ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ ကဗျာဆရာမ ပန်ဒိုရာကို ၁၉၇၄ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဘွဲ့ရပြီးနောက် အလုပ်လုပ်ကိုင်နေရင်း အသက် ၃၀ ကျော်တွင် ပရော်ဖက်ရှင်နယ် ကဗျာဆရာဖြစ်လာကာ ယခုအခါ ဒုတိယမြောက် မြန်မာအမျိုးသမီး ကဗျာပေါင်းချုပ်ကို တည်းဖြတ်လျှက် ရှိသည်။ မေး။ ။ခင်ဗျား ဘယ်တုန်းက ကဗျာစရေးခဲ့သလဲ။ ဖြေ။ ။ ကျမမိဘတွေက စာအုပ်အငှားဆိုင်ဖွင့်တယ်။ ကလေးဘဝကတည်းက ဆိုင်ကစာအုပ် တွေ ဖတ်ခွင့်ရတယ်။ မိဘတွေကလည်း စာဖတ်တာ၊ ကဗျာရွတ်တာ၊ စာရေးတာကို အားပေးတယ်။ ၆တန်းကျောင်းသူအရွယ် အသက် ၁၁နှစ် သမီးကတည်းက ကာရန်ပါတဲ့ ကဗျာတွေ စရေးခဲ့တယ်။ ကျောင်းကဗျာပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ ဆုလည်းရဖူး တယ်။ တက္ကသိုလ်တက်တော့ အဖေက တခြားဘာမှမခိုင်းဘူး။ တက္ကသိုလ်ရောက်ရင် ကဗျာတွေရေးပြီး မဂ္ဂဇင်းတွေပို့ပါလို့ တိုက်တွန်းတယ်။ ကျမကဗျာတွေရေးတယ်။ မဂ္ဂဇင်းတွေကိုပို့တယ်။ ဒါပေမယ့် ကျောင်းမဂ္ဂဇင်းတွေကိုပဲပို့တာပါ။ ပရော်ဖက်ရှင်နယ် ကဗျာဆရာ ဖြစ်ဖို့မကြိုးစားခဲ့ဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူး။ မိသားစု၊ အလုပ်နဲ့ ပညာရေးကိုပဲ လက်တွေ့ဆန်ဆန် ဦးစားပေးခဲ့တယ်။ အသက်၃၀ စွန်းစွန်းလောက်မှာ ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ကဗျာဆရာဖြစ်ချင်စိတ်ကို စတင် အကောင်အထည်ဖော်ခဲ့တယ်။ အိပ်မက်ကို အကောင်အထည်ဖော်တယ်ဆိုတာ ဘယ်တော့မှနောက်ကျရိုးမရှိပါဘူး။ ကျမဘဝလမ်းကြောင်းကို ကျမပျော်ရွှင်တယ်။ မေး။ ။လွတ်လပ်မှု မရှိတဲ့ လူမှုပတ်ဝန်းကျင်မှာနေရခြင်းက ခင်ဗျားရဲ့ အရေးအသားတွေကို ဘယ်လို အကျိုး သက်ရောက်စေသလဲ။ ဖြေ။ ။ စစ်အာဏာရှင် လက်အောက်မှာ တုန်းကတော့ တခြား ကဗျာဆရာတွေလိုပဲ ကျမ လည်း နိမိတ်ပုံတွေ ဥပမာတွေ သုံးပြီး ရေးခဲ့ရတာပေါ့။ ကန့်သတ်မှုတွေကို ဘယ်လို ကျော်ဖြတ်ရမလဲ ဆိုတာကိုပဲ အမြဲစဉ်းစားနေခဲ့တာ။ ၂၀၀၇ ကနေ ၂၀၁၀အထိ ကျမရဲ့ကဗျာတွေကို ပြည်တွင်းက ပုံနှိပ် မီဒီယာတွေဆီမပို့ခဲ့ဘူး။ ပို့လည်း စာပေစိစစ်ရေးရှိတော့ ကျမရေးချင်တာတွေကို ဖော်ပြခွင့် ရချင်မှ ရမှာပါ။ လွတ်လပ်မှု မရှိတဲ့ လူမှုပတ်ဝန်းကျင်က လူတွေကိုတော့ ကန့်သတ်ချုပ်ချယ်လို့ရချင်ရမယ်။ တီထွင် ဖန်တီးနိုင်စွမ်းကိုတော့ ချုပ်ချယ်လို့မရဘူး။ စစ်အစိုးရက ကဗျာဆရာတွေ အနုပညာရှင်တွေကို ထောင်ချလိုက်ရုံနဲ့ သူတို့ရဲ့ တီထွင်ဖန်တီး နိုင် စွမ်းကို ရပ်တန့်လို့ ရမယ်ထင်နေတာ။ တကယ်တော့ ဘယ်ရမလဲ။ ဆန့်ကျင်ဘက်အနေနဲ့ လွတ်လပ်မှုမရှိတဲ့ လူမှုပတ်ဝန်း ကျင်က တချို့အနုပညာတွေ အတွက် ကောင်းတောင်ကောင်းနေသေးတယ်။ အနုပညာရှင်တွေက သူတို့ပြောချင်တာ ပြောခွင့်ရဖို့ နည်းလမ်းတွေ တီထွင်ကြံဆနေရတယ်လေ။ အဲ့ဒီလိုပြောလို့ စာပေစိစစ်ရေး ခေတ်ကို ပြန်သွားချင်တာမဟုတ်ဘူးနော်။ တကယ်တော့ လွတ်လပ်မှု ရှိတဲ့ လူမှုပတ်ဝန်းကျင်က တီထွင်ဖန်းတီးမှုအတွက် ပိုကောင်းတဲ့နေရာပေးနိုင်တာပေါ့။ မေး။ ။အခုရော နိုင်ငံရေးက ခင်ဗျားရဲ့ ကဗျာရေးသားမှုအပေါ် ဘယ်လိုအကျိုးသက်ရောက်လဲ။ ဖြေ။ ။ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပြီးနောက်မှာ ကျမကဗျာတွေက နိုင်ငံရေးပါဝင်မှု နည်းသွားတယ်။ ကျမရဲ့ အဇ္ဈတ္တကို မြင်အောင်ကြည့်ဖို့ ကြိုးစားတယ်။ ကျမရဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ လည်း အပြောင်းအလဲဖြစ်တာကြောင့် လည်းဖြစ်နိုင်တယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်က နိုင်ငံရေးမှာတင် မဟုတ်ဘဲ တခြားနေရာတွေ မှာပါ သိသိသာသာကို ပိုပြီးတော့ပွင့်လင်းလာတယ်။ အခုဆို ကဗျာတွေမှာ လိင်ကိစ္စ နဲ့ပတ်သက်တာမျိုး၊ ဘာသာရေးနဲ့ ပတ်သက်တာမျိုး အငြင်ပွားဖွယ်ရာ ထိရှလွယ်တဲ့ အကြောင်းအရာ တွေကို တွေ့လာရတယ်။ အတော်လေးလည်း ဝေဖန်ခံရ တယ်။ အင်တာနက် လွတ်လပ်ခွင့်နဲ့ အတူ အမုန်းစကားဖြန့်ဖြူးတာတွေ အင်တာနက်အနိုင်ကျင့်မှု (cyber bullying) တွေလည်း တွေ့လာရတယ်။ တစ်စုံတစ်ယောက်ရဲ့လွတ်လပ်ခွင့်ကြောင့် တခြား တယောက် ယောက်ကို အနှုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေမယ်ဆိုရင် အဲဒီ့ လွတ်လပ်ခြင်းရဲ့ မကောင်းတဲ့အကျိုးဆက်ပဲလို့ သိမြင်ဖို့၊ တာဝန်ခံမှုရှိတဲ့ လွတ်လပ်ခြင်းဖြစ်ဖို့ ကျမတို့တွေ ကြိုးစား နေရ တုန်းပါ။ ကန့်သတ်မှုတွေနဲ့ ပတ်သက်လို့တော့ အစိုးရရဲ့ မူဝါဒတွေက တည်ငြိမ်မှုရှိရဲ့လားဆိုတာ ကျမမသိဘူး။ ဘလော့ဂါ နေဘုန်းလတ်ရဲ့ စကားနဲ့ပြောရမယ်ဆိုရင် ကျမတို့ အခုလွတ်လပ်နေပါပြီ။ ဒါပေမယ့် ကျမတို့ လုံခြုံရဲ့လားဆိုတာတော့ မသေချာဘူး။ မေး။ ။ မြန်မာကဗျာတွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအကြောင်းလေး ပြောပါဦး။ ဖြေ။ ။ ပုံမှန်အားဖြင့်တော့ အမျိုးသမီးတွေက ကဗျာဖန်တီးသူဆိုတာထက် ကဗျာထဲက အကြောင်းအရာတွေ ဖြစ်နေတတ်တယ်။ နိုင်ငံရေးကိစ္စထားလိုက်အုံး။ နိုင်ငံရဲ့စာပေကဏ္ဍမှာ တောင် အမျိုးသမီးပါဝင်မှု ဒီ့ထက်ပိုအားကောင်း ဖို့လိုပါတယ်။ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေဟာ သဘာဝအကြောင်း၊ အချစ်၊ အလွမ်း၊ အိမ်ထောင်မှုဘဝတွေ မှာတောင် နေရာရမှု လိုအပ်နေသေးတယ်။ ကဗျာပေါင်းချုပ်တွေမှာလည်း အမျိုးသမီးတွေရဲ့ လက်ရာက နည်းနည်းပဲပါတယ်။ မဂ္ဂဇင်းနဲ့ ဂျာနယ် တွေမှာလည်း အတူတူပဲ။ မြန်မာပြည်ရဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေက အမျိုးသမီးတွေရဲ့ ကဗျာရေးသားမှု စွမ်းရည်ကို စိန်ခေါ်မှု ဖြစ်စေတယ်။ ယဉ်ကျေးမှု အရလည်း အမျိုးသမီးတွေကို ဒုတိယလိင်အဖြစ်သတ်မှတ်ထားတော့ အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်း ဆိုင်ရာအကြောင်းအရာတွေ ရေးသားဖို့၊ ပွင့်လင်းတဲ့ စကားလုံးတွေ သုံးဖို့၊ ယောက်ျားတွေ ကြီးစိုးတဲ့ လူမှုစီးပွားရေးနဲ့ နိုင်ငံရေးမှာ ပါဝင်ဖို့ တွန့်ဆုတ်ကြတယ်။ ကျမတို့နိုင်ငံမှာ ခေတ်အဆက်ဆက် ကတည်းက အမျိုးသမီးတွေကို သေစာရှင်စာ တတ်ရုံလောက်သာ အားပေးခဲ့ကြတာ။ ပညာရေးဆိုတာ မိသားစုအတွက် ပိုက်ဆံများများ ပိုရှာနိုင်တဲ့ အိမ်ထောင်ဦးစီး ယောက်ျားတွေအတွက် ထားထားသလိုပဲ။ အဲဒီ့တော့ အဲဒီအချိန်အခါက ပညာရှိဥစ္စာလို့ ခေါ်ရလောက် တဲ့ ကဗျာဆိုတာ မိန်းမတွေအတွက် မေးခွန်းထုတ်စရာဖြစ် နေတယ်။ ကျမတို့လူမှုဝန်းကျင်မှာလည်း အမျိုးသမီးတွေက ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လိုပြုမူသင့်တယ်ဆိုတဲ့ တရားသေဆုပ်ကိုင် ထားတဲ့ အတွေးအမြင်တွေ ရှိနေတုန်းပဲ။ စစ်အစိုးရကလည်း အုပ်ချုပ်ရေးစနစ်မှာ အမျိုးသမီးတွေရဲ့ အသံကို ဖယ်ထုတ် ထားခဲ့တယ်။ဒါပေမယ့် ဒါတွေက အခုပြောင်းလဲလာပါပြီ။ ကဗျာတွေ ရဲရဲရင့်ရင့် ရေးနေကြတဲ့ အမျိုးသမီး ကဗျာဆရာငယ်တွေ ရှိနေပါပြီ။ The post ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ appeared first on ဧရာဝတီ.
Source : http://ift.tt/2z1KBph
via IFTTT
No comments:
Post a Comment