိန်းကလေး ပရိသတ်များတယ်။ အဲဒီအပေါ်မှာ စိတ်ခံစားချက် ပြောပြပေးပါဦး။။ ဖြေ။ ။ ဒီလိုပဲ မဟုတ်ပါဘူး။ အဓိကကတော့ အနုပညာရှင်တယောက်ဖြစ်တဲ့အတွက် အားပေးတဲ့ ပရိသတ်တော့ ရှိကောင်းရှိပါတယ်။ ဒါပေမယ့် အဲဒီလိုကြီး အရမ်းများတာတို့ နည်းတာတို့တော့ အဲဒီလိုရယ်တော့ မရှိပါဘူး။ ဘယ်လို ပြောရမလဲ ကျနော်က ယောက်ျားလေး ဖြစ်တဲ့အတွက် မိန်းကလေး ပရိသတ် များသွားတာပေါ့နော်။ ကျနော်ဆိုလည်း ဒီလိုပါပဲ။ ယောက်ျားလေးဖြစ်တဲ့အတွက် မိန်းကလေး အနုပညာရှင်ရဲ့ ပရိသတ်ပဲ ဖြစ်မှာပဲလေ။ ဒါကြောင့် မိန်းကလေး ပရိသတ်ရှိတယ်ဆိုတာ မဆန်းပါဘူး။ မေး။ ။ ပိုင်တံခွန်ရဲ့ စိတ်ကူးထဲက ချစ်သူရည်းစား ကောင်မလေးက ဘယ်လိုပုံစံမျိုးဖြစ်မလဲ၊ ဘယ်လို ပုံစံမျိုးကို ချစ်သူဖြစ်ချင်လဲ။ ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုချိန်မှာတော့ ကျနော် တယောက်တည်းပဲ။ တကယ်လည်း တယောက်တည်းပဲဗျ။ အရှေ့မှာတော့ ကျနော် ချစ်သူမိန်းကလေးတွေ ထားခဲ့ဖူးပါတယ်။ အဲဒီမှာ ဘယ်လိုဖြစ်လဲဆိုတော့ ရှေ့ဆက်ပြီးတော့ ကိုယ်က အလုပ်ခွင်ရောက်လာတဲ့အချိန်မှာ ဒီ အရာနဲ့ ပတ်သက်ပြီးတော့ အများကြီး အချိန်လည်း မပေးနိုင်တော့ဘူး။ အများကြီးလည်း စိတ်ရှုပ်မခံနိုင်တော့ဘူး။ ဒီတော့ သမီးရည်းစားဖြစ်တဲ့အတွက် ရန်ဖြစ်တဲ့ အပိုင်းတွေလည်း ရှိတယ်။ တယောက်နဲ့ တယောက်မှာ နားလည်မှုလွဲတဲ့ အပိုင်းတွေလည်းရှိတယ်။ ပြဿနာတွေ ဖြစ်လာတဲ့အချိန်မှာ ဘောင်အတွင်းကပဲ ပြောတတ်တဲ့ မိန်းကလေးတွေပဲ ကျနော် သမီးရည်းစားအဖြစ်နဲ့ လက်ခံချင်တယ်ပေါ့နော်။ ပြဿနာတွေဖြစ်ရင် မဆိုင်တဲ့ဟာတွေ ဆွဲထည့်၊ ဘောင်အပြင်ကနေ ပြောတဲ့ဟာတွေကျတော့ သာမန်အခြေအနေမှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် စိတ်ညစ်နေတဲ့အချိန်မှာ ပြဿနာအကြီးကြီး ဖြစ်သွားနိုင်တယ်။ ဒီတော့ Relationship တခုဆိုတာ တည်မြဲမှာ မဟုတ်ဘူး။ အဓိကကတော့ စိတ်တူကိုယ်တူနဲ့ နှစ်ယောက်သား သစ္စာရှိပြီး ချစ်နိုင်တဲ့သူမျိုး တွေ့ရင်တော့ ကျနော် ထားဖြစ်မှာပါ။ လက်ရှိကတော့ တယောက်တည်းပါပဲ။ မေး။ ။ ဘယ်အရွယ်လောက်မှာ အိမ်ထောင်ပြုဖို့ စိတ်ကူးထားလဲ။ ဖြေ။ ။ ပြုမှာ။ ကျနော်က ကလေးချစ်တတ်တော့ မိန်းမတော့ ယူကိုယူမှာ။ လတ်တလောကတော့ ကျနော် မတွေးသေးပါဘူး။ ပျမ်းမျှ ဖြစ်ချင်လည်း ၃၀ ကျော်၊ ၄၀ ပေါ့။ အဲဒီလောက် အရွယ်ပဲ။ ဘာလို့လဲ ဆိုတော့ ယောက်ျားလေးလေ။ ယောက်ျားလေးဆိုတော့ မိန်းမယူပြီဆိုလည်း ကျနော်တို့က အိမ်ထောင်ဦးစီး ဖြစ်ပြီ။ အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် ကျနော်တို့ပဲ လုပ်ကျွေးရမှာ။ ၃၀ ကျော်၊ ၄၀ အချိန်ဆိုလည်း ကိုယ်က အခုချိန်ကတည်းက စီးပွားရေးရှာထားပြီ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စီးပွားရေးဆိုလည်း ကိုယ့်မှာရှိကောင်းရှိနိုင်ပြီ အဲဒီအချိန်လောက်ကျရင်။ ကိုယ်ကိုယ်တိုင်လည်း ကိစ္စတိုင်းကို ဆုံးဖြတ်နိုင်တဲ့စိတ် ရှိကောင်းရှိနိုင်ပြီ။ ဒီ အရွယ်ကတော့ ယောကျာ်းလေး တယောက် အနေနဲ့ ပိုပြီး သင့်တော်မယ်လို့ ထင်တယ်။ မေး။ ။ ဟိုတလောက ပိုင်တံခွန်ရဲ့ မွေးနေ့မှာ မိဘကို Truck Car လက်ဆောင် ဝယ်ပေးတာတွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ ဖြေ။ ။ အဖေ၊ အမေကတော့ ပုံမှန်ပါပဲ။ ကျနော် လုပ်ပေးနိုင်သလောက် အကုန် လုပ်ပေးတာပါ။ အဓိကက အရင်တုန်းကလည်း ကျနော် ကိုယ်တိုင် ဆယ်ကျော်သက် အရွယ်တုန်းကလည်း ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ မိဘဆီက လက်ဖြန့်တောင်းမယ်။ ဒါက ကျနော့်ရဲ့အလုပ်ပဲ။ အခုကကျတော့ ကိုယ်ကိုယ်တိုင်လည်း ငွေရှာနိုင်တဲ့ အရွယ်၊ ပြီးတော့ ၂၁ နှစ်ဆိုတဲ့ အရွယ်က မိဘဆီက လက်ဖြန့်တောင်းလို့ ကောင်းတဲ့အရွယ်လည်း မဟုတ်တော့ဘူး။ ပြန်ပြီး မိဘကို ထောက်ပံ့သင့်တဲ့ အရွယ်ပေါ့နော်။ ဒါကြောင့်မို့လည်း ကျနော် ငွေရှာတယ်၊ စုတယ်။ မိဘတွေ လိုအပ်တာ ကျနော် ဖြည့်ဆည်းပေးတယ်။ အဲဒါကြောင့်လည်း ကားတို့၊ အိမ်တို့ ကျနော် လုပ်ပေးဖြစ်တာပါ။ မေး။ ။ မိဘကိုရော ဘာတွေ ဝယ်ပေးထားတာလဲ။ ဖြေ။ ။ အထွေအထူး မရှိဘူး။ လက်ဝတ်ရတနာတွေရယ်၊ ကား ၂ စင်းရယ်ပါ။ ဒီလောက်ပါပဲ။ မေး။ ။ ပိုင်တံခွန်ကို အားပေးနေတဲ့ ပရိသတ်ကြီးကိုရော ဘာများ ပြောချင်ပါသေးလဲ။ ဖြေ။ ။ ရှေ့ဆက်ပြီးတော့ အနုပညာလှုပ်ရှားမှုတွေ ကြိုးစားသွားပါမယ်။ ကျနော့်ကိုလည်း အမြင်မတော်တာရှိရင်လည်း ဝေဖန်နိုင်ပါတယ်။ အကြံပေးနိုင်ပါတယ်။ အမှားအယွင်းရှိရင်လည်း သည်းခံပေးကြပါလို့။ ။ The post အသက် ၃၀ ကျော်ရင် အိမ်ထောင်ပြုဖို့ စဉ်းစားမယ်ဆိုတဲ့ မော်ဒယ်လ် ပိုင်တံခွန်နဲ့ တွေ့ဆုံခြင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2hNdQJc
via IFTTT

No comments:

Post a Comment